ရန်ကုန်
ဒီဇင်ဘာ ၃
၂ဝ၁၂
ခုနှစ်အတွက် အမျိုးသားစာပေ တစ်သက်တာဆု၊ အမျိုးသား စာပေဆုနှင့် စာပေဗိမာန်စာမူဆု
ပေးအပ် ချီးမြှင့်ပွဲကို ယနေ့ နံနက်(၉)နာရီတွင် ရန်ကုန်မြို့ မြို့မကျောင်းလမ်းရှိ
အမျိုးသား ဇာတ်ရုံ၌ ကျင်းပရာ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ
ဦးဉာဏ်ထွန်း တက်ရောက် အမှာစကား ပြောကြားပြီး အမျိုးသားစာပေ တစ်သက်တာဆု ရရှိကြသည့်
စာပေ ပညာရှင်ကြီးများအား ဆုများ ပေးအပ် ချီးမြှင့်သည်။
ဆုချီးမြှင့်ပွဲ
အခမ်းအနားသို့ ပြည်သူ့လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ၊ ပြည်ထောင်စု
ဝန်ကြီးများ၊ ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်
တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ ပြည်သူ့ လွှတ်တော် အားကစား၊ ယဉ်ကျေးမှုနှင့်
ပြည်သူ့ ဆက်ဆံရေး ကော်မတီဝင်များ၊ တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌနှင့်
တိုင်းဒေသကြီး ဝန်ကြီးများ ဌာနဆိုင်ရာ အကြီးအကဲများ၊ မြန်မာနိုင်ငံဆိုင်ရာ
နိုင်ငံခြား သံရုံးများမှ သံတမန်များ၊ မြန်မာနိုင်ငံ စာရေးဆရာအသင်း ဥက္ကဋ္ဌနှင့်
အလုပ် အမှုဆောင်များ၊ ဆုရွေးချယ်ရေး ကော်မတီဝင်များ၊ အမျိုးသားစာပေ တစ်သက်တာဆု၊
အမျိုးသား စာပေဆုနှင့် စာပေဗိမာန်စာမူဆုရ စာပေ ပညာရှင်ကြီးများနှင့် ၎င်းတို့၏
မိသားစုဝင်များ၊ လူမှုရေး အသင်းအဖွဲ့များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ
ဒုတိယသမ္မတ ဦးဉာဏ်ထွန်းက အမှာစကား ပြောကြားရာတွင်- ယနေ့ကျင်းပတဲ့ စာပေ ဆုနှင်းသဘင်
အခမ်းအနားကို ကြွရောက်လာကြတဲ့ ၀န်ကြီးများ၊ အမျိုးသား စာပေ တစ်သက်တာ ဆုရ
စာပေပညာရှင်ကြီးများနှင့် တကွ အမျိုးသား စာပေဆုရ ပုဂ္ဂိုလ်များ၊ စာပေဗိမာန် စာမူဆုရ
ပုဂ္ဂိုလ်များ၊ စာပေ လောက အဖွဲ့အစည်း အသီးသီးမှ စာပေပညာရှင်၊ အသိပညာရှင်၊
အတတ်ပညာရှင်များ၊ မြန်မာ စာပေကို ချစ်မြတ်နိုးကြတဲ့ စာပေ ၀ါသနာရှင်
ပရိတ်သတ်များနဲ့ ဧည့်သည်တော်များ အားလုံး ကိုယ်စိတ် နှစ်ဖြာ ကျန်းမာ
ချမ်းသာကြပါစေ၊ ကောင်းကျိုး လိုရာဆန္ဒ အပေါင်း ပြည့်ဝကြပါစေလို့ ဆုမွန်ကောင်း
တောင်းရင်း နှုတ်ခွန်း ဆက်သအပ်ပါတယ်။
ဒီလဟာ
မြန်မာ့ ယဉ်ကျေးမှု အစဉ်အလာများအရ (၁၂)လ ရာသီမှာ စာပေပညာရှင် စာဆိုတော်ကြီးများကို
ချီးမြှင့် ဂုဏ်ပြုတဲ့ လ ဖြစ်ပါတယ်။ မနှစ်က စတင်ပြီး "စာဆိုတော်နေ့" မှာ
ယခုလို အမျိုးသား စာပေ တစ်သက်တာဆု၊ အမျိုးသား စာပေဆုနဲ့ စာပေဗိမာန် စာမူဆု
ချီးမြှင့်ပွဲ အခမ်းအနားများကို ကျင်းပခြင်းသည် စာပေကျေးဇူး၏ အနှစ်သာရကို ပိုမို
ပြည့်ဝစေပြီး စာပေပညာရှင်ကြီးများ အပေါ် တန်ဖိုးထားမှုကို ပိုမို ပေါ်လွင်စေရန်
ဖြစ်ပါတယ်။
မြန်မာစာပေ
ဖွံ့ဖြိုးတိုးတက်ရေးကို တစ်စိုက်မတ်မတ် ကြိုးပမ်း ဆောင်ရွက်လျက် ရှိတဲ့
စာပေပညာရှင်များကို ချီးကျူး ဂုဏ်ပြုတဲ့ ယခုလို အခမ်းအနားမှာ တက်ရောက် အမှာစကား
ပြောကြားခွင့် ရရှိတဲ့အတွက်လည်း ကျွန်တော် အနေဖြင့် အထူးပဲ ၀မ်းမြောက်
ဂုဏ်ယူမိပါကြောင်း ဦးစွာ ပထမ ပြောကြားလိုပါတယ်။
ကြွရောက်
လာကြတဲ့ စာပေ ပညာရှင်ကြီးများနှင့် ဧည့်သည်တော်များ ခင်ဗျား-
မြန်မာတို့ရဲ့
စာပေ၊ အနုပညာ၊ ယဉ်ကျေးမှု သက်တမ်းဟာ ရှေးနှစ်ပေါင်း ထောင်ချီ ကာလကတည်းက
ဖြစ်ထွန်းလာခဲ့တာ ဖြစ်ပါတယ်။ မြန်မာ့သမိုင်း တစ်လျှောက်မှာ စာပေပညာရှင်များ
အပါအ၀င် နိုင်ငံ့အကျိုး သယ်ပိုး ဆောင်ရွက်ခဲ့ကြသူများရဲ့ ကြိုးပမ်း
အားထုတ်မှုများကြောင့် အမျိုး၊ ဘာသာ၊ သာသနာနဲ့ အမျိုးသား ယဉ်ကျေးမှု အမွေအနှစ်များ
ယနေ့အထိ ခိုင်ခိုင်မာမာ ရပ်တည်နိုင်ခဲ့တာ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် စာပေဟာ
အမျိုးသား ယဉ်ကျေးမှု အနုပညာ အရပ်ရပ်ကို ရှင်သန် ဖွံ့ဖြိုးစေတဲ့ ရေသောက်မြစ်ပဲ
ဖြစ်ပါတယ်။
ဒါ့အပြင်
စာပေဟာ မှန်ကန်သော အတွေးအခေါ်၊ အယူအဆ၊ ဗဟုသုတများ ပေးစွမ်းနိုင်ပါတယ်။ အမျိုးသားရေး
စိတ်ဓါတ်၊ မျိုးချစ်စိတ်ဓါတ်လို့ ခေါ်ဆိုရမယ့် ပြည်ထောင်စု စိတ်ဓါတ်ကိုလည်း ရှင်သန်
တက်ကြွစေနိုင်ပါတယ်။ လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုး တိုးတက်ရေးကိုလည်း
ဖော်ဆောင်ပေးနိုင်တဲ့ အတွက် နိုင်ငံ ဖွံ့ဖြိုး တိုးတက်မှုနဲ့ အမျိုးသား
အကျိုးစီးပွားကို များစွာ အထောက်အကူ ဖြစ်စေကြောင်း တွေ့ရှိရမှာ ဖြစ်ပါတယ်။
ဒါကြောင့်လည်း
စာပေပညာရှင်ကြီးများရဲ့ နိုင်ငံနဲ့ လူမျိုးအတွက် အကျိုးပြု စာပေများ ရေးသား
ထုတ်ဝေမှုတွေ အပေါ် အားပေး ဂုဏ်ပြုတဲ့ အနေနဲ့ ယခုလို အမျိုးသား စာပေ တစ်သက်တာဆု
အပါအ၀င် အမျိုးသား စာပေဆုများနဲ့ စာပေဗိမာန် စာမူဆုများကို နိုင်ငံတော်က နှစ်စဉ်
ချီးမြှင့် ပေးနေခြင်း ဖြစ်ပါတယ်။
ကြွရောက်
လာကြတဲ့ စာပေ ပညာရှင်ကြီးများနှင့် ဧည့်သည်တော်များ ခင်ဗျား-
အမျိုးသား
စာပေဆုများနဲ့ စာပေဗိမာန် စာမူဆုများကို နှစ်စဉ် ရွေးချယ် ချီးမြှင့်လာခဲ့ရာမှာ ဆု
အမျိုးအစား၊ အရေအတွက်နဲ့ ဆု ချီးမြှင့်ငွေတို့ကို ခေတ်ကာလနဲ့ လိုက်လျော ညီထွေမှု
ရှိအောင် တိုးမြှင့် သတ်မှတ်ပြီး ချီးမြှင့်ပေးလျက် ရှိပါတယ်။ မြန်မာ့ စာပေလောက
ဖွံ့ဖြိုး တိုးတက်ရေးအတွက် လုပ်ဆောင်နေကြတဲ့ စာပေ ပညာရှင်များရဲ့ ကြိုးပမ်း
အားထုတ်မှုများကို အသိအမှတ်ပြုသော အားဖြင့်လည်း အမျိုးသား စာပေ တစ်သက်တာဆုကို ၂၀၀၁
ခုနှစ်က စတင်ပြီး ချီးမြှင့်ခဲ့ပါတယ်။ ယခုနှစ်မှာတော့ စာပေပညာရှင်ကြီးများကို
ပိုမို အလေးထား ဂုဏ်ပြုတဲ့ အနေနဲ့ အမျိုးသား စာပေ တစ်သက်တာဆုကို (၃)ဦးအထိ
တိုးမြှင့် ရွေးချယ်နိုင်ခဲ့ပါတယ်။ အလားတူ အမျိုးသား စာပေဆုမှာ ဘာသာရပ် (၁၆)မျိုး၊
စာပေဗိမာန် စာမူဆုမှာ ဘာသာရပ် (၁၃)မျိုးအထိ တိုးမြှင့် သတ်မှတ် ချီးမြှင့်
ပေးနေပြီ ဖြစ်ပါတယ်။
ပြောင်းလဲလာတဲ့
ဒီမိုကရေစီ နိုင်ငံ တစ်ခုရဲ့ အခင်းအကျင်းနဲ့ လိုက်လျော ညီထွေ ဖြစ်စေဖို့ အတွက်လည်း
စာပေဆု ရွေးချယ်ရေး အဖွဲ့တွေမှာ စာပေပညာရှင်၊ အသိပညာရှင်၊ အတတ်ပညာရှင်၊ စာပေ
လောကအတွင်းမှ အတွေ့အကြုံ ရှိတဲ့ စာပေ ထုတ်ဝေ ဖြန့်ချိသူတွေနဲ့ အင်အား
များနိုင်သမျှ များအောင် ပါဝင်စေခဲ့ပြီး ဌာနဆိုင်ရာ ၀န်ထမ်းတွေကို ဆုရွေးချယ်မှုမှာ
မပါဝင်စေဘဲ အုပ်ချုပ်မှုပိုင်းဆိုင်ရာကိုပဲ ဆောင်ရွက်စေခဲ့ပါတယ်။ အမျိုးသား စာပေဆု
စိစစ် ရွေးချယ်ရေး ကော်မတီကို စာပေ ပညာရှင် (၉၅) ဦးနဲ့ လည်းကောင်း၊ စာပေဗိမာန်
ဆုရွေးချယ်ရေး အဖွဲ့ကို စာပေပညာရှင် (၃၆)ဦးဖြင့် လည်းကောင်း ဖွဲ့စည်း ပေးခဲ့ပြီး
ဆု ရသင့် ရထိုက်တဲ့သူ အမှန်တကယ် ရရှိစေရေးအတွက် ပဏာမ ရွေးချယ်မှု အဆင့်၊ ဆန်ခါတင်
ရွေးချယ်မှုအဆင့်၊ အတည်ပြု ရွေးချယ်မှု အဆင့် စသည်ဖြင့် လစ်ဟာမှု၊ ချန်လှပ်မှု၊
ကျန်ခဲ့မှု မရှိရလေအောင် အဆင့်ဆင့် စိစစ် ရွေးချယ် ဆောင်ရွက် ပေးနိုင်ခဲ့ပါတယ်။
ယခု
အခမ်းအနားမှာ ၂၀၁၂ ခုနှစ်အတွင်း ပထမအကြိမ် ထုတ်ဝေခဲ့တဲ့ စာအုပ်ပေါင်း (၂၃၂၉)
အုပ်ထဲက အမျိုးသား စာပေဆုများအတွက် သတ်မှတ်ထားတဲ့ ဘာသာရပ် (၁၆)ခု အနက် (၁၃)ခု၊
အလားတူ စာပေဗိမာန် စာမူဆုမှာလည်း ယှဉ်ပြိင်တဲ့ စာမူပေါင်း (၁၆၅)ခုထဲက စာပေဗိမာန်
စာမူဆု ချီးမြှင့်ဖို့ သတ်မှတ်ထားတဲ့ (၁၃) ခုထဲက (၁၁)ခုမှာ ဆုအဖြစ် ရွေးချယ်ဖို့
သင့်လျော်တဲ့ စာမူပေါင်း (၂၆)ဆုတို့ကို ရွေးချယ်ပေးနိုင်ခဲ့တာ တွေ့ရှိရပါတယ်။
ဒါ့ကြောင့် ဆုရရှိကြတဲ့ စာပေပညာရှင် အားလုံးအတွက် ဂုဏ်ယူ ၀မ်းမြောက်ပါကြောင်းနဲ့
အများ ပြည်သူအကျိုး အတွက် ကလောင်စွမ်းနဲ့ ဆထက်ထမ်းပိုး ဆက်လက်
သယ်ပိုးနိုင်ကြပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါတယ်။
ကြွရောက်
လာကြတဲ့ စာပေ ပညာရှင်ကြီးများနှင့် ဧည့်သည်တော်များ ခင်ဗျား-
ကုန်လွန်ခဲ့တဲ့
(၂၁)ရာစုကို ပြန်ကြည့်မယ် ဆိုရင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ အတွေးအခေါ်၊
သိပ္ပံပညာဆိုင်ရာ စတဲ့ ရှုထောင့် ပေါင်းစုံ၊ ကဏ္ဍ ပေါင်းစုံတွေဟာ အဖက်ဖက်က ပြောင်းလဲ
ဖြစ်ထွန်း လာခဲ့ကြတာ တွေ့ရမှာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း (၂၀)ရာစုကို ပညာခေတ်လို့
အားလုံးက အသိအမှတ် ပြုခဲ့ကြတာ ဖြစ်ပါတယ်။
ဒီနေ့
(၂၁)စုမှာတော့ ကမ္ဘာပေါ်မှာ ရှိတဲ့ နိုင်ငံတိုင်း လိုလိုဟာ အသိပညာရဲ့
အရေးပါမှုတွေကို ကျယ်ကျယ် ပြန့်ပြန့် သိမြင် လာခဲ့ကြပြီးတာ့ မိမိတို့
နိုင်ငံတွေရဲ့ လူ့စွမ်းအား အရင်းအမြစ်တွေ မြင့်မားဖို့ တတ်သိ ပညာရှင်တွေ
မွေးထုတ်ပေးနိုင်ဖို့ အတွက် သူ့ထက်ငါ အပြိုင်အဆိုင် ကြိုးစားနေကြပြီ
ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ပြောရရင် နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုး တိုးတက်ဖို့ အတွက်
လူသားအရင်း (Human Capital) ရဲ့ အရေးပါမှုတွေကို သိရှိ နားလည်ကြပြီး ဉာဏကို
အခြေခံတဲ့ လူမှု အဖွဲ့အစည်းတွေ အားကောင်း မောင်းသန် ဖြစ်ပေါ်လာအောင် ကြိုးပမ်း ဖော်ဆောင်
နေကြပြီ ဖြစ်ပါတယ်။
အလားတူပဲ
ဒီနေ့အချိန်အခါဟာ မိမိတို့ မြန်မာ နိုင်ငံတော်ကြီးကို ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့
ဒီမိုအရေစီ နိုင်ငံတော်အဖြစ် ကြိုးပမ်း တည်ဆောက်နေချိန် ဖြစ်ပါတယ်။ နိုင်ငံတကာနဲ့
တန်းတူ ရည်တူ ပခုံးချင်းယှဉ် ရင်ပေါင်တန်းနိုင်ဖို့ လုပ်ဆောင်နေချိန်မှာ အဓိက
အရေးကြီးတဲ့ လုပ်ငန်းစဉ် တစ်ရပ်ကတော့ တိုင်းရင်းသား မိဘပြည်သူ တစ်ရပ်လုံးရဲ့
အသိပညာ ဖွံ့ဖြိုး တိုးတက်ဖို့၊ သတင်း အချက်အလက်တွေကို တန်းတူညီမျှ စုံစုံလင်လင်
ရရှိစေဖို့၊ ပြည်နယ်နဲ့ ပြည်မ၊ ကျေးလက်နဲ့ မြို့ပြတွေရဲ့ ကြားမှာ အသိပညာ
ကွာဟချက်တွေ ကျဉ်းမြောင်းစေဖို့ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ဒီလို လုပ်ဆောင်ရာမှာ
အခက်အခဲတွေ၊ ကန့်သတ်ချက်တွေ ရှိနေမှာ ဖြစ်ပေမယ့် ကျော်လွှားနိုင်ဖို့
နည်းလမ်းတွေထဲမှာ လူတိုင်း လူတိုင်းဟာ ပေးဝေလိုတဲ့စိတ်ဓာတ်၊ စွန့်လွှတ်လိုတဲ့
စိတ်ဓာတ်နဲ့ အများပြည်သူ အကျိုးစီးပွားကို ဦးစားပေးလိုတဲ့ စိတ်ဓာတ်တွေနဲ့
လုပ်ဆောင်နိုင်ဖို့ လိုအပ်မှာ ဖြစ်ပါတယ်။
ဒီနေရာမှာ
စာပေ ပညာရှင်များရဲ့ အသိပညာ ပေးဝေမှု အခန်းဏ္ဍဟာ လွန်စွာ အရေးပါ အရာရောက် လှပါကြောင်း
ပြောကြားလိုပါတယ်။
ကြွရောက်လာကြတဲ့
စာပေပညာရှင်ကြီးများနဲ့ ဧည့်သည်တော်များ ခင်ဗျား-
နိဂုံးချုပ်အနေနဲ့
ပြောကြား လိုတာကတော့-
ဒီနေ့
အခမ်းအနားဟာ ဘာသာရပ် အသီးသီးကို အထူးပြု လေ့လာ ဆည်းပူးပြီး ကျွန်တော်တို့
နိုင်ငံသားတွေကို သိသင့် သိထိုက်တဲ့ အသိပညာ ဗဟုသုတတွေ ဝေမျှပေးတဲ့ ဖြစ်စဉ်မှာ
တစ်ဖက်တစ်လမ်းက ကူညီ ပံ့ပိုးပေးကြတဲ့ စာပေ ပညာရှင်ကြီးများကို အသိအမှတ်ပြုတဲ့
ပွဲလို့ ခံယူပါကြောင်း၊ ဂုဏ်ယူ ဝမ်းမြောက်စွာ ပြောကြား အပ်ပါတယ်။ တစ်နည်းအားဖြင့်
နိုင်ငံသားတွေရဲ့ အသိပညာကို စာပေပညာရှင်များရဲ့ စွမ်းဆောင် ကြိုးပမ်းမှုများနဲ့
ဆက်လက် ဝေမျှပေးသွားဖို့ လိုအပ်နေသေးတယ် ဆိုတဲ့ စိတ်စေတနာကို နှိုးဆော်ပေးခြင်းလည်း
ဖြစ်ပါတယ်။ အသိပညာဟာ စွမ်းဆောင်ရည် ရှိတဲ့ အဖွဲ့အစည်းများ အတွက် ပိုမိုကြီးထွား
ရှင်သန်စေမှုနဲ့ တန်းတူရည်တူ ရှိစေမှုတို့ကို တည်ဆောက်တဲ့ နေရာမှာ လိုအပ်တဲ့
စွမ်းရည်နဲ့ ရေရှည် တည်တံ့မှုကို ဖြစ်စေမယ့် အကျိုး ရလဒ်တွေကို ရရှိစေနိုင်မှာ ဖြစ်ပါတယ်။
ဒါကြောင့် အသိပညာကို မျှဝေပေးခြင်းဟာ ကျွန်တော်တို့ နိုင်ငံလို ဖွံ့ဖြိုး တိုးတက်ဆဲ
နိုင်ငံတစ်ခုအတွက် နောင်လာ နောက်သားတွေ ဖွံ့ဖြိုးတိုးတက်မှု အသီးအပွင့်တွေကို ရရှိ ခံစားနိုင်စေဖို့
လမ်းခင်းပေးခြင်း ဖြစ်တယ်လို့ ဆိုရမှာပဲ ဖြစ်ပါတယ်။
ဒီနေ့ခေတ်မှာ
ပညာရှာဖွေ ဆည်းပူးပြီး အသစ်တီထွင် ဖန်တီးနိုင်မှုနဲ့ အသုံးချနိုင်မှုတွေဟာ
လူတစ်ဦးချင်းစီမှာဖြစ်စေ၊ လုပ်ငန်းနယ်ပယ် အသီးသီးမှာ ဖြစ်စေ၊ နိုင်ငံအရပ်ရပ်မှာ
ဖြစ်စေ မရှိမဖြစ် လိုအပ်နေပြီဖြစ်ပါတယ်။
ဒီနေရာမှာ
အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက သူ့ရဲ့ ကိုယ်တိုင်ရေး အထ္ထုပ္ပတ္တိမှာ
ဖော်ပြခဲ့တဲ့ "ပညာ၏ သရုပ်" အဓိပ္ပါယ် ဖွင့်ဆိုချက်ကို ကိုးကား
တင်ပြလိုပါတယ်။ ဗိုလ်ချုပ် အောင်ဆန်းက" ပညာသည် လူ၏ဉာဏ်ကိုသာ
ပြုပြင်တိုးချဲ့ရုံသာ မဟုတ် လူ၏ စိတ်နေစိတ်ထား အယူအဆများကိုလည်း တိုးတက်စေရမည်။
လူ၏ ဆန္ဒအား လုပ်အားကို ညွှတ်နူးစေရမည်၊ ရာဇဝင်ကို သိရုံသာမဟုတ်၊ ရာဇ၀င်ကို
ဖန်တီးနိုင်ရမည်၊ လောကဓာတ် ပညာကို သိရုံသာမဟုတ်၊ လောကဓါတ် ပညာကို
တိုးချဲ့နိုင်ရမည်။ ပထ၀ီ ပညာကို သိရုံသာ မဟုတ် မြေသစ် ရေသစ် တောတောင်ကို ရှာဖွေ
စုံစမ်းနိုင်စွမ်း ရှိရမည်။ လောက အကြောင်း နားလည်စေရုံသာ မဟုတ် ဒီ့ထက် ကောင်းသော
လောက ဖန်ဆင်း နိုင်စေရမည်။ ဤကား ပညာ၏ သရုပ် အကျဉ်းတည်း" ဟု ဖွင့်ဆိုခဲ့ပါတယ်။
အသိပညာ
စဉ်ဆက်မပြတ် မျှဝေစေဖို့နဲ့ အတတ်ပညာ ဖန်တီးနိုင်မှုတွေဟာ ဘယ်လောက်တောင်
ကျွန်တော်တို့ နိုင်ငံမှာ လိုအပ်နေပါပြီလဲ။ ယှဉ်ပြိုင်နိုင်စွမ်း ရှိခြင်းဆိုတဲ့
အားသာချက်ဟာ စဉ်ဆက်မပြတ် တီထွင်ကြံဆ ဆန်းသစ်မှုများမှသာ ပေါ်ထွက်လာနိုင်မှာ ဖြစ်ပြီး
နိုင်ငံ တစ်ခုရဲ့ ရေရှည် တည်တံ့ ဖွံ့ဖြိုးမှုကို ဖော်ဆောင် ပေးနိုင်ပါတယ်။
တစ်နည်းအားဖြင့် ပြောရမယ်ဆိုရင် ဆန်းသစ်တဲ့ အသိပညာတွေ၊ အရှိန်အဟုန်နဲ့ ဖွံ့ဖြိုး
တိုးတက်နေတဲ့ နည်းပညာ ပြောင်းလဲမှုတွေကို အသုံးချနိုင်မှသာ ကျွန်တော်တို့ နိုင်ငံရဲ့
လူမှု စီးပွားဘ၀ လိုအပ်ချက်များကို အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်
သွားနိုင်မှာ ဖြစ်တဲ့အတွက် စာပေ ပညာရှင်ကြီးများ အနေနဲ့ ပြည်သူကြားကို ဒီပညာရပ်တွေ
စီးဆင်း ပျံ့နှံ့ ရောက်ရှိသွားစေဖို့ အတွက် စွမ်းအား ရှိသမျှ ကူညီ အားထုတ်
ပေးကြပါရန် မေတ္တာရပ်ခံရင်း နိဂုံးချုပ်အပ်ပါတယ်။
ထို့နောက်
ဒုတိယသမ္မတ ဦးဉာဏ်ထွန်းက အမျိုးသားစာပေ တစ်သက်တာဆုရ ဆရာမကြီး ဒေါ်ခင်ဆွေဦး
(ခင်ဆွေဦး)၊ ဆရာကြီး ဦးအောင်သင်း (အောင်သင်း)နှင့် ဆရာကြီး ဦးတင်မောင်
(သိပ္ပံမှူးတင် )တို့အား ဆုများပေးအပ် ချီးမြှင့်သည်။
ဆက်လက်၍
ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာက အမျိုးသား စာပေဆုတွင် ''မပြောဖြစ်ခဲ့တဲ့
စကား''ဖြင့် ဝတ္ထုရှည်ဆုရ ဆရာထက်နိုင် (တလုပ်မြို့)၊ ''ကောင်းကင် မိုးတိမ်
ဝတ္ထုတိုများ''ဖြင့် ဝတ္ထုတို ပေါင်းချုပ် ဆုရ ဆရာမ ခင်မြဇင်၊ ''မြကန်သာ ကဗျာ
ပေါင်းချုပ် ''ဖြင့် ကဗျာ ပေါင်းချုပ်ဆုရ ဆရာကို (တက္ကသိုလ်)၊''ဖေဖေ
ဗိုလ်လက်ျာ''ဖြင့် စာပဒေသာဆုရ ဆရာမ ဒေါက်တာ ခင်လက်ျာနှင့် ''ချင်းယဉ်ကျေးမှု
ဓလေ့ထုံးတမ်း''ဖြင့် မြန်မာ့ ယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာ စာပေဆုရ ဆရာ
စတီဗဲန်နီကိယို တို့အား ဆုများ ပေးအပ် ချီးမြှင့်သည်။
ယင်းနောက်
ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်က အမျိုးသား စာပေဆုတွင်
''အရုဏ်ဦးမှာ ဖူးတဲ့ပန်း ကလေး ကဗျာများ'' ဖြင့် ကလေးစာပေဆုရ ဆရာမ
ရွှေမြိုင်ပြုံးလဲ့မော်၊ ''မြန်မာပြည်မှ နေ့ရက်များ''ဖြင့် ဘာသာပြန် (သုတ)ဆုရ ဆရာ
မောင်မြင့်ကြွယ်၊ ''ပြစ်မှုနှင့် ပြစ်ဒဏ်''ဖြင့် ဘာသာပြန်(ရသ) စာပေဆုရ
ဆရာတင်မောင်မြင့်နှင့် ''မင်းသုဝဏ်နှင့် ကဗျာ (ကဗျာလေ့လာချက်)''ဖြင့် သုတပဒေသာ
(ဝိဇ္ဇာ)ဆုရ ဆရာမောင်ဟုန်ဝမ် (ကထိက)တို့အား ဆုများ ပေးအပ် ချီးမြှင့်သည်။
ဆက်လက်၍
ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်ကြူက အမျိုးသား စာပေဆုတွင်
''ရေကြည်တစ်ပေါက်'' ဖြင့် သုတပဒေသာ (ရိုးရိုးသိပ္ပံ)ဆုရ ဆရာကျော်ဦး၊
''တိရစ္ဆာန်များမှ လူကို ကူးစက်တတ်သည့် ရောဂါများ''ဖြင့် သုတပဒေသာ (အသုံးချသိပ္ပံ)
ဆုရ ဆရာမ ဒေါက်တာ ခင်စန်းမော်၊ ''မြန်မာ့နိုင်ငံရေး လေ့လာဆန်းစစ် ချက်
(၁၉၄၈-၁၉၈၈)''ဖြင့် နိုင်ငံရေးစာပေဆုရ ဆရာကျော်ဝင်းနှင့် “Revealing Myanmar’s
Past : An Anthology of Archaeological Articles” ဖြင့် အင်္ဂလိပ်ဘာသာ(သုတ) ဆုရ ဆရာ
မြင့်အောင်တို့အား ဆုများ ပေးအပ် ချီးမြှင့်သည်။
ထို့နောက်
ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေက စာပေဗိမာန် စာမူဆုတွင်
''မတို့ရဲ့ ဈေးလေးမှာ''ဖြင့် ဝတ္ထုရှည် ပထမဆုရ ဆရာ စိုးမြင့်မောင် (သာရဝေါ)၊
''မခန်းသောစမ်း မနွမ်းသောပန်း မပြယ်သောရနံ့'' ဖြင့် ဝတ္ထုရှည် ဒုတိယဆုရ
ဆရာမသွဲ့ထားညို (သက္ကလ)၊''ကမ္ဘာကုန် ကျယ်သရွှေ့ ငယ်မှာ ဘယ်မေ့လိမ့်လဲ'' ဖြင့်
ဝတ္ထုရှည် တတိယဆုရ ဆရာသုသိဏ်၊ ''မပြောင်းလဲသော မေတ္တာ တရားနှင့် အခြားဝတ္ထုတိုများ''
ဖြင့် ဝတ္ထုတို ပထမဆုရ ဆရာ မောင်နေခြည်(ပြည်)၊ ''ရေညှာရပ်ဝန်းနှင့်
အခြားဝတ္ထုတိုများ''ဖြင့် ဝတ္ထုတိုဒုတိယဆုရ ဆရာ သောင်းမြင့်ဦး
(ကွမ်းခြံကုန်း)၊''စမ်းရေ ပမာဆရာ့မေတ္တာနှင့် အခြားဝတ္ထုတိုများ''ဖြင့် ဝတ္ထုတို
တတိယဆုရ ဗိုလ်လွင်ဘိုဘိုအောင် နှင့်''မင်္ဂလာစုံစွာ ဂုဏ်မဟာကဗျာများ''ဖြင့်
ကဗျာပေါင်းချုပ် ပထမဆုရ ဆရာ ခင်ဖုန်းကြည် (မိုင်းပွန်)တို့အား ဆုများ
ပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကိုကိုဦးက စာပေဗိမာန်
စာမူဆုတွင် ''လောကကြေးမုံ ဘဝပုံရိပ်ကဗျာများ''ဖြင့် ကဗျာပေါင်းချုပ်
ဒုတိယဆုရ ဆရာ ကောင်းညွှန့်ဝေ (ရေစကြို)၊ ''အမျိုးသားဂုဏ်ရည်
ဒို့မြှင့်မည်နှင့် အခြားကဗျာများ''ဖြင့် ကဗျာပေါင်းချုပ် တတိယဆုရ
ဆရာမြတ်ဘုန်း (တပ်ကုန်း)၊ ''မိတ္ထီလာမြို့နယ် ဖြစ်စဉ် သမိုင်းမှတ်တမ်း (ပုဂံခေတ်မှ
ကိုလိုနီခေတ်)''ဖြင့် သုတပဒေသာ (ဝိဇ္ဇာ) ပထမဆုရ ဆရာ ဦးထွဏ်းလွင် (မိတ္ထီလာ)၊ ဘက်စုံ
အသုံးဝင်သည့် မြန်မာ့ကြိမ်ပင်''ဖြင့် သုတပဒေသာ(ဝိဇ္ဇာ) ဒုတိယဆုရ ဆရာ မောင်နွယ်သန်း၊
''သက်ရှည်ကျန်းမာ ချမ်းသာရေး အတွက် လူတိုင်းနေ့စဉ် စားသုံးရမည့် သီးနှံသုံးမျိုး
(ဖရဲသီး၊ သခွားမွှေးသီး၊ နဂါးမောက်သီး)''ဖြင့် သုတပဒေသာ (သိပ္ပံနှင့် အသုံးချသိပ္ပံ)
ဒုတိယဆုရ အမျိုးသား စာပေဆုရ ဆရာအောင်စိုး (စိုက်ပျိုး-၁ဝ၇)၊ စီးပွားဖြစ်
သစ်တောစိုက်ခင်း တည်ထောင်နည်း''ဖြင့် သုတပဒေသာ(သိပ္ပံနှင့် အသုံးချသိပ္ပံ) တတိယဆုရ
ဆရာ သောင်းညွှန့်သစ်နှင့် ''အမှတ်တရ တစ်သက်တာ ဘဝ''ဖြင့် စာပဒေသာ ပထမဆုရ ဆရာဝန်
မောင်မောင်တို့အား ဆုများ ပေးအပ် ချီးမြှင့်သည်။
ယင်းနောက်
ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးစိန်တင်ဝင်းက စာပေဗိမာန် စာမူဆုတွင်
''ရာမဦးအုန်းမောင်''ဖြင့် စာပဒေသာ ဒုတိယဆုရ ဆရာ မင်းသျှင်အောင် (တွံတေး)၊
''ပဲခူးမြို့ဝန်းကျင် သမိုင်းဝင် နေရာများ'' ဖြင့် စာပဒေသာ တတိယဆုရ ဆရာ
မောင်ယဉ်လှိုင်း (ပျဉ်းမမြိုင်)၊ ''မနောမြေကလာချိဒ် တိုင်းရင်းသား''ဖြင့် မြန်မာ့
ယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာ စာပေ ပထမဆုရ ဆရာမြတ်ဝေတိုး (ပညာရေး တက္ကသိုလ်)၊
''ပလ္လင်တံကဲ''ဖြင့် မြန်မာ့ ယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာ စာပေ ဒုတိယဆုရ
ဆရာလှိုင်ဝင်းဆွေ၊ ''မြန်မာ့ ရိုးရာသဘင် အနုပညာရပ်များ''ဖြင့် မြန်မာ့ ယဉ်ကျေးမှုနှင့်
အနုပညာ ဆိုင်ရာစာပေ တတိယဆုရ ဆရာဦးရဲဒွေး (အမြင့်သဘင်)နှင့် ''ပန်းစုံရွှေပြည်
ကလေးကဗျာများ''ဖြင့် ကလေးစာပေ ပထမဆုရ ဆရာဇော်မျိုးဟန် (ငါးသိုင်းချောင်း)တို့အား
ဆုများ ပေးအပ် ချီးမြှင့်သည်။
ဆက်လက်၍
ပညာရေး ဝန်ကြီးဌာန ခေတ္တ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ မျိုးမြင့်က စာပေဗိမာန်
စာမူဆုတွင် ''ရင်သွေး ရတနာနှင့် ရိုးရာ ပွဲတော်များ''ဖြင့် ကလေးစာပေ ဒုတိယဆုရ ဆရာမ
ရွှေရင်နှစ်၊ ''လေပြည်ချိုသွေး ရနံ့မွှေး ကလေး ကဗျာများ''ဖြင့် ကလေးစာပေ တတိယဆုရ
ဆရာကန့်ဘလူ ခင်မောင်ဆွေ၊ ''ဘဝကျောင်းက ခေါင်းလောင်းသံနှင့် အခြားလူငယ်
ဝတ္ထုတိုများဖြင့် လူငယ် စာပေ ဒုတိယဆုရ ဆရာ ကျွန်းစဉ်မြေ စောခက်၊ ''တီးလိုက်ပါတဲ့
ဗုံကြီးသံ''ဖြင့် ပြဇာတ် စာပေ ဒုတိယဆုရ ဆရာဇင်မင်း (သမိန်ထော်)၊ ''တစ်ဝက်မက
အားလုံး ပြီးမြောက်သည်'' ဖြင့် ပြဇာတ်စာပေ တတိယဆုရ ဆရာ မောင်စိုးထိုက်
(သုံးဆယ်)နှင့် ''အုပ်ချုပ်မှု စနစ်ကို အနက် ဖွင့်ဆိုခြင်း''ဖြင့် ဘာသာပြန်စာပေ
ပထမဆုရ ဆရာ တင်အောင်ချစ်တို့အား ဆုများ ပေးအပ် ချီးမြှင့်သည်။
ထို့နောက်
စာပေဆုရရှိကြသူများ ကိုယ်စား အမျိုးသား စာပေတစ်သက်တာ စာပေဆုရှင် ဆရာမကြီး
ဒေါ်ခင်ဆွေဦးက ကျေးဇူးတင် စကား ပြန်လည် ပြောကြားသည်။
ယင်းနောက်
ဒုတိယသမ္မတ ဦးဉာဏ်ထွန်းနှင့် အဖွဲ့ဝင်များသည် အမျိုးသား စာပေ တစ်သက်တာ ဆုရှင်များ၊
အမျိုးသား စာပေဆုရှင်များ၊ စာပေဗိမာန် စာမူဆုရှင်များနှင့်အတူ စုပေါင်း
မှတ်တမ်းတင် ဓါတ်ပုံရိုက်ကြသည်။
အမျိုးသားစာပေ
တစ်သက်တာဆုကို ယခင်က တစ်နှစ်လျှင် တစ်ဦးသာ ရွေးချယ် ချီးမြှင့်ခဲ့သော်လည်း
ယခုနှစ်တွင် သုံးဦးအထိ ရွေးချယ် ချီးမြှင့်ခဲ့ခြင်း ဖြစ်သည်။ ထို့အတူ အမျိုးသား
စာပေ တစ်သက်တာဆု အတွက် ချီးမြှင့်ငွေကို ယခင်က ငွေကျပ် ၁ဝ သိန်း ချီးမြှင့်ခဲ့ရာမှ
ယခုနှစ်တွင် ငွေကျပ် ၁၅ သိန်းအထိ လည်းကောင်း၊ အမျိုးသား စာပေဆု အတွက်
ချီးမြှင့်ငွေကို ယခင်က ငွေကျပ် ငါးသိန်း ချီးမြှင့်ခဲ့ရာမှ ယခုနှစ်တွင် ငွေကျပ်
၁ဝ သိန်းအထိ လည်းကောင်း၊ စာပေဗိမာန် စာမူဆုအတွက် ယခင်က ပထမဆုကို ငွေကျပ် နှစ်သိန်း
မှ ယခုငွေကျပ် ၅သိန်း၊ ယခင်က ဒုတိယဆုကို ငွေကျပ် တစ်သိန်းခွဲမှ ယခု ငွေကျပ်
သုံးသိန်းနှင့် ယခင်က တတိယဆုကို ငွေကျပ် တစ်သိန်းမှ ယခု နှစ်သိန်း အထိ လည်းကောင်း
တိုးမြှင့် ချီးမြှင့်ခဲ့ခြင်း ဖြစ်ပြီး ဆုတံဆိပ်များကိုလည်း ပေးအပ်
ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။
No comments:
Post a Comment