နေပြည်တော် နိုဝင်ဘာ ၇
မြန်မာနိုင်ငံ လူငယ်ရေးရာဗဟိုကော်မတီ၊ နေပြည်တော်ကောင်စီလူငယ်ရေးရာကော်မတီနှင့် အစိုးရစက်မှုလက်မှုသိပ္ပံ(နေပြည်တော်)တို့ ပူးပေါင်းဆောင်ရွက်သည့် အသက်မွေးဝမ်းကျောင်းနှင့် လုပ်ငန်းခွင်အကြို အခြေခံကွန်ပျူတာသင်တန်း (၂/၂၀၂၆)သင်တန်းကို ယမန်နေ့နံနက်ပိုင်းတွင် အစိုးရစက်မှုလက်မှုသိပ္ပံ(နေပြည်တော်)၌ ကျင်းပရာ လူငယ်ရေးရာဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ လူငယ် ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမောင်သင်း၊ ဒုတိယဝန်ကြီး ဦးစစ်နိုင်၊ နေပြည်တော် ကောင်စီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ၊ ဆရာ ဆရာမများနှင့် သင်တန်းသားသင်တန်းသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက လူငယ်များ၏ ခွန်အား၊ စိတ်အားထက်သန်မှု၊ တီထွင်ဖန်တီးနိုင်သည့် စွမ်းအားနှင့်နည်းပညာကို ကျွမ်းကျင်စွာအသုံးချနိုင်မှုတို့ဖြင့် လူ့အဖွဲ့အစည်းကို မြင့်မားအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ရန် အခြေခံအချက်ဖြစ်သည့် ကွန်ပျူတာကို ကျွမ်းကျင်စွာ အသုံးချနိုင်မှုဖြစ်ကြောင်း၊ ထို့ကြောင့် ယခုသင်တန်းတွင် ကွန်ပျူတာကို စနစ်တကျအသုံးပြုတတ်စေရန် ကြိုးစားသင်ယူပြီး ကွန်ပျူတာပညာရှင် အဆင့်ရောက်အောင် ကိုယ်ရည်ကိုယ်သွေးတိုးတက်အောင် ဆက်လက်ကြိုးစားတည်ဆောက်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးက လုပ်ငန်းခွင်အကြို အခြေခံကွန်ပျူတာ သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
အခြေခံကွန်ပျူတာသင်တန်းသို့ ကျောင်းနေအရွယ် ကျောင်းပြင်ပရောက် လူငယ်များ၊ ပြည်သူ့စစ်မှုထမ်းတာဝန် ထမ်းဆောင်ပြီးမြောက်သည့် လူငယ်များ၊ တက္ကသိုလ်ပညာသင်ကြားပြီး၍ ဘွဲ့ရရှိပြီး လုပ်ငန်းခွင်ဝင်ရောက်ရန် ကြိုတင်ပြင်ဆင်နေသည့် လူငယ်များအပါအဝင် သင်တန်းသား ၁၆ ဦး၊ သင်တန်းသူ ၁၆ ဦး စုစုပေါင်း ၃၂ ဦး တက်ရောက်လျက်ရှိပြီး သင်တန်းကာလမှာ နိုဝင်ဘာ ၆ ရက်မှ ၂၀ ရက်အထိ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment