Thursday, December 5, 2013

နိုင်ငံတကာနှင့် ရင်ပေါင် တန်းနိုင်အောင်နှင့် အရည်အသွေး မြင့်မား လာအောင် ဝိုင်းဝန်း ကြိုးစား နိုင်ငံတော်က တတ်နိုင် သမျှ ဖြည့်ဆည်း ဆောင်ရွက် ပေးလျက်ရှိ

နေပြည်တော်-ဒီဇင်ဘာ ၎
ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း နှင့်အဖွဲ့သည် ယနေ့ နံနက်ပိုင်းက လားရှိုးမြို့ ကန်မိန်း ပရိယတ္တိ စာသင် တိုက် ဆရာတော်အား ဖူးမြော်ပြီး လှူဖွယ်ဝတ္ထု ပစ္စည်းများနှင့် အလှူငွေများကို ဆက်ကပ် လှူဒါန်းခဲ့သည်။
ထို့အတူ ဒုတိယ သမ္မတနှင့် အဖွဲ့ဝင် များသည် သီရိမင်္ဂလာ မန်ဆူရှမ်း ကျောင်းဝင်း အတွင်းရှိ စူဠာမုနိ အဘယ ဆုတောင်းပြည့် စေတီတော် မြတ်ကြီး ရွှေထီးတော်တင်လှူ ပူဇော်ပွဲသို့ တက်ရောက် ကြပြီး ရတနာ စိန်ဖူးတော်၊ ဓာတ်တော်ကြုတ်၊ ငှက်မြတ် နားတော်နှင့် ရွှေပန်းခိုင်တို့ကို ကန်မိန်း ကျောင်းတိုက် ဆရာတော်ထံ ဆက်ကပ်ကာ စေတီတော် အထွတ်သို့ မင်္ဂလာ ရထားပျံဖြင့် ပင့်ဆောင် တင်လှူ ပူဇော်ကြသည်။


ထို့ပြင် ဒုတိယသမ္မတ နှင့်အဖွဲ့ဝင် များသည် အဆိုပါ မန်ဆူရှမ်း ကျောင်းဝင်း အတွင်း၌ မဟာဗုဒ္ဓဝင် ပြတိုက် အဆောက် အအုံ ဆောက်လုပ်ရန် အတွက် အုတ်မြစ်တော်စီ မင်္ဂလာသို့ တက်ရောက်ပြီး ရတနာ အုတ်မြစ်များ စီသွင်း ပူဇော် ခဲ့ကြသည်။
ယနေ့ ရွှေထီးတော် တင်သည့် စေတီတော်နှင့် မဟာဗုဒ္ဓဝင် ပြတိုက်အတွက် သမဝါယမ ဘဏ်လီမိတက် ဥက္ကဋ္ဌ ဦးခင်မောင်အေးက ငွေကျပ်သိန်း (၉၅၀) လှူဒါန်း ခဲ့ကြောင်း သိရသည်။
အလားတူ ရပ်ကွက် (၆) ရှိ ရွှေလီ မောဝ်ခမ်း ကျောင်းပရိယတ္တိ စာသင်တိုက်၌ ဆရာတော်အား ဖူးမြော်ပြီး လှူဖွယ်ဝတ္ထု ပစ္စည်း များနှင့် တည်ဆောက်ဆဲ သံဃာ့ ကျောင်းဆောင် သစ်အတွက် အလှူငွေများ ဆက်ကပ် လှူဒါန်း ခဲ့သည်။
ထိုမှတစ်ဆင့် ဒုတိယ သမ္မတသည် လားရှိုး တက္ကသိုလ်သို့ ရောက်ရှိရာ ကမ္ဘောဇ ခန်းမ၌ တက္ကသိုလ် ဆိုင်ရာ အချက် အလက်များနှင့် ပတ်သက်၍ တာဝန်ခံ ပါမောက္ခ ချုပ်က ရှင်းလင်း တင်ပြသည်။
တင်ပြချက်နှင့် စပ်လျဉ်း၍ ဒုတိယ သမ္မတက လက်ရှိ မြန်မာ နိုင်ငံ၏ ပညာရေး အခြေအနေကို ရှင်းလင်း ပြောကြားပြီး နိုင်ငံတော်က ဆရာ / ဆရာမ များ၏ လူမှုစီးပွားဘ၀ ဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက် ပေးရန် တာဝန်ရှိ သည်နှင့် အညီ လိုအပ် သည်များကို တတ်နိုင်သမျှ ဖြည့်ဆည်း ဆောင်ရွက် ပေးလျက် ရှိပါကြောင်း၊ ကျောင်းသားများ နိုင်ငံတကာနှင့် ရင်ပေါင်တန်း နိုင်အောင်နှင့် အရည်အသွေး မြင့်မား လာအောင် ဆရာများအပိုင်း က ဝိုင်းဝန်း ကြိုးစား ကြရမည် ဖြစ်ပါကြောင်း၊ အဆောက် အအုံများ တိုးချဲ့ ဆောက်လုပ်နိုင်ရေး လိုအပ်သည့် ဘတ်ဂျက်ငွေကို လုပ်ထုံး လုပ်နည်းအတိုင်း တင်ပြရန်နှင့် နိုင်ငံတော်အပိုင်းက ဦးစားပေး လုပ်ငန်းအလိုက် ဆောင်ရွက်ပေး မည်ဖြစ်ပါကြောင်း၊ ဆရာများနှင့် ကျောင်းသားများ အနေဖြင့် ပြောင်းလဲ လာသည့် ခေတ်စနစ်နှင့် အညီ အရည်အသွေး တိုးတက် မြင့်မား လာအောင် လုပ်ဆောင် သွားကြရမည် ဖြစ်ပါ ကြောင်းဖြင့် မှာကြားခဲ့သည်။
ဆက်လက်၍ ဒုတိယ သမ္မတသည် လားရှိုး ပညာရေး ကောလိပ်သို့ ရောက်ရှိရာ ကွန်ပျူ တာခန်းမ၌ ကျောင်းအုပ် ကြီးက ကျောင်း ဖွင့်လှစ်နိုင်ရေး ကြိုတင် ပြင်ဆင် ဆောင်ရွက် ထားရှိမှုများကို ရှင်းလင်း တင်ပြပြီး ပြည်နယ် ဝန်ကြီး ချုပ်နှင့် ဒုတိယ ဝန်ကြီး ဒေါက်တာ ဇော်မင်းအောင် တို့က ဖြည့်စွက် တင်ပြ ကြသည်။
ထို့နောက် ဒုတိယ သမ္မတသည် ပညာရေး ကောလိပ်အတွင်း အဆောက် အအုံများ တည်ဆောက် နေမှုနှင့် ပြီးစီးမှု အခြေ အနေများအား မော်တော် ယာဉ်ဖြင့် လှည့်လည် ကြည့်ရှုခဲ့ပြီး နမ္မတူ လမ်းဆုံအနီးရှိ ယဉ်ကျေးမှု ကွင်းလျာ ထားသည့် မြေနေရာကို သွားရောက် ကြည့်ရှု ခဲ့သည်။
အဆိုပါ ပညာရေး ကောလိပ်သည် လားရှိုး - နမ္မတူ လမ်းမကြီးဘေး နမ့်ပါချီး ရပ်ကွက်တွင် တည်ရှိပြီး ပညာရေး လောက သစ် တည်ဆောက် ရာတွင် ယုံကြည်ချက် မှန်ကန်၍ ခံယူချက် ပြည့်ဝကာ တာဝန် ကျေပွန်စွာ ထမ်းဆောင် နိုင်မည့် ဆရာကောင်းများ ပေါ်ထွန်း လာရေးအတွက် ပြုစုပေးရန် ရည်ရွယ်လျက် ၂၀၁၃ - ၂၀၁၄ပညာ သင်နှစ် လုပ်ငန်းခွင် အကြို ဆရာ အတတ်ပညာ ဒီပလိုမာ သင်တန်း အမှတ်စဉ် (၁၈/၁၃) ပထမနှစ်ကို သင်တန်း သား (၅၀)၊ သင်တန်းသူ (၁၆၄) ဦး စုစုပေါင်း (၂၁၄) ဦးဖြင့် ယခုလ (၁၆) ရက်တွင် စတင်ဖွင့် လှစ်မည် ဖြစ်သည်။
မွန်းလွဲပိုင်းတွင် ဒုတိယ သမ္မတသည် ရှမ်းစာပေနှင့် ယဉ်ကျေးမှု ခန်းမ၌ ပြုလုပ်သည့် မျက်စိ၊ သွားနှင့် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ဝေဒနာ ရှင်များအား အခမဲ့ စမ်းသပ်ကုသ ခွဲစိတ်ပေးရန် အတွက် ပံ့ပိုး လှူဒါန်းသော စေတနာ ရှင်များနှင့် အထူးကု ဆရာဝန် ကြီးများအား ဂုဏ်ပြုပွဲသို့ တက်ရောက် အမှာစကား ပြောကြားပြီး မျက်စိ ဝေဒနာရှင် များအား မျက်မှန်များ တပ်ဆင် ပေးခဲ့သည်။
ဆက်လက်၍ ဒေသခံ တိုင်းရင်းသား ပြည်သူများ ကိုယ်စား ရှမ်းပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းကြူက ကျေးဇူးတင် စကား ပြောကြားပြီး ပြည်ထောင်စု ဝန်ကြီး ဦးကျော်လွင်၊ ဦးခင်ရီနှင့် ပြည်နယ် ဝန်ကြီးချုပ် တို့က စေတနာရှင် အလှူရှင်များနှင့် အထူးကု ဆရာဝန် ကြီးများအား ဂုဏ်ပြု မှတ်တမ်း လွှာများ ပေးအပ် ကြသည်။
ယနေ့ အခမ်းအနား တွင်အခမဲ့ စမ်းသပ်ကုသ ခွဲစိတ်ရန် အတွက် ဂရိတ်ဝေါလ် ကုမ္ပဏီက ပံ့ပိုးငွေ ကျပ်သိန်း (၅၀၀)၊ လားရှိုးမြို့ ပါဝါဟိုတယ်က (၁၄ ဒသမ ၅) သိန်းနှင့် ပြည်သူ့ ဆေးရုံကြီး ဆေးပဒေသာပင် အတွက် မြန်မာ နိုင်ငံ အမျိုးသမီး ရေးရာ အဖွဲ့ချုပ်က အလှူငွေကျပ် (၁၀) သိန်းတို့ကို လှူဒါန်း ခဲ့ကြကြောင်း သိရသည်။
အဆိုပါ ဂုဏ်ပြုပွဲတွင် ဒုတိယ သမ္မတက ဆေးရုံကြီးများ အထိ သွားရောက် ပြသကုသမှု ခံယူနိုင် သည့် အခြေ အနေမျိုး၊ သွားရေး လာရေး၊ ငွေရေးကြေးရေး အခက်အခဲ ရှိကြသည့် အတွက် ကျေးလက် တောရွာ အပါအဝင် ရှမ်းပြည်နယ် (မြောက်ပိုင်း) ဒေသရှိ လူနာများနှင့် မျက်စိ အထူးကု ဆရာဝန်များ အဖွဲ့တွေ့ဆုံ ကုသမှုပေး နိုင်အောင် စီစဉ် ပေးထားခြင်း ဖြစ်ပါကြောင်း၊ စမ်းသပ် ကုသမှု ပေးကြသည့် မျက်စိ အထူးကု ဆရာဝန် အဖွဲ့၊ ကုန်ကျစရိတ် အဝ၀ကို တာဝန် ယူပေးသည့် စေတနာရှင် မိသားစုများနှင့် ကူညီ ဆောင်ရွက် ပေးကြသည့် ဌာန ဆိုင်ရာများကို အထူး ကျေးဇူး တင်ရှိ ပါကြောင်း၊ ရှေ့လာမည့် ကာလများ အတွင်း ကျန်ရှိ နေသေးသည့် မျက်စိ ဝေဒနာ ရှင်များ အပါအဝင် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ဝေဒနာ ရှင်များ အတွက် လိုအပ်သည့် စစ်ဆေးခွဲစိတ် ကုသမှုများကို အခြေ အနေ ပေးပါက လိုအပ်သလို ထပ်မံ ဆောင်ရွက်ပေး သွားမည်ဖြစ် ပါကြောင်းဖြင့် ပြောကြားခဲ့သည်။
နိုဝင်ဘာ (၃၀) ရက်မှ ဒီဇင်ဘာ (၃) ရက်အထိ လားရှိုး ဒေသရှိ မျက်စိ ဝေဒနာ ပြသသူ စုစုပေါင်း (၃၉၈၃) ဦး ရှိခဲ့ပြီး ခွဲစိတ်သူ (၁၇၂) ဦး၊ မျက်မှန် ပြုလုပ်သူ (၈၆၄) ဦးနှင့် ဆေးဝါး ကုသသူ (၉၂၉) ဦးရှိကြောင်း သိရသည်။
ညနေပိုင်းတွင် ဒုတိယ သမ္မတနှင့် အဖွဲ့ ဝင်များသည် မြန်မာ့ လေကြောင်းဖြင့် နေပြည်တော်သို့ ပြန်လည် ရောက်ရှိ ခဲ့ကြသည်။

No comments:

Post a Comment