Tuesday, December 31, 2013

ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း ၂၀၁၃-၂၀၁၄ ပညာသင်နှစ် ထူးချွန်ဆုများ ချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက် အားပေး



နေပြည်တော် ဒီဇင်ဘာ ၃၀
ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းသည် ယနေ့နံနက် (၉) နာရီတွင် နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန၌ကျင်းပသည့် ၂၀၁၃-၂၀၁၄ ပညာသင်နှစ် ထူးချွန်ဆုများ ချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက် အားပေးသည်။
အခမ်း အနားကို အခြေခံပညာ အထက်တန်း ကျောင်းသား ကျောင်းသူ လေးများက မြန်မာ့ကျောင်း သီချင်းဖြင့် သီဆိုဖွင့် လှစ် ပေးကြသည်။


ယင်းနောက် ပညာရေးဝန်ကြီးဌာန ခေတ္တပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးမြင့်က အခြေခံပညာ ကဏ္ဍတွင် မသင်မနေရ မူလတန်း ပညာရေးစနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်ရေး၊ ပညာသင်ယူမှု အခွင့်အလမ်းများ ပိုမိုတိုးမြင့် ရရှိရေးအတွက် မသင်မနေရ မူလတန်း ပညာရေးစနစ်ကို ၂၀၁၂-၂၀၁၃ ပညာသင်နှစ်တွင် စတင် အကောင် အထည် ဖော်ဆောင်ရွက် ခဲ့ပါကြောင်း၊ ယခုပညာသင်နှစ်တွင်လည်း နိုင်ငံတော်က မူလတန်းအဆင့် ကျောင်းသား ကျောင်းသူများ အားလုံးကို ကျောင်းသုံး ဖတ်စာအုပ်များနှင့် လေ့ကျင့်ခန်း စာအုပ်များ အခမဲ့ဖြန့်ဝေမှုနှင့်အတူ သတ်မှတ်ငွေကြေး များဖြင့် ထောက်ပံ့ ပေးခဲ့ပါကြောင်းဖြင့် ဂုဏ်ပြုအမှာစကား ပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့သည်။
ထို့ပြင် ပြည်ထောင်စု ဝန်ကြီးကလာမည့် ၂၀၁၄-၂၀၁၅ ပညာသင်နှစ် တွင်လည်း အလယ်တန်း အဆင့် အထိ အခမဲ့ ပညာရေး ဖြစ်စေရန်ရည်ရွယ်ကာ အလယ်တန်း အဆင့်တွင် ကျောင်းလခနှင့် အခြားသတ်မှတ် ငွေကြေးများ ကောက်ခံခြင်း မပြုတော့ဘဲ ကျောင်းသုံးဖတ်စာအုပ်များ အခမဲ့ပေးရန်စီစဉ်ဆောင်ရွက် လျက်ရှိပါ ကြောင်း၊ အခြေခံပညာ အဆင့်တွင်လည်း သင်ယူမှု အခွင့်အလမ်းများ တိုးမြင့် ရရှိရေးအတွက် အခြေခံပညာ ကျောင်းများ၏ အရည်အသွေး မြင့်မားစေရန် ကမ္ဘာ့ဘဏ်မှ အတိုးမဲ့ ချေးငွေ ဒေါ်လာသန်း ခြောက်ဆယ်နှင့် ၂၀၁၄-၁၅မှ ၂၀၁၆-၁၇ ပညာသင်နှစ်အထိ သုံးနှစ် ကာလအတွင်းတွင် ပညာသင် ထောက်ပံ့ကြေးနှင့် ကျောင်း ထောက်ပံ့ ကြေးပေးမည့် အစီအစဉ်များ၊ စွမ်းရည် မြင့်မားရေး သင်တန်းများ ပို့ချပေးမည့် အစီအစဉ်များကို ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းဖြင့် ဆက်လက် ပြောကြားခဲ့သည်။
ထို့နောက် အခြေခံပညာ အထက်တန်း ကျောင်းသား ကျောင်းသူ လေးများက ပညာရည်ထူးချွန် လူရည်မွန် သီချင်းဖြင့် သီဆို ဂုဏ်ပြုကြသည်။
ယင်းနောက် ၂၀၁၃ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌ သိပ္ပံဘာသာတွဲနှင့် ဝိဇ္ဇာ ဘာသာတွဲတို့တွင် ထူးချွန်စွာ အောင်မြင် ကြသည့် ကျောင်းသား ကျောင်းသူများအား ခေတ္တပြည်ထောင်စု ဝန်ကြီး ဒေါက်တာမျိုးမြင့်က လည်းကောင်း၊ အခြေခံပညာအဆင့် အင်္ဂလိပ်စာနှင့် သင်္ချာဘာသာရပ် စွမ်းရည်ပြိုင်ပွဲတွင် အင်္ဂလိပ်စာ ထူးချွန်ဆုရ ကျောင်းသား ကျောင်းသူ များအား ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏ မောင်လွင် ကလည်းကောင်း၊ သင်္ချာဘာသာရပ် စွမ်းရည်ပြိုင်ပွဲတွင် သင်္ချာထူးချွန် ဆုရ ကျောင်းသား ကျောင်းသူများအား ပြည်ထောင်စု ဝန်ကြီး ဦးမြတ်ဟိန်းက လည်းကောင်း ဆုတံဆိပ်များနှင့် ဂုဏ်ပြု လက်မှတ်များ ပေးအပ်ချီးမြှင့်ကြပြီး ဆုရရှိသူများနှင့်အတူ အမှတ်တရ မှတ်တမ်းတင် ဓာတ်ပုံများရိုက်ကြသည်။
ထို့နောက် အခြေခံပညာ အထက်တန်း ကျောင်းသား ကျောင်းသူလေးများက ဘက်စုံပညာကိုရည် တို့လှမ်းချီ သီချင်းဖြင့် သီဆိုဂုဏ်ပြုကြသည်။
ယင်းနောက် ဗဟိုအဆင့်နှင့် အခြေခံပညာအဆင့် စကားရည်လုပွဲ၊ ကျပန်း စကားပြောပြိုင်ပွဲ၊ ကဗျာရွတ် ပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲနှင့် နိုင်ငံတကာ ပန်းချီပြိုင်ပွဲ၊  ASEAN Quiz နှင့် Myanmar ICT Award ပြိုင်ပွဲများတွင် ထူးချွန်ဆုရ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများအား ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က လည်းကောင်း၊ အပြည်ပြည်ဆိုင်ရာ အားကစား ပြိုင်ပွဲများနှင့် (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆု ရရှိသူများအား ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် ကလည်းကောင်း ဆုတံဆိပ်များနှင့် ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ်ကြကာ ဆုရရှိသူများနှင့် အတူ အမှတ်တရ မှတ်တမ်း ဓာတ်ပုံများရိုက်ကြသည်။
ထို့နောက် အခြေခံပညာ ကျောင်းသား ကျောင်းသူ လေးများက ဇာတိမာန် သီချင်းကို သီဆိုဖျော်ဖြေကြပြီး အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းလိုက်သည်။
အခမ်းအနား အပြီးတွင် ဒုတိယသမ္မတနှင့် အဖွဲ့ဝင်များသည် ခင်းကျင်း ပြသထားသည့် ပညာရေးဖွံ့ဖြိုးမှု ပြခန်းကို လှည့်လည်ကြည့်ရှု အားပေး ခဲ့ကြသည်။

No comments:

Post a Comment