နေပြည်တော် ဒီဇင်ဘာ ၁၄
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ
ဒေါက်တာစိုင်းမောက်ခမ်းနှင့် ဇနီး ဒေါ်နန်းရွှေမှုန်တို့သည်
ယနေ့နံနက်ပိုင်းတွင် ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲ
မြားပစ်ပြိုင်ပွဲများ ပွဲစဉ်များ ယှဉ်ပြိုင်မှုကို ကြည့်ရှုအားပေးကြသည်။
နံနက်ပိုင်းတွင် အမျိုးသား၊ အမျိုးသမီး Recurve
ဆန်းစစ်လူရွေးပွဲကို ကျင်းပရာ မြန်မာနိုင်ငံမှ ဇော်ဝင်းထိုက်၊
နေမျိုးအောင်၊ အောင်မျိုးသူ၊ ငြိမ်းစည်သူ၊ သင်းသင်းခိုင်၊ စန်းယုထွေး၊
သဇင်အောင်၊ ဇာခြည်ဝင်းနှင့် မလေးရှား၊ အင်ဒိုနီးရှား၊ ထိုင်း၊ စင်ကာပူ၊
ဗီယက်နမ်၊ လာအိုနိုင်ငံ တို့မှ ပြိုင်ပွဲဝင်များက မီတာ ၇၀ ရှိ
ပစ်မှတ်များကို မြား ၇၂ ချောင်း ပစ်ခတ် ယှဉ်ပြိုင် ကြသည်။
အမျိုးသားပွဲစဉ်တွင် မလေးရှားမှ မိုဟာမက်က
အမှတ်ပေါင်း ၆၆၈ မှတ်ဖြင့် အမှတ်အများဆုံး ရရှိခဲ့သည်။ မြန်မာနိုင်ငံမှ
ဇော်ဝင်းထိုက်နှင့် နေမျိုးအောင်တို့ ရှုံးထွက်ပွဲစဉ် ဝင်ရောက်
ယှဉ်ပြိုင်ရမည်ဖြစ်သည်။
အမျိုးသမီးပွဲစဉ်တွင် အင်ဒိုနီးရှားမှ ယူလီရာနာက
အမှတ်ပေါင်း ၆၅၁ မှတ်ဖြင့် အမှတ်အများဆုံး ရရှိခဲ့သည်။ မြန်မာမှ
သင်းသင်းနိုင်နှင့် စန်းယုထွေးတို့ ရှုံးထွက်ပွဲစဉ်များ ယှဉ်ပြိုင်ရမည်
ဖြစ်သည်။
နေ့လည်ပိုင်းတွင် အမျိုးသား၊ အမျိုးသမီး Compond
ဆန်းစစ်လူရွေးပွဲကို ဆက်လက် ကျင်းပရာ မြန်မာနိုင်ငံမှ ရှိန်းထက်ကျော်၊
လင်းနိုင်၊ စိုင်းဇင်မင်းထက်၊ အောင်ခြိမ့်ဘော်၊ အောင်ငှိမ်း၊ လှလှစံ၊
အေးအေးသင်း၊ ယောစိမ်းယနှင့် ဗီယက်နမ်၊ ဖိလစ်ပိုင်၊ မလေးရှား၊ ထိုင်း၊
အင်ဒိုနီးရှား၊ စင်ကာပူ၊ လာအိုတို့မှ ပြိုင်ပွဲဝင်များက မီတာ ၇၀ ရှိ
ပစ်မှတ်များကို မြား ၇၂ ချောင်း ပစ်ခတ် ယှဉ်ပြိုင်ကြသည်။
အမျိုးသားပွဲစဉ်တွင် ဗီယက်နမ်မှ ငုယင်တိုင်ချောင်က
အမှတ်ပေါင်း ၆၉၉ မှတ်ဖြင့် အမှတ် အများဆုံးရရှိခဲ့သည်။ မြန်မာမှ
ရှိန်းထက်ကျော်နှင့် လင်းနိုင်တို့ ရှုံးထွက်ပွဲစဉ် ယှဉ်ပြိုင်ရမည် ဖြစ်သည်။
အမျိုးသမီးပွဲစဉ်တွင် မြန်မာနိုင်ငံမှ အောင်ငှိမ်းက
အမှတ်ပေါင်း ၆၈၆ မှတ်ဖြင့် အမှတ် အများဆုံး ရရှိပြီး အောင်ငှိမ်းနှင့်
အေးအေးသင်းတို့ ရှုံးထွက်ပွဲစဉ် ယှဉ်ပြိုင် ကြရမည်ဖြစ်သည်။
မြားပစ်ပြိုင်ပွဲတွင် မြန်မာ၊ အင်ဒိုနီးရှား၊ လာအို၊
မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်း၊ ဗီယက်နမ်တို့မှ
ပြိုင်ပွဲဝင်စုစုပေါင်း ၉၈ ဦးဝင်ရောက်ပြိုင်ကြသည်။
ပြိုင်ပွဲများကို နံနက် ၉ နာရီမှ စတင်၍ ဝဏ္ဏသိဒ္ဓိမြားပစ်ကွင်း၌ ဆက်လက်ယှဉ်ပြိုင်ကြမည် ဖြစ်သည်။
No comments:
Post a Comment