Friday, September 27, 2013

နိုင်ငံရေးနှင့် မီဒီယာ

မင်းဗထူး
စတုတ္ထမဏ္ဍိုင်
စတုတ္ထမဏ္ဍိုင်အကြောင်း အစချီမိမှတော့ သောမတ်စ်ကာလိုင်ကပဲ စပြော ရတော့မှာပါပဲ။ ၁၉ ရာစုသမိုင်းပညာရှင်နဲ့  စကော့ လူမျိုးတွေးခေါ်ရှင် သော မတ်စ်ကာလိုင်က  “သူရဲကောင်းများနှင့်  သူရဲကောင်းဆည်းကပ်မှု” အမည်ရှိ စာအုပ်မှာ စတုတ္ထမဏ္ဍိုင်အကြောင်း စာနယ်ဇင်းကို ရည်ညွှန်းသော အယူ အဆဖြင့် ၁၈၄၁ ခုနှစ်က အစောဆုံး သုံးနှုန်းခဲ့တယ်လို့ ဖတ်ရှုလေ့လာရဖူးပါ တယ်။ သူကလည်း  လွှတ်တော်အမတ်တစ်ဦးဖြစ်တဲ့ အက်မွန်ဘတ်ခ်က ၁၇၈၇ ခုနှစ် ဗြိတိသျှပါလီမန် အစည်းအဝေးတစ်ခုမှာ လွှတ်တော်အတွင်း စာနယ်ဇင်းအတွက် နေရာတစ်နေရာသတ်မှတ်ပေးခြင်းနဲ့ ဆက်စပ်ပြီး ပြောခဲ့ တဲ့စကားကို ပြန်လည်ရည်ညွှန်း ခဲ့တာပဲဖြစ်ပါတယ်။

အက်မွန်ဘတ်ခ်က “ပါလီမန်မှာ မဏ္ဍိုင်သုံးရပ်ရှိတယ်၊ ဒါပေမယ့် ဟိုနားက သတင်းထောက်များအခန်းက သူတို့ထက်ပိုအရေးကြီးတဲ့  စတုတ္ထမဏ္ဍိုင် ဖြစ်တယ်။ တင်စားပြီးပြောတာလည်း မဟုတ်ဘူး၊  ရယ်စရာပြောတာလည်း မဟုတ်ပါဘူး။ ရိုးရိုးရှင်းရှင်းပဲ ပြောတာပါ။ စာရေးသားခြင်းက ဖြစ်ပေါ်လာ တဲ့ ပုံနှိပ်ခြင်းဆိုတာဟာ ကျွန်တော်မကြာခဏ ပြောခဲ့သလို ဒီမိုကရေစီနဲ့ ညီမျှတယ်။ စာရေးသားခြင်းကိုသာ အမျိုးမျိုးတီထွင်ပြီး လုပ်သွားကြပါ။ ဒီမို ကရေစီက မလွဲဧကန်ရှိလာရမှာပဲ။ တစ်တိုင်းပြည်လုံးကို ဘယ်သူက စကား ပြောနိုင်သလဲ။ ပြောနိုင်ရင် ဩဇာရှိမှာပဲ။ အုပ်ချုပ်ရေးမှာပဲ ဖြစ်ဖြစ်၊ ဥပဒေ ပြုရေးဖြစ်ဖြစ်  လုပ်ပိုင်ခွင့်အားလုံးမှာ ထာဝရမပြောင်းလဲနိုင်တဲ့ အင်အားဖြစ် လာမယ်။ ရာထူးအဆင့်အတန်း အခွန်ဘဏ္ဍာငွေနဲ့ တခြား နှမ်းဖြူးစရာတွေက ဘာမျှအရေးမကြီးပါဘူး။ တကယ်အရေးကြီး လိုအပ်တာက တခြားလူတွေ နားထောင်ချင်အောင် ပြောနိုင်တဲ့ ပါးစပ်တစ်ပေါက်ရှိဖို့ပါပဲ။ ဒီ့အပြင် ဘာမျှ မလိုပါဘူး” လို့ပြောခဲ့ကြောင်း ဖော်ပြထားပါတယ်။
၁၈ ရာစုကုန်ခါနီး ဘတ်ခ်တို့ခေတ်က ဗြိတိသျှပါလီမန်မှာ အစဉ်အလာ အရ ပါဝင်သော မဏ္ဍိုင်ကြီးသုံးရပ်က ခရစ်ယာန်ဘုန်းကြီးများ၊ သူကောင်းမျိုး နဲ့ အခြေခံပြည်သူလူထုတို့ ဖြစ်ကြပါတယ်။ သမိုင်းပညာရှင် ကာလိုင်ဟာ လူထု နိုးကြားလာမှုနဲ့ ဆက်စပ်ပြီး စတုတ္ထမဏ္ဍိုင် အကြောင်းကို အတော်ကလေး ပြောပြချင်ပုံရခဲ့ပါတယ်။ သူ့ရဲ့ ၁၈၃၇ ခုနှစ်ထုတ် “ပြင်သစ်တော်လှန်ရေး”သမိုင်းသုံးအုပ်တွဲစာအုပ်မှာ စတုတ္ထမဏ္ဍိုင်အကြောင်းတစ်ချက်တော့ ထည့် သွင်း ဖော်ပြခဲ့ပါသေးတယ်။  “စတုတ္ထမဏ္ဍိုင်အဖြစ် စွမ်းဆောင်ရည်ရှိသော အယ်ဒီတာများ ပေါ်ထွန်းလာခဲ့ကြသဖြင့် လူထုလှုပ်ရှားမှုများကို ဆပွားတိုး စေခဲ့သည်။ ချုပ်တည်း မထားတော့သဖြင့် မရေမတွက် နိုင်လောက်အောင် လူအင်အားကြီးထွား လာခဲ့သည်။”ဟု ရေးသားထားပါတယ်။ ထိုစဉ်က ပြင်သစ် နိုင်ငံရဲ့မဏ္ဍိုင်သုံးရပ်ကတော့ ဘုရားကျောင်းများ၊ မှူးမျိုးမတ်နွယ်များနဲ့ နိုင်ငံ သားများပဲ ဖြစ်ကြပါတယ်။
ဘတ်ခ်အပြင် စတုတ္ထမဏ္ဍိုင် အသုံး အနှုန်းကို တီထွင် ခဲ့ကြသူ အနည်းဆုံး အခြား နှစ်ဦးလည်း ရှိပါသေးတယ်။ ဗြိတိသျှ နိုင်ငံရေးသမား ဟင်နရီဘရောက်ဟမ် က  ၁၈၂၃/၂၄ ခုနှစ်ခန့်က   စတုတ္ထ မဏ္ဍိုင် အကြောင်း    ပါလီမန် မှာတစ်ကြိမ် ပြောကြားခဲ့ပါတယ်။ သမိုင်းပညာရှင်  သောမတ်စ်မက်ကောလေးကလည်း ၁၈၂၈ ခုနှစ်၊ “ဟော်လမ်ဖွဲ့စည်းပုံသမိုင်း”စာအုပ်တွင် တစ်ကြိမ်ဖော်ပြခဲ့ဖူး ကြောင်းသိရပါတယ်။   ကာလိုင်က စာနယ်ဇင်းကို     စတုတ္ထ မဏ္ဍိုင်အဖြစ် လူအများ လက်ခံလာအောင် မတင်ပြနိုင်သေးမီ စောစောပိုင်း စာရေးဆရာ တချို့က စတုတ္ထမဏ္ဍိုင်ကို ရှေ့နေများ၊ ဘုရင်မများရဲ့ကြင်ရာတော်များ၊ အလုပ် သမားသမဂ္ဂများ(သို့မဟုတ်) ပစ္စည်းမဲ့ လူတန်းစားများအတွက် ရည်ညွှန်းပြီး သုံးစွဲခဲ့ကြတာကိုလည်း ဖတ်ရှုလေ့လာ တွေ့ရှိရပါတယ်။ ဒါကြောင့် ထိုစဉ်တုန်း က စတုတ္ထမဏ္ဍိုင်ကို နိုင်ငံမှာ  အတည်တကျ ရှိပြီးသားဖြစ်နေတဲ့ မဏ္ဍိုင် သုံးရပ်နဲ့ ဆက်စပ်ရည်ညွှန်းဖို့အတွက် အသုံးပြုခဲ့ကြတယ်လို့ ဆိုရမှာဖြစ်ပါ တယ်။
စတုတ္ထ မဏ္ဍိုင်ဟူသော  အသုံး အနှုန်းရဲ့ အစဟာ    တစ်သမတ်တည်း အပြောင်းအလဲမရှိဘဲ ဖြစ်ပေါ် လာခဲ့တာ မဟုတ်တဲ့အပြင်  ဘယ်တုန်းကမှ ဥပဒေပြဋ္ဌာန်းပြီး ရှင်းလင်း ပြတ်သားစွာ ဖော်ထုတ် ထားခြင်းလည်း မရှိစေကာ မူ၊ ယခုအခါမှာတော့ ကမ္ဘာတစ်ဝန်းလုံးရှိ ဒီမိုကရေစီ နိုင်ငံများမှာ မီဒီယာကို အခြေခံကျသော ဘုံသဘောထား အယူအဆဖြင့် စတုတ္ထမဏ္ဍိုင်ဟု ရည်ညွှန်း ပြောဆိုလျက် ရှိနေကြပြီ ဖြစ်ပါတယ်။ ဥပဒေ ပြုရေးအာဏာ၊ အုပ်ချုပ်ရေး အာဏာနဲ့ တရားစီရင်ရေး အာဏာတို့ကို မဏ္ဍိုင်ကြီး သုံးရပ်က အပြန် အလှန် ထိန်းကျောင်း သုံးစွဲရာမှာ ညီညွတ် မျှတစေရန် အတွက် ပြည်သူလူထုရဲ့ သဘောထား ထင်မြင်ချက်ဟာ နောက်ဆုံးနဲ့ အရေးအကြီးဆုံး စစ်ဆေး အကဲဖြတ်ချက်ပဲ ဖြစ်ပါတယ်။ မဏ္ဍိုင်ကြီးများမှာ ပွင့်လင်းမြင်သာမှုရှိပြီး ရိုးသားဖြောင့်မတ်သော စနစ်ကောင်းများတည်ရှိစေရေးနဲ့ အာဏာအလွဲသုံးစားပြုလုပ်တာ၊ အကျင့်ပျက် ခြစားတာတို့လို ကိစ္စများပေါ်ပေါက်လာတဲ့အခါ ပြည်သူလူထုကို  သတိပေး ခေါင်းလောင်းထိုးဖို့ တာဝန်ဟာ မီဒီယာရဲ့တာဝန်ပါပဲ။ မီဒီယာဟာ ပြည်သူ လူထုရဲ့ သဘောထား ထင်မြင်ချက်ကို ပုံသွင်း ပေးနိုင် တာကြောင့် သူ့ကို ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ အညီ တည်ရှိနေသော မဏ္ဍိုင်ကြီးများကဲ့သို့ပဲ တန်းတူအရေး ကြီးတယ်လို့ တန်ဖိုး ထားတဲ့ အနေနဲ့ စတုတ္ထမဏ္ဍိုင် အယူအဆ ဖြစ်ပေါ် လာတယ် လို့ယုံကြည်ရပါတယ်။ လွတ်လပ်သော စာနယ်ဇင်း(သို့မဟုတ်) လွတ်လပ်သော မီဒီယာကို စတုတ္ထမဏ္ဍိုင်အဖြစ် ရည်ညွှန်းကြတဲ့ အခြား အကြောင်း ပြချက် တစ်ခု ကတော့ ဒီမိုကရေစီကို  ကာကွယ် စောင့်ရှောက်ရာမှာ ဗဟိုချက်တစ်ခုသဖွယ် ဖြစ်နေလို့ပါပဲ။
၁၉၅၈ ခုနှစ်မှ ၁၉၈၁ ခုနှစ်အထိ  အမေရိကန် ပြည်ထောင်စု  တရား လွှတ်တော်ချုပ် တရားသူကြီးအဖြစ် တာဝန် ထမ်းဆောင်ခဲ့တဲ့ ပေါ့တာစတီးဝပ် က ရေးလ်တက္ကသိုလ် ဥပဒေကျောင်းသား ကျောင်းသူများကို စကားပြောခဲ့ ရာမှာ “လွတ်လပ်သော စာနယ်ဇင်းဟာ အာဏာပိုင်များကို စေ့စေ့စပ်စပ် စိစစ် နိုင်ဖို့အတွက် ကျွမ်းကျင် သူများနဲ့ ဖွဲ့စည်းထား နိုင်တဲ့အတွက် တရားဝင်ခက်မ သုံးဖြာ မဏ္ဍိုင်ကြီးသုံးရပ်တို့ရဲ့ အပြင်ဘက်က ထပ်ဆောင်း ထားသော စတုတ္ထ အဖွဲ့ အစည်း ဖြစ်တယ်”လို့ ဖော်ပြခဲ့ပါတယ်။ သူရဲ့ ပြောကြား ချက်ဟာ အမေရိကန် နိုင်ငံ တစ်ဝန်း လုံးမှာ ပျံ့နှံ့သွားခဲ့ပြီး ယခင်က စတုတ္ထခက်မ (The fourth bran- ch) ဟူသော အသုံး အနှုန်းအစား ဒီမိုကရေစီ၏ စတုတ္ထမဏ္ဍိုင်(သို့မဟုတ်) စတုတ္ထ ပရဝဏ် (The fourth estate) ဟူ၍ ဖြစ်လာ ရကြောင်း  လေ့လာ သိရှိရ ပါတယ်။  စတုတ္ထ ခက်မသည် အာဏာပိုင် ခက်မသုံးဖြာနှင့် မလွတ်ကင်းဟု ယူသော် ရနိုင်ပြီး စတုတ္ထမဏ္ဍိုင်ဟု သုံးနှုန်းခြင်း အားဖြင့် စာနယ်ဇင်းရဲ့ လွတ်လပ် မှုနှင့် ဩဇာ ကြီးမှုတို့ကို  ပိုမို အလေး ဂရုပြုရာ ရောက်တယ်လို့ ယူဆနိုင်ပါတယ်။
မည်သို့ပင်ဖြစ်စေ ဒီမိုကရေစီ အရေးအတွက် အခရာကျသော တာဝန်ကို ကောင်းမွန်စွာ ထမ်းဆောင်နိုင် ဖို့အတွက် မီဒီယာဟာ ကျကျနန အမှီအခိုကင်း ဖို့လိုပါတယ်။ အစိုးရ ကိုယ်တိုင် ကသော်လည်းကောင်း၊ အင်အား ကြီးမားသော ပုဂ္ဂလိက အကျိုးစီးပွားများ ကသော်လည်းကောင်း မီဒီယာကို လွှမ်းမိုးခြယ်လှယ် ခြင်းမှ ကင်းလွတ် စေရပါမယ်။ မီဒီယာတွေ ကိုယ်တိုင်ကလည်း အစိုးရဘက်ကို သော်လည်းကောင်း၊ အတိုက် အခံဘက် ကိုသော်လည်းကောင်း ဘက်လိုက်မှု ကင်းရှင်း ရမှာဖြစ်သလို ပုဂ္ဂိုလ်စွဲ၊ ဝါဒစွဲ၊ ကိုယ်ပိုင် ခံစားချက် အစွဲ အလမ်း အမျိုးမျိုးနဲ့ အဂတိ တရား အမျိုးမျိုး မှလည်း ကင်းရှင်းမှသာ တည့်မတ် မှန်ကန်တဲ့ မဏ္ဍိုင်တစ်ခု ဖြစ်နိုင် ပါလိမ့်မယ်။ နိုင်ငံတော် အစိုးရဟာ လွှမ်းမိုး ခြယ်လှယ်ခြင်းကို ကန့်သတ် နိုင်ရန်အတွက်  နိုင်ငံပိုင် မီဒီယာ တချို့ကို  အများပြည်သူ ဘဏ္ဍာ  ရန်ပုံငွေနဲ့ လည်ပတ်တဲ့ မီဒီယာ အဖြစ် ပြောင်းလဲ ဖွဲ့စည်း နိုင်ရန် ကြိုးပမ်း နေခြင်းဟာ ဒီရည်ရွယ် ချက်ကြောင့် ဖြစ်ပါတယ်။ အများပြည်သူ ဝန်ဆောင်မှု မီဒီယာကို နိုင်ငံသား အစု အဖွဲ့ ကိုယ်စားပြု သူများနဲ့ ပါဝင် ဖွဲ့စည်းထားတဲ့ လွတ်လပ်သော ကောင်စီတစ်ခုက တာဝန်ယူ သွားမှာ ဖြစ်တဲ့ အတွက် ပုဂ္ဂလိက မီဒီယာများ ကဲ့သို့ပဲ  လွတ်လွတ် လပ်လပ် လှုပ်ရှား ဆောင်ရွက်ခွင့် ရရှိနိုင်မှာ ဖြစ်ပါတယ်။ အင်အား ကြီးမားသော ပုဂ္ဂလိက အကျိုး စီးပွားများရဲ့ လွှမ်းမိုး ခြယ်လှယ်ခြင်း ကိုတော့ မီဒီယာ ပိုင်ဆိုင်မှုများ စုစည်းခြင်းကို ကန့်သတ်သော နည်းလမ်းဖြင့် ဖြစ်စေ၊ အခြားသော စည်းမျဉ်း စည်းကမ်းများ ဖြင့်ဖြစ်စေ ထိန်းညှိပေးဖို့ လို အပ်ပါတယ်။ မီဒီယာတွေ အားလုံးရဲ့  ကိုယ်ပိုင် ကျင့်ဝတ် သိက္ခာပိုင်း ကိုတော့ အများပြည်သူနဲ့ မီဒီယာတွေ ကိုယ်တိုင် ပါဝင်တဲ့ ကောင်စီ အဖွဲ့ အစည်းနဲ့ပဲ ထိန်းညှိပဲ့ပြင် မြှင့်တင် သွားရမှာ ဖြစ်ပါတယ်။ ဒါတွေ မလုပ်ဘဲနဲ့တော့ မီဒီယာဟာ ဒီမိုကရေစီ တည်ဆောက် ရေးမှာ ပါဝင်တဲ့ သူတို့ရဲ့ အခန်း ကဏ္ဍကို ဘယ်လို မျှဘက်မလိုက်ဘဲ ထိထိ ရောက်ရောက် လုပ်နိုင်မှာ မဟုတ်ပါဘူး။
ဒီနေရာမှာ အလျဉ်းသင့်လို့ ၁၉၅၂ ခုနှစ်ထုတ် ဆရာမကြီး ဒေါ်ခင်မျိုး ချစ်ရဲ့ “သတင်းစာလောက” စာအုပ်မှ အချက် အလက် တချို့ကို  ကောက်နုတ်၍ ရည်ညွှန်း လိုပါတယ်။ စာမျက်နှာ ၅၃/၅၄ မှာ-”ပထမ အချက်တွင် ဒီမိုကရေစီ အောင်မြင်ရန် အခြေခံ ဖြစ်သော လူထု အသိဉာဏ် ရရေးမှာ လူထု ကို အမြင်မှန် ပေးသည့် သတင်းစာ များအပေါ် တည်သည်။  သတင်းစာ လုပ်ငန်းသည် အမြတ် အစွန်းလည်း ဖြစ်ထွန်းရမည်၊ လူထုကိုလည်း ပညာ ပေးရမည်။ ဒုတိယ အချက်၌  လူထုကို တိုင်းပြည်၌  အသုံးဝင်သော လူများ ဖြစ်လာ နိုင်အောင်  ပညာ သင်ပေး ရာတွင် ငွေကြေး တတ်နိုင်မှ ပညာရစေ ရန် မဟုတ်ဘဲ သတင်းစာမှ တစ်ဆင့် ပညာကို ဖြန့်ဖြူး ပေးနိုင်စေရန် ဖြစ်သည်။ တတိယ အချက်မှာ လူတို့အား မိမိ ပတ်ဝန်းကျင်၌ မိမိတာဝန်ကို စိတ်ပါစွာ ဆောင်ရွက် လိုသည့် စိတ်မျိုး မွေးလာအောင် သတင်းစာက လှုံ့ဆော် ပေးရမည်။ ထိုရည်ရွယ်ချက်များ အောင်မြင်စေရန် သတင်းစာကို တာဝန်ရှိသောလူအများ ပိုင်သည့် လက်နက် တစ်ခု ဖြစ်လာအောင် မည်သို့ ဖန်တီး ရမည်ကို ဆွေးနွေး ဦးအံ့”ဟု ဖော်ပြထားပါတယ်။
ဆရာမကြီး ဒေါ်ခင်မျိုးချစ်က”သတင်းစာကို တာဝန်ရှိသော လူအများပိုင်” ဖြစ်လာစေရန် ကမ္ဘာ အရပ်ရပ်မှ အယူ အဆ တချို့နဲ့  နည်းလမ်းများကို ဆွေးနွေး ဖော်ပြ ခဲ့ပြီးနောက် ဗြိတိသျှ နိုင်ငံသား စာနယ်ဇင်း ပညာရှင်နှင့် စစ် ဆန့်ကျင်ရေးသမား ကင်စလေမာတင်ရဲ့  အယူ အဆကို မီးမောင်း ထိုးပြခဲ့ပါ တယ်။ စာမျက်နှာ ၆၇/၆၈ တွင် “လူထုပိုင် သတင်းစာ ဟူ၍ ဖြစ်ပေါ်လာရေး နှင့်ပတ်သက်၍ အချေအတင် စောဒက တက်ချက်တို့ကို ချုး၍ကြည့်သော် အမြတ်အလို့ငှာ တာဝန်မဲ့သူ ပုဂ္ဂိုလ်တစ်ဦး တစ်ယောက်က အုပ်ချုပ်ထုတ်ဝေ သည့် စနစ်အစား သတင်းစာတို့ကို တာဝန်သိ၍ လွတ်လပ်သော အဖွဲ့အစည်း တို့က အများပိုင် သဘောနှင့် တည်ထောင်သော စနစ်ကို လိုက်နာလျှင် သတင်းစာ လွတ်လပ်ခွင့် မထိခိုက်နိုင် ဟူ၍ ကင်စလေမာတင်က ယူဆသည်။ ထိုသတင်းစာ မျိုး၌ နိုင်ငံတော် ချုပ်ချယ်မှုမှ ကင်းနေကျအတိုင်း ကင်းမည်။ ဝေဖန်မှု၌ လွတ် လပ်နေသည့် အချိုးအတိုင်း လွတ်လပ်မည်။ သတင်းယူရာ၌ အပြိုင် အဆိုင် ယူနိုင်သည့် သဘောမှာလည်း ယနေ့ လက်ရှိ သတင်းစာများနည်းတူ  ယူနိုင်မည်။ ထိုသတင်းစာ မျိုးမှာ အမြတ် အလို့ငှာ ထုတ်ဝေခြင်း မဟုတ် သောကြောင့် လည်းကောင်း၊ အမြတ် အတွက်သာ အစု အသင်း ဖွဲ့ထားခြင်း မဟုတ် သောကြောင့် လည်းကောင်း အမျိုး အစားလည်း စုံလိမ့်မည်။ ပြည်သူ အကြိုက် ကိုသာ လိုက်လိုသော ဉာဉ်လည်းကင်းမည်။  ပြည်သူ အများနှင့် ဆိုင်ရာ ကိစ္စတို့ကို ဆွေးနွေး ရန်လည်း ဖြစ်နိုင်မည်”ဟု ဖော်ပြ ထားပါတယ်။
ယခုအခါ နှစ်ပေါင်း ၆၀ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။ မြို့ပြနဲ့ ကျေးလက်၊ ပြည်နယ် ပြည်မ နယ်စပ် ဒေသပါ မကျန် ပြည်သူလူထု အသိပညာ ကွာဟချက် ကို ကျဉ်းမြောင်း နိုင်သမျှ ကျဉ်းမြောင်း သွားစေရန် လူထု ပညာ ပေးရေး ရည်ရွယ် ချက်ဖြင့် ယူနက်စကိုရဲ့  အကူ အညီ ရယူပြီး  ရေးဆွဲ ထားတဲ့ အများ ပြည်သူ ဝန်ဆောင်မှု မီဒီယာ ဥပဒေကြမ်းသည် အများပြည်သူ အကျိုး စီးပွားလော၊ သီးသန့် အကျိုး စီးပွားလော၊ ပြည်သူ လူထုကြီးက ဆက်စပ် တွေးတော စဉ်းစား နိုင်ရန်အတွက် တင်ပြ လိုက်ရခြင်း ဖြစ်ပါတယ်။ လူထု ပညာပေးရေး လုပ်ငန်း များမှာ ဒီ့ထက်ပိုမို လျင်မြန်ပြီး ထိရောက်တဲ့ ယန္တရား ရှိနေ သေးတယ် ဆိုရင်လည်း ကျွန်တော်က   နာခံဖို့ အဆင်သင့်ပါပဲ။  နောက်ဆုံး ပြောချင်တာ ကတော့ ကျွန်တော်တို့ မြန်မာ နိုင်ငံတော်ရဲ့ ဒီမိုကရေစီ ဖော်ဆောင်ရေး လုပ်ငန်းစဉ်မှာ မီဒီယာက ဘယ်လို အရေးကြီးတဲ့ ပေးဝေမှုတွေ လုပ်ဆောင် ပေးနိုင်သလဲ ဆိုတာ ကတော့ အများပြည်သူက ဘယ်လောက်ထိ ကျယ်ကျယ် ပြန့်ပြန့် အသိ အမှတ်ပြု လက်ခံနိုင်သလဲ ဆိုတဲ့ အချက်နဲ့ သတင်း သမားများ၊ အယ်ဒီတာများ၊ ထုတ်ဝေ သူများရဲ့ အမှီ အခို ကင်းမှု၊ စာနယ်ဇင်း အတတ် ပညာ ကြွယ်ဝမှုနဲ့ အများပြည်သူ အကျိုးစီးပွား ဦးစားပေးမှုတို့ အပေါ်မှာသာ တည်နေကြောင်း ပါခင်ဗျား။
စာဖတ်သူ အားလုံးကို ကျေးဇူး တင်ပါတယ်။

No comments:

Post a Comment