Thursday, July 25, 2013

ပင်လယ်ရေအောက် ကေဘယ် ချွတ်ယွင်း အင်တာနက်များ တစ်လခန့် နှေးနေဦးမည်

၁။မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း၏ အပြည်ပြည်ဆိုင်ရာ ဆက်ကြောင်းများနှင့် အဓိက ချိတ်ဆက်ထားသော ပင်လယ်ရေအောက် ဖိုင်ဘာကေဘယ် (SEA-ME-WE 3) ဆက်ကြောင်းသည် (၂၂-၇-၂၀၁၃)ရက်နေ့ ညနေ (၀၅း၀၀) နာရီခန့်တွင် ချွတ်ယွင်းမှု ဖြစ်ပွားခဲ့ပါသည်။

၂။ဤဆက်ကြောင်းမှ ဝန်ဆောင်မှု ပေးထားသော အင်တာနက်နှင့် နိုင်ငံရပ်ခြား တယ်လီဖုန်း အဝင်/အထွက် ခေါ်ဆိုမှုများ လုံးဝပြတ်တောက်ခြင်း မရှိစေရန် ကုန်းတွင်း နယ်စပ်ဖြတ်ကျော် ဆက်ကြောင်းများမှ ချိတ်ဆက် ပေးထားပါသည်။
၃။(SEA-ME-WE 3) ဆက်ကြောင်း၏ မြန်မာပြည်တွင်း လမ်းကြောင်း တစ်လျှောက်ဖြစ်သော ဖျာပုံ၊ ကျုံကဒွန်းနှင့် ကုလားထိပ် ပင်လယ် ကမ်းစပ်အထိ လိုက်လံ စစ်ဆေးခဲ့ရာ ချွတ်ယွင်းမှုသည် ပင်လယ်အတွင်း (၁၃) ကီလိုမီတာခန့်တွင် ဖြစ်နိုင်ကြောင်း တိုင်းတာ တွေ့ရှိရပါသည်။
၎။ဤချွတ်ယွင်းမှုအား စင်ကာပူနိုင်ငံ အခြေစိုက် ပင်လယ်ရေအောက် ကေဘယ်ပြုပြင် ထိန်းသိမ်းရေး အဖွဲ့နှင့် ညှိနှိုင်းပြီး အဖွဲ့မှ အမြန်ဆုံး ပြုပြင်နိုင်ရန် ဆောင်ရွက်လျက် ရှိပါသည်။ ပြုပြင်ရန် ခန့်မှန်းကြာမြင့်ချိန်မှာ တစ်လခန့် ဖြစ်ပါသည်။ ပြုပြင်ဆဲကာလအတွင်း အင်တာနက်အသုံးပြုမှုများ နှောင့်နှေးနေမည် ဖြစ်ပါကြောင်း မိဘပြည်သူများအား အသိပေးတင်ပြအပ်ပါသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း

No comments:

Post a Comment