နေပြည်တော် ဒီဇင်ဘာ ၃
ဧရာဝတီတိုင်းဒေသကြီး ဒေသထွက်ကုန်ပစ္စည်းများကို အွန်လိုင်းမှတစ်ဆင့်
ပြည်တွင်း ပြည်ပသို့ တိုက်ရိုက်ရောင်းချပေးနိုင်ရန်အတွက် ဧရာဝတီတိုင်းဒေသကြီး ကုန်သွယ်မှု
မြှင့်တင်ရေးဦးစီးဌာနက စီစဉ်လျက်ရှိကြောင်း သိရသည်။
အွန်လိုင်းမှတစ်ဆင့် ငွေပေးချေမှု e-banking စနစ်ဖြင့် ဝယ်ယူနိုင်ရေးအတွက်
ပထမဦးစွာ ကုန်သွယ်ရေးမြှင့်တင်မှု ဦးစီးဌာနမှ ဧရာဝတီတိုင်း ဒေသကြီး ကွန်ပျူတာ လုပ်ငန်းရှင်အသင်းတို့နှင့်
ပူးပေါင်း၍ ဌာနအတွက် ဝက်ဘ်ဆိုက်လွှင့်တင်နိုင်ရေး စီစဉ်လျက်ရှိပြီး အဆိုပါ ဝက်ဘ်ဆိုက်မှ
တစ်ဆင့် ပြည်တွင်းပြည်ပရှိ ဝယ်လက်များနှင့် တိုက်ရိုက်ထိတွေ့နိုင်စေရန် တိုင်းဒေသကြီးအတွင်း
ထွက်ရှိသည့် ထွက်ကုန်များ၏ ဈေးနှုန်းများ၊ ရောင်းချမှုစနစ်များနှင့် တိုက်ရိုက်ဝယ်ယူမည့်
အခြေအနေများကို လက်ရှိလွှင့်တင်ထားသည့် ဝက်ဘ်ပေါ်တယ်မှတစ်ဆင့် လေ့လာကာ တိုက်ရိုက် ဝယ်ယူနိုင်ရန်
လိုအပ်သည့် အချက်အလက်များ အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း တိုင်းဒေသကြီး ကွန်ပျူတာ
လုပ်ငန်းရှင်အသင်းဥက္ကဋ္ဌ ဦးမောင်မောင်ဦးက ပြောပြသည်။ “ဧရာဝတီ တိုင်းဒေသကြီး အပါအဝင်
တစ်နိုင်ငံလုံးမှာ ရှိတဲ့ ကုန်စည်တွေရဲ့ ဈေးနှုန်းတွေနဲ့ နိုင်ငံတကာ စီးပွားရေး အချက်အလက်တွေကို
ဖော်ပြထားပြီး နိုင်ငံတကာက စီးပွားရေး အဖွဲ့အစည်း တွေနဲ့လည်း ချိတ်ဆက်ဆောင်ရွက်သွားမှာ
ဖြစ်ပါတယ်။ လက်ရှိမှာ ဧရာဝတီ ဝက်ဘ်ပေါ်တယ်ကနေ အချက်အလက်တွေကို မြန်မာဘာသာဖြင့် ဖော်ပြထားပြီး
မကြာမီမှာ နိုင်ငံတကာ စံနှုန်းနဲ့အညီ အချက်အလက်တွေနဲ့ ရောင်းဝယ်မှုတွေ ပြုလုပ်နိုင်ဖို့
အင်္ဂလိပ်-မြန်မာ နှစ်ဘာသာနဲ့ ပြောင်းလဲလွှင့်တင်ပေးဖို့ ရှိပါတယ်”ဟု ဧရာဝတီတိုင်းဒေသကြီး
ကုန်သွယ်မှု မြှင့်တင်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးစိုးအောင်က ရှင်းပြသည်။
ထို့အပြင် မိုဘိုင်းဖုန်းများမှ တစ်ဆင့် ဧရာဝတီတိုင်းဒေသကြီးအတွင်း
ထွက်ရှိသည့် ကုန်စည်များနှင့် ဈေးနှုန်းများ သိရှိလိုခြင်းနှင့် အသုံးချလိုခြင်းများအတွက်
အဆင်ပြေမှု ရရှိစေရန် မိုဘိုင်းဖုန်း application ကိုလည်း စီစဉ်ထားသဖြင့် မကြာမီ ရောင်းရေးဝယ်တာ
ကိစ္စရပ်များကို အွန်လိုင်းမှတစ်ဆင့် ဆောင်ရွက်နိုင်တော့မည် ဖြစ်ရာ www.e-ayeyarwady.com လေ့လာကြည့်ရှုနိုင်ပြီး မိုဘိုင်းလ်ဖုန်းတွင် အသုံးပြုနိုင်ရေးအတွက်လည်း
အခမဲ့ ဒေါင်းလုတ် ပြုလုပ်နိုင်ကြောင်း သိရသည်။
ခင်ရတနာ
No comments:
Post a Comment