နေပြည်တော် ဒီဇင်ဘာ ၁၁
မြန်မာနိုင်ငံ
မန္တလေးမြို့၌ ရောက်ရှိနေသော လာအိုပြည်သူ့ ဒီမိုကရက်တစ် သမ္မတနိုင်ငံ သမ္မတ မစ္စတာ ကျူမာလီ
ဆိုင်ညဆွန်နှင့် ဇနီး မစ္စစ် ကေအိုဆိုင်ကျိုင်း ဆိုင်ညဆွန်တို့သည် ယနေ့နံနက် (၈)နာရီခွဲတွင်
စစ်ကိုင်းမြို့ ကောင်းမှုတော် ဘုရားသို့ ရောက်ရှိရာ စစ်ကိုင်းတိုင်း ဒေသကြီး ဝန်ကြီးချုပ်
ဦးသာအေးနှင့် ဇနီးဒေါ်ဝေဝေခိုင်၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့် တာဝန်ရှိသူများက ကြိုဆို
နှုတ်ဆက်ကြသည်။
ထို့နောက် လာအိုနိုင်ငံသမ္မတနှင့်
ဇနီးနှင့် အဖွဲ့ဝင်များသည် ကောင်းမှုတော် ဘုရားအား ဖူးမြော်ကြည်ညိုပြီး ပန်း၊ ရေချမ်း၊
ဆီမီး ကပ်လှူပူဇော်၍ အလှူငွေများကို ပေးအပ် လှူဒါန်းသည်။
ဆက်လက်၍ စစ်ကိုင်းမြို့
ရထောင် ရပ်ကွက်ရှိ မြန်မာလက်မှု အနုပညာ အရောင်းပြခန်းသို့ ရောက်ရှိပြီး "ထွန်းထွန်း"
ငွေထည်လုပ်ငန်း၏ ငွေထည် အသုံးအဆောင်နှင့် ငွေထည် အမှတ်တရ ပစ္စည်းများ ထုတ်လုပ်ပြသ ထားမှုများနှင့်
စစ်ကိုင်းမြို့ ကျောက်စိမ်း လုပ်ငန်းရှင်များ အသင်း၏ တန်ဘိုးမြင့် ကျောက်စိမ်း အသုံးအဆောင်
ပစ္စည်းများနှင့် ကျောက်စိမ်း လက်ဝတ်ရတနာများ ထုတ်လုပ် ပြသထားမှုများကို ကြည့်ရှု လေ့လာကြသည်။
ယင်းနောက် လာအိုနိုင်ငံ
သမ္မတနှင့် အဖွဲ့သည် မန္တလေးမြို့မှ မြန်မာ့လေကြောင်း အထူးလေယာဉ်ဖြင့် ထွက်ခွာလာရာ နေပြည်တော်သို့
နံနက် (၁၁)နာရီခွဲတွင် ရောက်ရှိခဲ့ကြသည်။
No comments:
Post a Comment