Saturday, July 13, 2013

နိုင်ငံခြားရေးဝန်ကြီးဌာန၏ အရေးယူ ဆောင်ရွက်ချက်များကို ပြည်သူများသိရှိစေရန် ထုတ်ပြန်ကြေညာခြင်း

စင်ကာပူရှိ မြန်မာသံရုံးတွင် ဝင်ငွေခွန်ပေးဆောင်ရမှုနှင့် အခွန်နှစ်ထပ် စည်းကြပ်မှု ရှောင်ရှားရေး သဘောတူစာချုပ် ADTA agreement လက်မှတ်ရေးထိုးထားသည့် နိုင်ငံများတွင် သွားရောက် အလုပ်လုပ်ကိုင် နေသည့် မြန်မာနိုင်ငံသားများအပေါ် ဥပဒေမှပေးအပ်သည့် အခွင့်အရေး အပြည့်အဝ ရရှိရေးအတွက် ဆောင်ရွက် ပေးနိုင်ပါရန် တင်ပြမှုနှင့် စပ်လျဉ်းသည့် အကြံပြုတင်ပြချက်များအပေါ် နိုင်ငံခြားရေးဝန်ကြီးဌာန၏ အရေးယူ ဆောင်ရွက်ချက်များကို ပြည်သူများသိရှိစေရန် ထုတ်ပြန်ကြေညာခြင်း

၁။ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အစိုးရ၏ (၂၁-၁၂-၂၀၁၁) ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ် (၅၇/၂၀၁၁)ဖြင့် ပြည် ပနေ မြန်မာနိုင်ငံသားများ အတွက် ဝင်ငွေခွန်များကို (၁-၁-၂၀၁၂)ရက်နေ့မှစ၍ ကင်းလွတ်ခွင့်ပြုကြောင်း ကြေညာခဲ့ ပြီးဖြစ်သည်။ မြန်မာနိုင်ငံကူး လက်မှတ်အသစ် ထုတ်ယူရန်အတွက် ပြည်ပနေ အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားများ အနေဖြင့် (၃၁-၁၂-၂၀၁၁)ရက်နေ့ အထိသာ ဝင်ငွေခွန် ပေးဆောင်ရမည် ဖြစ်ပါသည်။ မြန်မာနိုင်ငံသား အများစုမှာ ပုံမှန်ဝင်ငွေခွန် ဆောင်ခြင်းထက် နိုင်ငံကူးလက်မှတ် အဟောင်း သက်တမ်းကုန်၍ နိုင်ငံကူးလက်မှတ်အသစ် ထုတ်ယူရန် သံရုံးသို့ ဆက်သွယ်သည့် အချိန်မှသာ ဝင်ငွေခွန် ပေးဆောင်လေ့ ရှိသည့်အတွက် သတ်မှတ်အခွန် ကင်းလွတ်ခွင့်ပြုသည့် အချိန်မတိုင်မီ ကာလများ အတွက်သာ ဝင်ငွေခွန် ကြွေးကျန်များကို ပေးဆောင်ရခြင်း ဖြစ်ပါသည်။
၂။မြန်မာနိုင်ငံသားများ ရရှိသည့် လစာဝင်ငွေအပေါ် အခွန်နှစ်ထပ် စည်းကြပ်မှု ရှောင်ရှားရေး သဘောတူစာချုပ် ADTA agreement စတင် အကျိုးသက်ရောက်သည့် (၁-၄-၂၀၁၃) ရက်နေ့မှစ၍ စင်ကာပူ နိုင်ငံကသာ အခွန်ကောက်ခံရမည် ဖြစ်ပြီး မြန်မာနိုင်ငံမှ အခွန်ကောက်ခံခွင့် မရှိတော့ကြောင်း အကြံပြုချက်နှင့် ပတ်သက်၍ စာချုပ် ဝင်နိုင်ငံများတွင်  ဘဏ္ဍာရေးနှစ် တစ်နှစ်အတွင်း ရက်ပေါင်း ၁၈၃ ရက်အောက် လျော့နည်း နေထိုင် လုပ်ကိုင် လျှင် သော် လည်းကောင်း၊ ဝင်ငွေ(သို့မဟုတ်) အခကြေးငွေတို့ကို အဆိုပါ စာချုပ်ဝင် နိုင်ငံ၏ ဌာနေပုဂ္ဂိုလ် မဟုတ်သောသူက ထုတ်ပေးလျှင် သော်လည်းကောင်း အဆိုပါ စာချုပ်ဝင် နိုင်ငံရှိ အမြဲတမ်း လုပ်ငန်း တည်ရာဌာန (သို့မဟုတ်) အတည်တကျနေရာမှ ကျခံခြင်း မရှိလျှင် သော်လည်းကောင်း၊ မြန်မာနိုင်ငံသားများ ရရှိသော လစာ၊ လုပ်ခများအပေါ် ဝင်ငွေကောက်ခံမှုကို အဆိုပါ စာချုပ်ဝင်နိုင်ငံများက စည်းကြပ် ကောက်ခံခြင်း မပြုနိုင်ဘဲ မြန်မာနိုင်ငံမှသာ ဝင်ငွေခွန် ကောက်ခံခွင့် ရှိကြောင်း စာချုပ်တွင် အတိအလင်း ဖော်ပြထားပါသည်။
၃။ထို့အပြင် အခွန်နှစ်ထပ် စည်းကြပ်မှု ရှောင်ရှားရေး သဘောတူစာချုပ် (ADTA agreement) လက်မှတ် ရေးထိုးထားသည့် နိုင်ငံများတွင် သွားရောက် အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားများ အပေါ် ဥပဒေမှ ပေးအပ်သည့် အခွင့်အရေး အပြည့်အဝ ရရှိရေးအတွက် ဆောင်ရွက်နိုင်ရန် အကြံပြု တင်ပြခြင်းနှင့် ပတ်သက်၍ ဘဏ္ဍာရေး ဝန်ကြီးဌာန၏ ညွှန်ကြားချက်အရ စင်ကာပူ အစိုးရသို့ အခွန်ပေးဆောင် ထားသူများအား အခွန်စည်းကြပ် ကောက်ခံခြင်း မရှိပါကြောင်းနှင့် (၁-၁-၂၀၁၃)မှ (၂၁-၆-၂၀၁၃) အထိ အခွန်ကင်းလွတ်ခွင့် ခံစားခွင့်ရရှိသူ စုစုပေါင်း ၃၂၁ ဦး ရှိပါသည်။ ထိုနည်းတူ နိုင်ငံတော် အစိုးရမှ ပြည်ပတွင် အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသားများအား ဝင်ငွေခွန်ကင်းလွတ်ခွင့် ပြုခဲ့သည့် (၁-၁-၂၀၁၂) ရက်နေ့ နောက်ပိုင်း ကာလအတွက် ဝင်ငွေခွန်များကို ကောက်ခံခြင်း မရှိပါကြောင်းနှင့် စင်ကာပူ နိုင်ငံတွင် နေထိုင် အလုပ် လုပ်ကိုင်လျက် ရှိကြသည့် မြန်မာနိုင်ငံသားများ အနေဖြင့် အခွန်ငွေ ပေးဆောင်ရန် တာဝန်ရှိသည့် (၃၁-၁၂-၂၀၁၁)ရက်နေ့မတိုင်မီ ကာလအတွက်သာ ဘဏ္ဍာရေး ဝန်ကြီးဌာန၏ ညွှန်ကြားချက်အရ ဝင်ငွေခွန် စည်းကြပ်ခြင်း ဖြစ်ပါသည်။
၎။ထို့ကြောင့် စင်ကာပူနိုင်ငံတွင် နေထိုင် အလုပ်လုပ်ကိုင်လျက် ရှိကြသည့် မြန်မာနိုင်ငံသားများသည် ဥပဒေမှ ပေးအပ်သည့် အခွင့်အရေး ခံစားရလျက် ရှိပါကြောင်းနှင့် အခွန်ထမ်း ပြည်သူများထံမှ ကောက်ခံရရှိသည့် အခွန်ငွေများကို စင်ကာပူနိုင်ငံရှိ UOB(United Oversea Bank) မှ တစ်ဆင့် ဘဏ္ဍာရေး ဝန်ကြီးဌာနသို့ နေ့စဉ်ပုံမှန် ပေးပို့လျက် ရှိပါကြောင်း အကြံပြု တင်ပြချက် များအပေါ် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ အရေးယူ ဆောင်ရွက်ချက်များကို ပြည်သူများ သိရှိစေရန် ထုတ်ပြန် ကြေညာအပ်ပါသည်။

No comments:

Post a Comment