Tuesday, December 31, 2013

၂၀၁၄ ခုနှစ် မြန်မာနိုင်ငံ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူရေးနှင့် အာဆီယံ အသိုက်အဝန်း ထူထောင်ရေး ဆိုင်ရာ ဗဟိုကော်မတီ ပဉ္စမအကြိမ် အစည်းအဝေး ကျင်းပ



နေပြည်တော် ဒီဇင်ဘာ ၃၀
၂၀၁၄ ခုနှစ် မြန်မာနိုင်ငံ အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူရေးနှင့် အာဆီယံ အသိုက်အဝန်း ထူထောင်ရေးဆိုင်ရာ ဗဟိုကော်မတီ ပဉ္စမအကြိမ် အစည်းအဝေးကို ယနေ့ မွန်းလွဲ(၁)နာရီခွဲတွင် နေပြည်တော်ရှိ သမ္မတရုံး ဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပရာ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း တက်ရောက် အမှာစကား ပြောကြားသည်။

အစည်းအဝေးသို့ ပြည်ထောင်စု ဝန်ကြီးများ၊ ပြည်ထောင်စု ရှေ့နေချုပ်၊ ဒုတိယ ဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ဖိတ်ကြား ထားသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ယင်းနောက် အာဆီယံနိုင်ငံရေးနှင့် လုံခြုံရေး အသိုက်အဝန်းဆိုင်ရာ ကော်မတီဥက္ကဋ္ဌ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်က အာဆီယံ အသိုက်အဝန်း ထူထောင်ရေး ကိစ္စရပ်များ၊ အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ သီးသန့် အစည်းအဝေး ကျင်းပရေး ကိစ္စရပ်များနှင့် ၂၀၁၄ ခုနှစ် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူရေးဆိုင်ရာ ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို လည်းကောင်း၊ အာဆီယံ စီးပွားရေး အသိုက်အဝန်းဆိုင်ရာ ကော်မတီဥက္ကဋ္ဌ အမျိုးသား စီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှု ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ကံဇော်က ၂၀၁၄ ခုနှစ်၌ မြန်မာနိုင်ငံ အာဆီယံ အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူ ဆောင်ရွက်မည့် အစည်းအဝေးများတွင် စီးပွားရေးမဏ္ဍိုင် အနေဖြင့် ဆောင်ရွက် ထားရှိမှုနှင့် စီးပွားရေးဆိုင်ရာ အစည်းအဝေးများ ကျင်းပရန် စီစဉ်ထားရှိမှုများကို လည်းကောင်း၊ အာဆီယံလူမှု- ယဉ်ကျေးမှု အသိုက်အဝန်း ဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်ကြူက အာဆီယံလူမှု-ယဉ်ကျေးမှု အသိုက်အဝန်းဆိုင်ရာ အစည်းအဝေးများ ကျင်းပရန် စီစဉ်ထားရှိမှုများကို လည်းကောင်း၊ ဗဟိုကော်မတီဝင် ဦးကံချွန်က အာဆီယံ ထိပ်သီး အစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများ ကျင်းပရန်နှင့် အာဆီယံ နိုင်ငံများမှ နိုင်ငံ အကြီးအကဲများနှင့် ကိုယ်စားလှယ်များ တည်းခိုနေထိုင်ရန် နိုင်ငံတော် ဧည့်ဂေဟာနှင့် အဆောက်အအုံများ တည်ဆောက် ပြီးစီးမှု အခြေအနေများကို လည်းကောင်း ရှင်းလင်း တင်ပြကြသည်။
ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက် လာကြသည့် ပြည်ထောင်စု ဝန်ကြီးများက ၂၀၁၄ ခုနှစ်တွင် မြန်မာနိုင်ငံ အာဆီယံ အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူ ဆောင်ရွက်မည့် အာဆီယံ ထိပ်သီး အစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများ အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် ဝန်ကြီးဌာနအလိုက် စီစဉ် ဆောင်ရွက် ထားရှိမှု အခြေအနေများကို အသီးသီး ဆွေးနွေး တင်ပြကြသည်။
ထို့နောက် ဒုတိယသမ္မတက မကြာမီကာလတွင် အာဆီယံ ထိပ်သီး အစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများ ကျင်းပနိုင်ရေး တာဝန် ထမ်းဆောင် ကြရတော့မည် ဖြစ်ရာ သက်ဆိုင်ရာ ကဏ္ဍအလိုက် ပူးပေါင်း ဆောင်ရွက်ကြရန် လိုပါကြောင်း၊ ကျင်းပ ပြီးစီးသည့် ဆီးဂိမ်းပြိုင်ပွဲကြီးမှ အတွေ့အကြုံများကို ရယူပြီး သက်ဆိုင်ရာ ဝန်ကြီးဌာနအလိုက် အောင်မြင်အောင် လုပ်ဆောင် သွားကြရန် လိုပါကြောင်း၊ ၂၀၁၄ ခုနှစ်အတွင်း အာဆီယံ ထိပ်သီး အစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများကို အောင်မြင်အောင် ကျင်းပ ပြုလုပ်နိုင်မည် ဆိုပါက မြန်မာနိုင်ငံ၏ ပုံရိပ်သည် ယခုထက်ပိုမို ကောင်းမွန် လာနိုင်မည် ဖြစ်ပါကြောင်းဖြင့် ပြောကြားသည်။

No comments:

Post a Comment