နေပြည်တော် - ဒီဇင်ဘာ ၎
(၂၇) ကြိမ်မြောက် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲတွင် မြန်မာ
အမျိုးသမီး ခြင်းလုံး အသင်းက ပြိုင်ပွဲ၏ ပထမဆုံးနှင့် နိုင်ငံအတွက် ပထမဆုံး ရွှေတံဆိပ်
ဆုကို ဆွတ်ခူး ပေးခဲ့ပြီး မြန်မာ အမျိုးသား ခြင်းလုံး အသင်းက နိုင်ငံ အတွက် ဒုတိယ ရွှေတံဆိပ်
ဆုကို ဆွတ်ခူး ပေးလိုက်ပြီ ဖြစ်သည်။
ယနေ့ညနေ ပိုင်းတွင် နေပြည်တော်
ဝဏ္ဏသိဒ္ဓိ အားကစားရုံ (B) ၌ မြန်မာ ခြင်းလုံး ပြိုင်ပွဲ၏ အခြေခံ အထိ (၆) ချက် အတွဲခြင်းလုံး
ပြိုင်ပွဲတွင် အမှတ် အများဆုံး ရရှိသည့် မြန်မာ အမျိုးသား ခြင်းလုံး အသင်းနှင့် ဒုတိယ
အမှတ် အများဆုံး ရရှိသည့် ထိုင်းအမျိုးသား ခြင်းလုံး အသင်းတို့ ယှဉ်ပြိုင် ကစားကြရာ
(၂၇) ကြိမ်မြောက် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲ ကျင်းပရေး ဦးစီး ကော်မတီ နာယက
ဒုတိယ သမ္မတ ဦးဉာဏ်ထွန်း တက်ရောက် ကြည့်ရှု အားပေးသည်။
ထို့နောက် ဆုချီးမြှင့်ပွဲကို ကျင်းပရာ ပြိုင်ပွဲ ကျင်းပရေး ဦးစီးကော်မတီ
ဥက္ကဋ္ဌ ပြည်ထောင်စု ဝန်ကြီး ဦးတင့်ဆန်း နှင့် အာရှ ပိုက်ကျော်ခြင်း ဥက္ကဋ္ဌ DATO
HAJI ABDUL HALIM BIN KADER တို့က အမျိုးသမီး ခြင်းလုံး ပြိုင်ပွဲတွင်
ပူးတွဲ တတိယဆုရ မလေးရှား အသင်း၊ တတိယဆုရ ကမ္ဘောဒီးယား အသင်း၊ ဒုတိယဆုရ ထိုင်း အသင်းနှင့်
ပထမဆုရ မြန်မာ အသင်း တို့အား ဂုဏ်ပြုဆုများ ပေးအပ် ချီးမြှင့်သည်။
ယင်းနောက် ပြည်ထောင်စု ဝန်ကြီး ဦးသိန်းညွန့်နှင့် မြန်မာနိုင်ငံ
ခြင်းလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးစိုးနိုင် တို့က အမျိုးသား ခြင်းလုံး ပြိုင်ပွဲတွင် ပူးတွဲ
တတိယဆုရ မလေးရှား အသင်း၊ တတိယ ဆုရ လာအို အသင်း၊ ဒုတိယ ဆုရ ထိုင်း အသင်းနှင့် ပထမဆုရ
မြန်မာ အသင်း တို့အား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့် ကြသည်။
နံနက် (၉) နာရီတွင် မြန်မာ ခြင်းလုံးပြိုင်ပွဲ ဖွင့်ပွဲကို ကျင်းပခဲ့ရာ
မြန်မာနိုင်ငံ ခြင်းလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌက ပြိုင်ပွဲနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားပြီး
ပြိုင်ပွဲ ကျင်းပရေး ကော်မတီ ဥက္ကဋ္ဌ ဒုတိယ ဝန်ကြီး ဦးဇော်ဝင်းနှင့် အာရှ ပိုက်ကျော်ခြင်း
ဥက္ကဋ္ဌ တို့က နှုတ်ခွန်းဆက် စကား ပြောကြားကြသည်။
ထို့နောက် ပြိုင်ပွဲ ကျင်းပရေး ဦးစီးကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စု ဝန်ကြီး
ဦးတင့်ဆန်းက ပြိုင်ပွဲဝင် အသင်းများ အား လိုက်လံ နှုတ်ဆက်ပြီး အမှတ်တရ လက်ဆောင် ပစ္စည်းများ
ပေးအပ်သည်။
ယင်းနောက် မြန်မာနိုင်ငံ ခြင်းလုံး အဖွဲ့ချုပ်မှ မြန်မာ့ရိုးရာ ခြင်းလုံး
ကစား သမားများက ပြကွက် ဆန်းများဖြင့် သရုပ်ပြ ကစားခဲ့ကြသည်။
ပြိုင်ပွဲတွင် မြန်မာ အမျိုးသား ခြင်းလုံး အသင်းမှ ကစား သမားများ
ဖြစ်ကြသည့် အောင်မြတ်လင်း၊ အောင်စိုးမိုး၊ ကျော်ခိုင်ဦး၊ မျိုးဇော်ဦး၊ မျိုးမြင့်သူ၊
အောင်မျိုးမြင့်၊ အောင်ကိုကိုခိုင်နှင့် ကျော်မိုးထွန်းတို့က အခြေခံ အထိ (၆) ချက် အတွဲခြင်းလုံး
ကစားနည်း ဖြစ်သည့် ခြေခွင်၊ ခြေဖျား၊ ဒူး၊ ခြေဖနှောင့်၊ ခြေဖဝါး၊ ခြေဖမျက် တို့ဖြင့်
ကြည့်ရှုသူ ပရိသတ်များ ရင်သပ်ရှုမောဖွယ် ဖြစ်အောင် အလှ အပများဖြင့် ခတ်ပြ ယှဉ်ပြိုင်ခဲ့ရာ
စုစုပေါင်း အမှတ် (၆၃၆) မှတ်ရရှိခဲ့သည်။
အလားတူ ထိုင်း၊ မလေးရှား၊ စင်ကာပူနှင့် လာအို နိုင်ငံတို့မှ အမျိုးသား
ခြင်းလုံး ကစားသမားများ ကလည်း စိတ်ဝင် စားဖွယ် ခတ်ပြ ယှဉ်ပြိုင်ကြရာ ထိုင်းအသင်းက (၄၀၇)
မှတ်၊ မလေးရှား အသင်းက (၂၄၆) မှတ်၊ စင်ကာပူ အသင်းက (၁၅၆) မှတ်နှင့် လာအို အသင်းက (၃၄၄)
မှတ်တို့ အသီးသီး ရရှိကြသည်။
ထို့နောက် အမှတ် အများဆုံး ရရှိသည့် မြန်မာ အမျိုးသား အသင်းနှင့်
ဒုတိယ အမှတ်အများဆုံး ရရှိသည့် ထိုင်း အမျိုးသား အသင်းတို့ ယှဉ်ပြိုင် ကစားရာ မြန်မာ
အသင်းက အမှတ် (၆၆၀) ဖြင့် ပထမ ရွှေတံဆိပ်ဆု ရရှိပြီး ထိုင်း နိုင်ငံ အသင်းက (၄၀၄) မှတ်ဖြင့်
ဒုတိယ ငွေတံဆိပ်ဆု ရရှိသည်။
အမျိုးသမီး ပြိုင်ပွဲတွင် မြန်မာ အသင်းမှ အမျိုးသမီး ခြင်းလုံး ကစားသမားများ
ဖြစ်ကြသည့် တင်တင်လင်း၊ ဖြူဖြူဝင်း၊ ခိုင်ချောဆု၊ သူဇာအောင်၊ ဆုဆုဝင်း၊ ဝင်းပြည့်ပြည့်၊
သဲသဲ၊ ကေသီ ထွန်းတို့က အခြေခံ အထိ (၆) ချက် အတွဲခြင်းလုံး ကစားနည်းဖြင့် ယှဉ်ပြိုင်
ကစားကြရာ (၅၁၄) မှတ် ရရှိခဲ့သည်။
ထို့အတူ မလေးရှား၊ ထိုင်းနှင့် ကမ္ဘောဒီးယား ခြင်းလုံး အသင်းတို့မှ
အမျိုးသမီး ခြင်းလုံး ကစား သမားများက ဆက်လက် ယှဉ်ပြိုင်ခဲ့ရာ မလေးရှား အသင်းက (၁၂၈)
မှတ်၊ ထိုင်း အသင်းက (၃၆၃) မှတ်နှင့် ကမ္ဘောဒီးယား အသင်းက (၁၅၇) မှတ်တို့ ရရှိခဲ့ပြီး
အမှတ်အများဆုံး ရရှိသည့် မြန်မာ အမျိုးသမီး အသင်းနှင့် ဒုတိယအမှတ် အများဆုံး ရရှိသည့်
ထိုင်း အမျိုးသမီး အသင်းတို့ ယှဉ်ပြိုင် ကစားကြရာ မြန်မာ အမျိုးသမီး အသင်းက (၅၃၄) မှတ်ဖြင့်
ပထမ ရွှေတံဆိပ်ဆု ရရှိခဲ့ပြီး ထိုင်း အမျိုးသမီး အသင်းက (၃၇၅) မှတ်ဖြင့် ဒုတိယ ငွေတံဆိပ်ဆု
ရရှိခဲ့ကြ သည်။
ခြင်းလုံး ပြိုင်ပွဲတွင် စင်ကာပူ၊ ထိုင်းနှင့် မလေးရှား နိုင်ငံတို့မှ
ဒိုင်လူကြီး (၂) ဦးစီ၊ လာအိုနှင့် ဖိလစ်ပိုင် နိုင်ငံတို့မှ ဒိုင်လူကြီး (၁) ဦးစီနှင့်
မြန်မာနိုင်ငံမှ ဒိုင်လူကြီး (၂၃) ဦးတို့က အကဲဖြတ် အမှတ်ပေး ကြကြောင်း သိရှိရသည်။
ယနေ့ ကျင်းပသည့် မြန်မာ ခြင်းလုံး ပြိုင်ပွဲတွင် မြန်မာ ပရိသတ်များက
မြန်မာ့ ရိုးရာအိုးစည်၊ ဒိုးပတ်များ တီးမှုတ်၍ လည်းကောင်း၊ မြန်မာ အလံများ ဝှေ့ယမ်း၍
လည်းကောင်း မိမိတို့ အိမ်ရှင် ဖြစ်သော်လည်း တစ်ဖက် အသင်းများ အား ပြိုင်ပွဲဝင် အားကစား
စိတ်ဓာတ်များ တိုးပွားစေရန် သက်ဆိုင်ရာ နိုင်ငံအ မည်များကို ခေါ်ဆို၍ စနစ်တကျ ကွင်းလုံး
ညံစွာ အားပေး ခဲ့ကြသည်။
ယခုခြင်းလုံး ပြိုင်ပွဲသည် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲများတွင်
တစ်ကြိမ် တစ်ခါမျှ ပါဝင်ထည့်သွင်း ကစားခဲ့ ဖူးခြင်း မရှိဘဲ ယခုအကြိမ်၌ စတင် ထည့်သွင်း
ယှဉ်ပြိုင် ကစားခဲ့ခြင်း ဖြစ်သည်။
ဒီဇင်ဘာ (၅) ရက်တွင် အခြေခံအထိ (၆) ချက် အတွဲ မျိုးတူခြင်းလုံး ပြိုင်ပွဲကို
အဆိုပါ အားကစားရုံ၌ ဆက်လက် ယှဉ်ပြိုင်မည် ဖြစ်ပြီး အမျိုးသား ပြိုင်ပွဲတွင် ထိုင်း၊
လာအို၊ မလေးရှားနှင့် ကမ္ဘောဒီးယား ခြင်းလုံး အသင်းတို့ ယှဉ်ပြိုင် ကစားကြမည် ဖြစ်ကာ
အမျိုးသမီး ပြိုင်ပွဲတွင် လာအို၊ မလေးရှားနှင့် ထိုင်းအသင်းတို့ ယှဉ်ပြိုင် ကစားကြမည်
ဖြစ်ကြောင်း သိရှိရသည်။
No comments:
Post a Comment