ဒီဇင်ဘာ ၁၁ ရက်
(၁၃၇၅ ခုနှစ် နတ်တော်လဆန်း ၉ ရက်) တွင် ကျင်းပသည့် ၁၃၀၀ ပြည့် ရေနံမြေ အရေးတော်ပုံ
စိန်ရတု အခမ်းအနားသို့ နိုင်ငံတော်သမ္မတ အဂ္ဂမဟာသရေစည်သူ အဂ္ဂမဟာ သီရိသုဓမ္မ ဦးသိန်းစိန်က
သဝဏ်လွှာ ပေးပို့ခဲ့သည်။
အဆိုပါ သဝဏ်လွှာ
အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်သည်-
ချစ်ကြည် လေးစားအပ်ပါသော
တိုင်းရင်းသား ပြည်သူအပေါင်းတို့ ခင်ဗျား-
ယနေ့ အခါသမယဟာ
နယ်ချဲ့ဆန့်ကျင်ရေး အမျိုးသား လွတ်မြောက်ရေး တိုက်ပွဲမှာ တစ်မျိုးသားလုံးရဲ့ စည်းလုံး
ညီညွတ်မှုကို နိုးထစေခဲ့သော ၁၃၀၀ ပြည့် ရေနံမြေ အရေးတော်ပုံကြီး ဖြစ်ပေါ်ခဲ့တဲ့ စိန်ရတု
အခမ်းအနားနေ့ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၇၅ နှစ်က ဒီအချိန်မှာ နယ်ချဲ့ ဆန့်ကျင်ရေးနဲ့ အမျိုးသားရေး
စိတ်ဓာတ်တွေဟာ ဖိနှိပ်မှုတွေကြားက ရဲဝံ့စွာ တွန်းလှန်ပေါ်ထွန်း လာခဲ့ပါတယ်။ ယခုလို ၇၅
နှစ်မြောက် သမိုင်းဝင် စိန်ရတု အခမ်းအနားမှာ မြန်မာနိုင်ငံ တစ်ဝန်းလုံးက တိုင်းရင်းသား
ပြည်သူများ အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ ကြပါစေကြောင်း ဆုတောင်း မေတ္တာပို့သရင်း
နှုတ်ခွန်း ဆက်သအပ်ပါတယ်။
မြန်မာနိုင်ငံရဲ့
လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းမှာ မော်ကွန်း တင်ရစ်ခဲ့တဲ့ ၁၃၀၀ ပြည့် ရေနံမြေ အရေးတော်ပုံဟာ
ကိုလိုနီ နယ်ချဲ့တွေရဲ့ ဖိနှိပ်မှု အောက်ကနေ မိုင်ပေါင်း ၄၀၀ ခရီးရှည် ချီတက်ပြီး ရုန်းထ
ပေါက်ကွဲခဲ့ကြတဲ့ အလုပ်သမားထုနှင့်အတူ တောင်သူ လယ်သမားတွေ၊ ကျောင်းသားတွေ၊ ရဟန်းရှင်လူ
ပြည်သူတွေ တစုတစည်းတည်း လက်တွဲ တိုက်ပွဲဝင်ခဲ့ကြတဲ့ သမိုင်း မှတ်တမ်းလည်း ဖြစ်ပါတယ်။
မြန်မာ တစ်မျိုးသားလုံး အတွက် နယ်ချဲ့ လက်အောက် ကျွန်သပေါက်ဘ၀မှ ရုန်းထွက် လွတ်မြောက်ပြီး
လွတ်လပ်ရေး အိပ်မက်ကို စတင် မြင်မက်လာနိုင်အောင် ကန့်လန့်ကာ ဖွင့်ခဲ့တဲ့ လူထု လှုပ်ရှားမှု
အရေးတော်ပုံကြီးပဲ ဖြစ်ပါတယ်။
ဒီ ၁၃၀၀ ပြည့်
ရေနံမြေ အရေးတော်ပုံက အစပြုလို့ အခြေတည်ခဲ့တဲ့ တစ်မျိုးသားလုံး စည်းလုံး ညီညွတ်မှုနဲ့
ထက်သန်ပြင်းပြတဲ့ အမျိုးသားရေး စိတ်ဓာတ်ကြောင့်ပဲ ခက်ခဲ ကြမ်းတမ်းတဲ့ ကာလတွေကို ကျော်ဖြတ်ပြီး
လွတ်လပ်ရေး ရရှိခဲ့ပါတယ်။ သို့သော်လည်း ရပြီးဖြစ်တဲ့ အမျိုးသား စည်းလုံး ညီညွတ်ရေးကို
လွတ်လပ်ရေး ရရှိခဲ့ပြီးတဲ့ နောက်မှာ ကြာရှည်စွာ ဆက်လက် ထိန်းသိမ်းနိုင်ခြင်း မရှိတာကြောင့်
လက်နက်ကိုင် ပဋိပက္ခများ၊ နိုင်ငံရေး ပါတီများရဲ့ အကွဲအပြဲများကို တွေ့ကြုံခဲ့ရပြီး
ယနေ့အချိန်အထိ တစ်မျိုးသားလုံး စည်းလုံး ညီညွတ်မှု ရအောင် ကြိုးစား တည်ဆောက်ရလျက် ရှိပါတယ်။
လွတ်လပ်ရေး မရမီကာလမှာ လွတ်လပ်ရေး အတွက် သွေးစည်း ညီညွတ်ခဲ့ ကြပေမယ့်လည်း လွတ်လပ်ရေး
ရရှိပြီးတဲ့နောက်မှာ ဝါးအစည်းပြေသလို ဖြစ်ခဲ့ရတဲ့ အမျိုးသား ညီညွတ်ရေး လျော့ရဲမှုကြောင့်
နိုင်ငံရေးကို အခြေခံတဲ့ ပဋိပက္ခတွေဟာ သံသရာ လည်နေခဲ့ တာကိုလည်း တွေ့ကြုံခဲ့ကြရပါတယ်။
ဒီကနေ့ ဒီအချိန်မှာတော့
လွတ်လပ်ရေး ရပြီးနောက်ပိုင်း ပထမဆုံး အကြိမ်အဖြစ် တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အမျိုးသား
ပြန်လည် စည်းလုံး ညီညွတ်ရေး ရရှိနိုင်မယ့် မျှော်လင့်ချက် ရောင်ခြည်ကို မြင်တွေ့နေရပြီ
ဖြစ်ပါတယ်။ အမျိုးသား ညီညွတ်ရေး ပြိုကွဲခဲ့ရခြင်း အကျိုးဆက်ကြောင့် မြန်မာနိုင်ငံဟာ
နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အစစ အရာရာမှာ အိမ်နီးချင်း နိုင်ငံတွေထက် နောက်ကျ
ကျန်ခဲ့ပါတယ်။ အကွဲအပြဲ ဇာတ်လမ်းများ၊ အချင်းချင်း တိုက်ခိုက်မှုများကြောင့် ခေတ်နောက်ကျ
ကျန်ခဲ့ရတဲ့ ကျွန်တော်တို့ နိုင်ငံဟာ ဒီကနေ့မှာဆိုရင် မတူကွဲပြားမှုတွေကို ငြိမ်းချမ်းစွာ
ဖြေရှင်းနိုင်မယ့် နိုင်ငံရေး ယဉ်ကျေးမှု အသစ်ကို စတင် ဖော်ဆောင်နေကြပြီ ဖြစ်ပါတယ်။
ဒီမိုကရေစီ ခေတ်သစ်ကို
တစ်ကျော့ပြန် ပြန်လည် ထူထောင်နေတဲ့ ဒီကနေ့ နိုင်ငံ တည်ဆောက်ရေး လုပ်ငန်းစဉ်များမှာ
အားလုံး ပါဝင်ခွင့် ရရှိရေးဟာ အထူးပဲ အရေးကြီးပါတယ်။ လူများစုရဲ့ သဘောဆန္ဒကို လိုက်နာရမှာ
ဖြစ်သလို လူနည်းစုရဲ့ သဘောဆန္ဒကိုလည်း အလေးထားရမှာ ဖြစ်တဲ့ ဒီမိုကရေစီ သဘောတရားနဲ့ အညီ
ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ အမျိုးသား ညီညွတ်ရေးကို ပွင့်လင်းစွာဖြင့် လက်တွေ့ ဖော်ဆောင်နေပြီ
ဖြစ်ပါတယ်။ ဒီကနေ့ ဒီအချိန်မှာ အလုပ်သမားနဲ့ လယ်သမားတို့ရဲ့ အခွင့်အရေးနဲ့ ရပိုင်ခွင့်တွေ
တိုးတက် မြင့်မား လာအောင်လည်း အခြေခံဥပဒေနဲ့အညီ ကြိုးပမ်း ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။
အသွင်ကူးပြောင်းစ ဒီမိုကရေစီ လမ်းခရီးမှာ နိုင်ငံတော် ဖွံ့ဖြိုးရေးကို ယှဉ်တွဲ ဖော်ဆောင်နိုင်ဖို့
အတွက် အစိုးရနဲ့အတူ အချုပ်အခြာ အာဏာရဲ့ မဏ္ဍိုင်ကြီးများ၊ စတုတ္ထမဏ္ဍိုင် မီဒီယာများ၊ အရပ်ဘက်
လူမှု အဖွဲ့အစည်းများ အားလုံးတို့က ညီညီညွတ်ညွတ်နဲ့ ဝိုင်းဝန်း ဆောင်ရွက်ကြဖို့ တိုက်တွန်းလိုပါတယ်။
ခေတ်အဆက်ဆက်မှာ စည်းရုံးမှုတွေ ပျက်ပြီး မညီမညွတ်ဖြစ်ခဲ့တဲ့ သမိုင်းကို ယနေ့အခါမှာ ပြည်ဖုံးကားချနိုင်ဖို့
အရေးကြီးပါတယ်။ နောင်လာမယ့် မျိုးဆက်သစ်တွေ အတွက် ကောင်းမွန်တဲ့ အနာဂတ်ကို ဖန်တီးပေးနိုင်ဖို့
ဒီကနေ့ အားလုံးမှာ တာဝန်ရှိပါတယ်။ တူညီသော ရည်မှန်းချက် ဖြစ်တဲ့ နိုင်ငံနဲ့ ပြည်သူတို့ဘဝ
ဖွံ့ဖြိုး တိုးတက်ရေး အတွက် အတ္တဗဟိုပြု ဆောင်ရွက်မှု ဘောင်ထဲက ရဲရဲကြီး လမ်းခွဲထွက်နိုင်ဖို့
အရေးကြီးပါတယ်။
ဒီလိုသာ အမျိုးသား
ညီညွတ်ရေးကို တည်ဆောက် နိုင်မယ်ဆိုရင် သာယာ ၀ပြောတဲ့ ခေတ်တစ်ခေတ်ကို တည်ဆောက်နိုင်မှာ
အသေအချာပဲ ဖြစ်ပါတယ်။ ဒါကြောင့် သမိုင်းဝင် ၁၃၀၀ ပြည့် ရေနံမြေ အရေးတော်ပုံကြောင့်
နိုးထခဲ့တဲ့ အမျိုးသားရေး စိတ်ဓာတ်တွေကို ပြန်လည် အသက်သွင်းပြီး သန်း ၆၀ သော ပြည်သူများ
ကောင်းကျိုး အတွက် စည်းစည်း လုံးလုံး ညီညီ ညွတ်ညွတ် ကြိုးပမ်း ဆောင်ရွက် သွားကြဖို့
အလေးထား တိုက်တွန်း လိုက်ရပါတယ်။
No comments:
Post a Comment