လွိုင်လင် ဒီဇင်ဘာ ၃
ရှမ်းပြည်နယ်
(တောင်ပိုင်း) လွိုင်လင်- ပင်လုံဒေသများကို ဘိန်း အစားထိုးသီးနှံ စိုက်ပျိုးရေးနှင့်
ကျေးလက်ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရန် အလှူရှင် ဂျာမနီနိုင်ငံမှ အမေရိကန်
ဒေါ်လာ ငါးသန်း ထောက်ပံ့ ပေးခဲ့သည်။ လွိုင်လင်- ပင်လုံရှိ ကျေးရွာပေါင်း ၄ဝ ကို ဘိန်းအစားထိုး
ဖွံ့ဖြိုးရေး ဆောင်ရွက်ရန် UNODC ကို တာဝန်ပေး ဆောင်ရွက်စေခဲ့ပြီး လုပ်ငန်းများ အကောင်အထည်ဖော်
ဆောင်ရွက် ထားရှိမှု အခြေအနေများကို ကြည့်ရှု လေ့လာရန် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်
သံရုံးမှ သံအမတ်ကြီး Mr. Derek J.Mitchell, Mr.Roland Kobia, Ambassador, Delegation
of the European Union to Myanmar. Mr.Jason Eligh, Country Manger, UNODC.
Mr.Jochen Wiese, Advisor UNODC တို့သည် ရဲမှူးကြီးမြင့်အောင် မူးယစ်ဗဟို (နိုင်ငံတကာ)၊
ရဲမှူး စောလေးဝါး (တောင်ကြီး မူးယစ်)တို့ လိုက်ပါ၍ ဒီဇင်ဘာ ၂ ရက် မွန်းလွဲ ၁ နာရီခန့်က လွိုင်လင်မြို့နယ် မိုင်းပွန်ကျေးရွာ အုပ်စုသို့
ရောက်ရှိလာသည်။
ရှေးဦးစွာ
အမေရိကန် သံအမတ်ကြီးနှင့် အဖွဲ့ဝင်များသည် မိုင်းပွန်လုံအောင် ကျေးလက် ကျောက်ချောလမ်း
ဖောက်လုပ်နေမှု ခြေအနေများကို သွားရောက် ကြည့်ရှု လေ့လာရာ ဒေသခံ ပအိုဝ်း တိုင်းရင်းသား
တိုင်းရင်းသူများက ရိုးရာ တူရိယာများ တီးခတ်ပြီး ပန်းစည်းကမ်း၍ ကြိုဆိုကြသည်။ ထို့နောက်
လမ်းဖောက် လုပ်နေသည့် လုပ်ငန်းခွင်သို့ သွားရောက် လေ့လာပြီးနောက် ဒေသခံများနှင့် တွေ့ဆုံကာ
ရင်းရင်းနှီးနှီး နှုတ်ဆက်ပြီး သိလိုသည်များကို မေးမြန်းခဲ့သည်။ ဆက်လက်၍ လွိုင်လင်မြို့နယ်
ဟိုတင့်- မတ်လန်း ကျေးရွာသို့ ရောက်ရှိလာရာ ဒေသခံ ရှမ်းတိုင်းရင်းသားများက အိုးစည်
ဗုံမောင်းတီး၍ တိုးနရားအက၊ ကိန္နရီ အကများဖြင့် ကြိုဆိုကြသည်။ ယင်းနောက် မတ်လန်းကျေးရွာရှိ
စိတ်တူကိုယ်တူ ကော်ဖီ ပျိုးဥယျာဉ်ကို လေ့လာခဲ့ကြသည်။
သံအမတ်ကြီးနှင့် အဖွဲ့ဝင်များသည် ညနေ ၅ နာရီတွင်
ပင်လုံမြို့နယ်ခွဲ ကျူရုန်းကျေးရွာ နှစ်ရှည်သီးနှံ စိုက်ခင်းကို လည်းကောင်း၊ တရားမဝင်
သီးနှံ ဘိန်းစိုက်ခင်းကို လည်းကောင်း သွားရောက် လေ့လာခဲ့ပြီးနောက် ပင်လုံမြို့ရှိ ပင်လုံစာချုပ်
ကျောက်တိုင် (ပင်လုံ ပြည်ထောင်စု ကျောက်တိုင်) သို့ သွားရောက် လေ့လာခဲ့သည်။ ဆက်လက်၍
သံအမတ်ကြီးနှင့် အဖွဲ့ဝင်များသည် လွိုင်လင်မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး
အစည်းအဝေး ခန်းမ၌ လွိုင်လင်ခရိုင် ရဲမှူး ဒုတိယ ရဲမှူးကြီး အောင်ဆန်းမြင့်၊ ဌာနဆိုင်ရာ
တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေး ကိစ္စရပ်များကို ရင်းနှီး ပွင့်လင်းစွာ
အမြင်ချင်း ဖလှယ် ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။
No comments:
Post a Comment