Friday, November 6, 2026

နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်နှင့် Polytechnic University များ ညှိနှိုင်းစည်းဝေး


 နေပြည်တော် နိုဝင်ဘာ ၅

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာနရှိ နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်နှင့် Poly-technic University များ၏ ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် Naypyitaw State Poly-technic University အစည်း အဝေးခန်းမ၌ Hybrid စနစ်ဖြင့်ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်၊ ဒုတိယဝန်ကြီး ဒေါက်တာနေခြည်လဲ့လဲ့သိန်း၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ပြုစုပျိုးထောင်

ဦးစွာ ပြည်ထောင်စုဝန်ကြီးက Polytechnic University ၊ နည်းပညာတက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ်များသည် နိုင်ငံ၏လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး၊ သိပ္ပံနှင့်နည်းပညာကဏ္ဍမြှင့်တင်ရေးနှင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်လျက်ရှိကြောင်း၊ နည်းပညာကျွမ်းကျင်မှု၊ ဆန်းသစ်တီထွင်နိုင်မှုနှင့် အရည်အသွေးမြင့်လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရေးအတွက် ကျောင်းသားလူငယ်များကို ဗလငါးတန်နှင့်ပြည့်စုံပြီး ကျန်းမာကြံ့ခိုင်ကာ ပညာရေး၊ လူမှုရေးနှင့် စည်းကမ်းပိုင်း ဆိုင်ရာများတွင် ထူးချွန်ပြည့်ဝသည့် မျိုးဆက်သစ်လူငယ်များ ဖြစ်လာစေရန် ပြုစုပျိုးထောင်ပေးရန်လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးက သင်ရိုးညွှန်းတမ်းများကို လုပ်ငန်းခွင်လိုအပ်ချက်များနှင့်ကိုက်ညီစေရန် ပြန်လည်သုံးသပ်ပြင်ဆင်ရေး၊ Outcome-Based Education(OBE) စနစ်ကို ထိရောက်စွာအကောင်အထည်ဖော်ရေးနှင့် ခေတ်ကာလ၏ လိုအပ်ချက်များနှင့်အညီ တက္ကသိုလ်များတွင် Digital Transformation ကို အရှိန်အဟုန်ဖြင့်ဆောင်ရွက်ရေး ဆွေးနွေးပြောကြားသည်။

ယင်းနောက် တက်ရောက်လာကြသည့်တက္ကသိုလ်များမှ ပါမောက္ခချုပ်များနှင့် ဒုတိယပါမောက္ခချုပ်များက တက္ကသိုလ်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများ၊ သင်ကြားသင်ယူမှုဆိုင်ရာဆောင်ရွက်ချက်များ၊ အားသာချက်များ၊ အားနည်းချက်များနှင့် ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို ဆွေးနွေးတင်ပြကြသည်။

အဆိုပါ Polytechnic Uni-versity၊ နည်းပညာတက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ်များ၏ ညှိနှိုင်းဆွေးနွေးပွဲကို နိုဝင်ဘာ ၅ ရက်မှ ၆ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment