Thursday, December 12, 2013

ဆီးဂိမ်းပြိုင်ပွဲ ရွက်လှေအားကစား ပြိုင်ပွဲဖွင့်ပွဲ ကျင်းပ




(၂၇) ကြိမ်မြောက် အရှေ့တောင် အာရှ အားကစားပြိုင်ပွဲ ရွက်လှေပြိုင်ပွဲ အားကစားပြိုင်ပွဲ အခမ်းအနားကို  ယနေ့ နံနက် ၉ နာရီက ငွေဆောင် ကမ်းခြေ၌ ကျင်းပခဲ့သည်။
အခမ်းအနား ဖွင့်ပွဲတွင် မြန်မာသံစဉ် တူရိယာ တီးဝိုင်းကြီးဖြင့် ဧည့်ခံ ဖျော်ဖြေခဲ့ပြီး ပြိုင်ပွဲဝင် အသင်းများက သတ်မှတ် နေရာသို့ ဝင်ရောက် နေရာယူကြပြီး ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အလံအား လွှင့်တင် အလေးပြု ကြသည်။ ထို့နောက် ရွက်လှေပြိုင်ပွဲ ကျင်းပရေး ကော်မတီ ဥက္ကဌ ဧရာဝတီ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးသိန်းအောင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြန်မာနိုင်ငံ ရွက်လှေ အဖွဲ့ချုပ်ဥက္ကဌ ဦးမိုးမြင့်က ကြိုဆို နှုတ်ခွန်းဆက် စကား ပြောကြားသည်။

ရွက်လှေပြိုင်ပွဲ ကျင်းပရေး ကော်မတီ ဥက္ကဋ္ဌက အဖွင့် အမှာစကား ပြောကြားရာတွင်"(၂၇)ကြိမ်မြောက် SEA Games ပြိုင်ပွဲသည် မြန်မာနိုင်ငံ အနေဖြင့် တတိယ အကြိမ်မြောက် လက်ခံ ကျင်းပခြင်း ဖြစ်ပြီး သုံးကြိမ် စလုံးတွင် ရွက်လှေ အားကစားနည်း ထည့်သွင်း ကျင်းပခဲ့ကြောင်း၊ ရွက်လှေ ပြိုင်ပွဲကို ဧရာဝတီ တိုင်းဒေသကြီး ငွေဆောင် ပင်လယ် ကမ်းခြေမှာ နှစ်ပေါင်း (၄၄)နှစ်ကြာမှ အိမ်ရှင်အဖြစ် လက်ခံ ကျင်းပခွင့် ရရှိခဲ့၍ ဧရာဝတီ တိုင်းသား ပြည်သူများ ကိုယ်စား အတိုင်းမသိ ဂုဏ်ယူပါကြောင်း၊ ကြုံတောင့်ကြုံခဲ အခွင့်အရေး တစ်ရပ်အဖြစ် မှတ်သား ခံယူပါကြောင်း၊ ပြိုင်ပွဲကာလ တစ်လျှောက် မြန်မာလူမျိုးတို့၏ ဖြူစင်မှု၊ ရိုးသားမှု၊ ဧည့်ဝတ် ကျေပွန်မှုတို့ဖြင့် နိုင်ငံတကာ ပြိုင်ပွဲဝင် အသင်းများ၊ အုပ်ချုပ်သူ/ နည်းပြ/ အားကစား သမားများ၊ ဖိတ်ကြား ထားသော အထူး ဧည့်သည်တော်များ အတွက် အမှတ်တရ ဖြစ်စေရန် လုပ်ဆောင်မည်ဟု ကတိပြုပါကြောင်း" ပြောကြား ခဲ့သည်။
ထို့နောက် ရွက်လှေပြိုင်ပွဲ ကျင်းပရေး ဦးစီးကော်မတီ ဥက္ကဌ၊ ဧရာဝတီ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ အားကစား ဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံ အိုလံပစ် ကော်မတီ အဖွဲ့ဝင် မြန်မာနိုင်ငံ ရွက်လှေအဖွဲ့ချုပ် ဥက္ကဋ္ဌတို့က အခမ်းအနားကို ဖဲကြိုးဖြတ်၍ ပြိုင်ပွဲကို စတင်ဖွင့်လှစ် ပေးခဲ့သည်။ ထို့နောက် ပြိုင်ပွဲဝင်အသင်းများ က  ကွင်းအတွင်းမှ ပြန်လည် ထွက်ခွာခဲ့ကြပြီး ဖျော်ဖြေရေး အစီအစဉ်တို့ဖြင့် ဧည့်ခံဖျော်ဖြေ ကြသည်။
အဆိုပါ ဖွင့်ပွဲ အခမ်းအနားသို့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးဝင်းထွန်း၊ ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်း ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဌေးအောင်၊ ရွက်လှေပြိုင်ပွဲ ကျင်းပရေး ကော်မတီဥက္ကဌ၊ ဧရာဝတီ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးသိန်းအောင်၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး သူရသက်ဆွေ၊ ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံ အိုလံပစ် ကော်မတီ အဖွဲ့ဝင် မြန်မာနိုင်ငံ ရွက်လှေအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ဖိတ်ကြား ထားသော ဧည်သည်တော်များ တက်ရောက် ကြသည်။
ဒီဇင်ဘာ ၁၅ ရက်တွင် ပြိုင်ပွဲများ စတင် ကျင်းပမည့် ရွက်လှေပြိုင်ပွဲတွင် မြန်မာ၊ ထိုင်း၊ စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင် နိုင်ငံများမှ ပြိုင်ပွဲဝင် အားကစား သမားများသည် အားကစားနည်း ၁၃ မျိုးတွင် ဆုတံဆိပ်များ ရရှိရန် ယှဉ်ပြိုင်မည်ဖြစ်သည်။ မြန်မာ့ လက်ရွေးစင် ရွက်လှေအသင်းတွင် မလေးရှားနိုင်ငံ SEA Games ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုများ ရယူထားသော စည်သူမိုးမြင့်၊ ဖုန်းကျော်မိုးမြင့် အတွဲ၊ စုမြတ်စိုး၊ နန်းခမ်းဆေး အတွဲနှင့် အောင်မြင်သူ တို့အား အမာခံ အားကစားသမားများ အဖြစ် ထားရှိယှဉ်ပြိုင် သွားမည် ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment