Sunday, November 8, 2026

စက်တင်ဘာ ၂၁ ရက်မှ ၂၂ ရက်အထိ နေပြည်တော်၌ကျင်းပခဲ့သည့် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်မှုမှသည် နိုင်ငံ့ထုတ်ကုန်တိုးတက်မှုသို့ အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာခင်ဇာကျော်၏ ဆီထွက်သီးနှံ နှမ်းနှင့် ပဲပုပ်တိုးချဲ့ထုတ်လုပ်ခြင်းဖြင့် ပြည်တွင်းစားသုံးဆီဖူလုံရေးမှသည် ပြည်ပတင်ပို့နိုင်ရေး စာတမ်းကောက်နုတ်ချက်

 

၁။        မြန်မာနိုင်ငံတွင် လူဦးရေတိုးတက်လာသည်နှင့်အမျှ ဆီစားသုံးမှုများပြားလာသကဲ့သို့ ပြည်တွင်းစားသုံးဆီထုတ်လုပ်မှုမှာ လုံလောက်မှုမရှိသဖြင့် ပြည်ပမှစားအုန်းဆီကို နှစ်စဉ် တင်သွင်းလျက်ရှိပါသည်။ ပြည်တွင်းစားသုံးဆီအဖြစ် ထုတ်လုပ်ရာတွင် မြေပဲ၊ နှမ်းနှင့် နေကြာသီးနှံတို့ကို အဓိကထား၍ စိုက်ပျိုးထုတ်လုပ်လျက်ရှိပါသည်။ မြေပဲ၊ နှမ်းနှင့် နေကြာသီးနှံများမှရရှိသော စားသုံးဆီကို စားသုံးသူအများစု စားသုံးလျက်ရှိပြီး လက်ရှိအချိန်တွင် ပဲပုပ်ဆီကိုလည်း စားသုံးလာကြပါသည်။ ဆီထွက်သီးနှံတစ်မျိုးစီတွင် ပါဝင်သည့် အာဟာရ ဓာတ်များ မတူညီကြသောကြောင့် ဆီထွက်သီးနှံ မျိုးစုံစိုက်ပျိုးခြင်းဖြင့် စားသုံးသူများအနေဖြင့်လည်း မိမိတို့ကြိုက်နှစ်သက်သောဆီကို ရွေးချယ်ဝယ်ယူနိုင်မည့် အခွင့်အလမ်းပိုမိုရရှိလာနိုင်မည်ဖြစ်ပြီး ပြည်တွင်းစားသုံးဆီဖူလုံမှုကိုလည်း အထောက်အကူ ဖြစ်စေမည်ဖြစ်ပါသည်။

၂။         ဆီကြိတ်ပဲပုပ်အပါအဝင် ဆီထွက်သီးနှံများကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ၉ ဒသမ ၃၉ ဧကသန်း စိုက်ပျိုးခဲ့ပါသည်။ စုစုပေါင်းထွက်ရှိမှုမှ ပြည်တွင်းတွင် မျိုးအဖြစ်ပြန်လည်အသုံးပြုသည့် ပမာဏ၊ စားသုံးမှုပမာဏနှင့် စားသောက်ကုန်ထုတ်လုပ်မှုပမာဏတို့ကို နုတ်ပယ်ပြီးနောက် ကျန်ရှိသည့် ပမာဏကို ဆီကြိတ်ခွဲသည်ဟုယူဆ၍ တွက်ချက်ရာတွင် ဆီတန်ချိန် တစ်သန်းကျော်ရရှိပါသည်။ လူဦးရေ ၅၁ ဒသမ ၃ သန်းအတွက် တစ်ဦးလျှင် တစ်နှစ် ဆီစားသုံးမှု ခြောက်ပိဿာနှုန်းဖြင့် ဆီတန်ချိန် ငါးသိန်းကျော် လိုအပ်မည်ဖြစ်ပြီး ဆီဖူလုံမှု ၂၀၀ ရာခိုင်နှုန်းရှိကြောင်း တွက်ချက်ရရှိပါသည်။ တွက်ချက်မှုအရ ဆီဖူလုံမှုရှိသော်လည်း ပြည်တွင်းစားသုံးဆီ စားသုံးရန်နှင့် စက်မှုလုပ်ငန်းများတွင် အသုံးပြုရန်အတွက် စားအုန်းဆီကို နှစ်စဉ် တန်ချိန် ငါးသိန်းမှ ခြောက်သိန်းအထိ တင်သွင်းနေရဆဲဖြစ်ပါသည်။ ထို့ကြောင့် စားအုန်းဆီတင်သွင်းရာ၌ စက်မှုလုပ်ငန်းများတွင် မဖြစ်မနေအသုံးပြုရန် လိုအပ်သော ပမာဏကိုသာ တင်သွင်းပြီးစားသုံးဆီကို ပြည်တွင်းတွင်ထွက်ရှိသည့် ဆီထွက်သီးနှံများမှထွက်ရှိသောဆီကိုသာ စားသုံးနိုင်ကြရန်၊ စားသောက်ကုန်လုပ်ငန်းများတွင် အသုံးပြုရန်နှင့် အစေ့အဆန် ပြည်ပတင်ပို့ရန် အတွက် လုံလောက်မှုရှိစေရန် နှမ်းနှင့် ပဲပုပ် သီးနှံကို တိုးချဲ့ထုတ်လုပ်နိုင်ရန် လိုအပ်ပါ သည်။

၃။        နှမ်းသီးနှံကို မိုးခေါင်ဒဏ်ခံနိုင်ခြင်း၊ အခြား သီးနှံများနှင့် သီးညှပ်စိုက်ပျိုးနိုင်ခြင်း၊ မိသားစု ဆီဖူလုံမှုအတွက် စားသုံးဆီရရှိခြင်း၊ ပြည်ပပို့ကုန် ဈေးကွက်ရှိသဖြင့် ဈေးကောင်းရရှိနိုင်ခြင်းတို့ကြောင့် တောင်သူများ စိုက်ပျိုးကြခြင်းဖြစ်ပါသည်။ နှမ်းစိုက်ပျိုးရာတွင် တောင်သူများအနေဖြင့် အပင်ကျပ်လွန်းခြင်း၊ ကျဲလွန်းခြင်းမဖြစ်စေဘဲ သတ်မှတ်အပင်ဦးရေဝင်ဆံ့အောင် စိုက်ပျိုးခြင်း၊ သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာများကို စနစ်တကျထည့်သွင်းခြင်း၊ နှမ်းခင်းအတွင်း စုပ်ပိုးကျရောက်မှုကို စနစ်တကျကာကွယ်နှိမ်နင်းခြင်းဖြင့် နှမ်းဖို ရောဂါကျရောက်မှုကို နည်းပါးစေခြင်း၊ ရေလိုအပ် ချိန်တွင် ရေပေးသွင်းနိုင်ခြင်းတို့ကို ဆောင်ရွက်နိုင်ပါက နှမ်းသီးနှံအနေဖြင့် ပန်းတိုင်အထွက်နှုန်း ထွက်ရှိနိုင်မည်ဖြစ်ပါသည်။ ပြည်ပသို့ ဆီထွက်သီးနှံ များတင်ပို့နိုင်မှုကို လေ့လာရာ၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် တန်ချိန် ၂၅၅၁၁၉ ဒသမ ၀၅၄ တင်ပို့နိုင် ခဲ့ပြီး ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ၁၃-၃-၂၀၂၆ နေ့အထိ တန်ချိန် ၁၁၈၉၃၆ ဒသမ ၅၉၂ တင်ပို့နိုင်ခဲ့ပါသည်။ နှမ်းအထွက်နှုန်းကို လက်ရှိအထွက်နှုန်းဖြစ်သည့် တစ်ဧက ၁၀ တင်းနှုန်းထက်ပိုမိုထွက်ရှိ အောင်ဆောင်ရွက်နိုင်ပါက ပြည်တွင်းသုံးစွဲမှုနှင့် ပြည်ပတင်ပို့ခြင်းများကို ပိုမိုလုပ်ဆောင်နိုင်မည်ဖြစ်ပါသည်။

၄။        ပဲပုပ်သီးနှံမှ ပရိုတင်းကြွယ်ဝသော သီးနှံဖြစ်ပြီး စားသုံးသူများ၏ ကျန်းမာရေးအတွက် အထောက် အကူပြုသည့် စားသုံးဆီနှင့် တိရစ္ဆာန်အစာစပ်စက်ရုံများမှ လိုအပ်သည့် ပဲပုပ်ကြိတ်ဖတ်ကို ရရှိနိုင်ပါသည်။ ပဲပုပ်ကြိတ်ဖတ်ကို တိရစ္ဆာန်အစာအဖြစ် အသုံးပြုရာတွင် ပြည်တွင်းအစာစပ်စက်ရုံများမှ တစ်နှစ်လျှင် ပဲပုပ်ကြိတ်ဖတ်တန်ချိန် ၃ ဒသမ ၇ သိန်းခန့် အသုံးပြုလျက်ရှိပါသည်။ လက်ရှိပြည်တွင်းတွင် စိုက်ပျိုးထွက်ရှိသည့် ပဲပုပ်အားလုံးကို ဆီကြိတ်နိုင်ပါက ကြိတ်ဖတ်တန်ချိန် နှစ်သိန်းကျော်ရရှိနိုင် မည်ဖြစ်ပြီး တစ်ဧကအထွက်နှုန်းတိုးတက်ရန် ဆောင်ရွက်ခြင်းနှင့် လက်ရှိစိုက်ပျိုးလျက်ရှိသည့် ပဲပုပ်စိုက်ဧရိယာများကို ဆီကြိတ်ပဲပုပ်စိုက်ပျိုးနိုင်ပါက ပြည်တွင်းစားသုံးဆီ ကြိတ်ခွဲခြင်းနှင့် အစာစပ် စက်ရုံများအတွက် ကုန်ကြမ်းရရှိနိုင်မည့်အပြင် ပိုလျှံသည့်ပမာဏကို ပြည်ပသို့ တင်ပို့ရောင်းချနိုင် မည်ဖြစ်ပါသည်။

၅။        ကုန်ချောထုတ်လုပ်သည့်ကဏ္ဍတွင် ဆီစက်လုပ်ငန်းရှင်များနှင့် အစာစပ်လုပ်ငန်းရှင်များ အနေဖြင့် ဆီထွက်သီးနှံ စိုက်ပျိုးသူတောင်သူများနှင့် တိုက်ရိုက်ထိတွေ့ပြီး ကန်ထရိုက်လယ်ယာစနစ်ဖြင့် ဝယ်ယူခြင်းကို ဆောင်ရွက်နိုင်ပါက အရည်အသွေး ပြည့်မီသည့် ကုန်ကြမ်းများကို ဝယ်ယူရရှိနိုင်မည့် အခွင့်အလမ်း ပိုမိုရရှိလာမည်ဖြစ်ပါသည်။ ကန်ထရိုက် လယ်ယာစနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်ခြင်းဖြင့် စိုက်ပျိုးသူတောင်သူများအနေဖြင့်လည်း အရည်အသွေးကောင်းမွန်သည့် သီးနှံများကို စိုက်ပျိုး ထုတ်လုပ်နိုင်မည့် နည်းပညာနှင့် အရင်းအနှီးကို ရရှိနိုင်မည်ဖြစ်ပြီး ထွက်ရှိသည့်သီးနှံအတွက် သေချာသည့် ဈေးနှုန်းနှင့် ဈေးကွက်ရရှိနိုင်မည်ဖြစ်ပါသည်။

၆။        နှမ်းနှင့် ပဲပုပ် စိုက်ပျိုးထုတ်လုပ်မှုကို တိုးချဲ့ခြင်းဖြင့် ပြည်တွင်းဆီထွက်သီးနှံများ ထုတ်လုပ်မှု တိုးတက်ခြင်း၊ ဆီကြိတ်ခွဲမှုနှင့် မွေးမြူရေးလုပ်ငန်း များဖွံ့ဖြိုးလာခြင်းနှင့် ပြည်ပမှကြိတ်ဖတ်တင်သွင်းမှုကို အစားထိုးနိုင်ခြင်းနှင့် ပိုလျှံမှုကို ပြည်ပသို့အစေ့အဆန်နှင့် ကုန်ချောများ ပိုမိုထုတ်လုပ်တင်ပို့ နိုင်ခြင်း အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ပါသည်။

ရည်ရွယ်ချက်

၇။        ဤစာတမ်းကို အောက်ဖော်ပြပါ ရည်ရွယ်ချက်များဖြင့် ပြုစုတင်ပြရခြင်းဖြစ်ပါသည်-

(၁) နှမ်းနှင့်ပဲပုပ် သီးနှံများ၏ လက်ရှိစိုက်ပျိုး ထုတ်လုပ်မှုနှင့် ပြည်တွင်းဆီဖူလုံမှုအပေါ် အထောက်အကူပြုနိုင်သည့် ပမာဏကို ရှင်းလင်းတင်ပြရန်၊

(၂) နှမ်းနှင့် ပဲပုပ် ပန်းတိုင်အထွက်နှုန်းထွက်ရှိရေးအတွက် အဟန့်အတားဖြစ်စေသည့် အချက်များကို လေ့လာဖော်ထုတ်ရန်၊

(၃) စိုက်ပျိုးထုတ်လုပ်မှု တိုးတက်ရေးအတွက် ဆောင်ရွက်သင့်သည့် လုပ်ငန်းများနှင့် စပ်လျဉ်း၍ အကြံပြုတင်ပြရန်။

၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် နှမ်းနှင့် ပဲပုပ်သီးနှံများ စိုက်ပျိုးထုတ်လုပ်မှုနှင့် ဆီဖူလုံမှု

၈။        ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် နှမ်းသီးနှံစိုက်ပျိုး ထုတ်လုပ်ရာတွင် မိုး၊ ဆောင်း၊ နွေသုံးရာသီ စိုက်ပျိုးပြီး စိုက်ဧက ၄ ဒသမ ၁ သန်းကျော်၊ ရိတ်သိမ်းဧက လေးသန်းကျော်၊ တစ်ဧက အထွက်နှုန်း ၁၀ ဒသမ ၂၁ တင်းနှုန်းဖြင့် တင်းပေါင်း ၄၁ ဒသမ ၅ သန်းကျော် ထွက်ရှိခဲ့ပါသည်။ ပဲပုပ်ကို မိုးနှင့် ဆောင်းတွင် စိုက်ပျိုးပြီး စိုက်ဧက လေးသိန်းကျော်၊ ရိတ်ဧက လေးသိန်းကျော်၊ တစ်ဧကအထွက်နှုန်း ၂၀ ဒသမ ၁၃ တင်းနှုန်းဖြင့် တင်းပေါင်း ၈ ဒသမ ၇ သန်း ထွက်ရှိ ခဲ့ပါသည်။ ဆီကြိတ်ပဲပုပ်အနေဖြင့် မိုးနှင့် ဆောင်း တွင် နှစ်ရာသီစုစုပေါင်း စိုက်ဧက ၁ သိန်း ၇ သောင်း ကျော်၊ ရိတ်ဧက ၁ သိန်း ၇ သောင်းကျော်၊ တစ်ဧကအထွက်နှုန်း ၁၇ ဒသမ ၂၈ တင်းနှုန်းဖြင့် တင်းပေါင်း သုံးသန်းကျော်ထွက်ရှိခဲ့ပါသည်။

၉။        လူဦးရေ ၅၁ သန်းကျော်အတွက် လူတစ်ဦးလျှင် တစ်နှစ်ဆီစားသုံးမှု ခြောက်ပိဿာနှုန်းဖြင့် တွက်ချက် ပါက ဆီတန်ချိန်ငါးသိန်းကျော် လိုအပ်မည် ဖြစ်ပါသည်။ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် စိုက်ပျိုး ထုတ်လုပ်မှုမှနှမ်းသီးနှံအနေဖြင့် ဆီဖူလုံမှု ၇၄ ရာခိုင်နှုန်းနှင့် ဆီကြိတ်ပဲပုပ်အနေဖြင့် ဆီဖူလုံမှု သုံးရာခိုင်နှုန်းကို လွှမ်းခြုံနိုင်ကြောင်း တွက်ချက်ရရှိ ပါသည်။ ကြိတ်ဖတ်အနေဖြင့် နှမ်းဖတ်တန်ချိန် လေးသိန်းခြောက်သောင်းကျော်နှင့် ပဲပုပ်ဖတ်တန်ချိန် ခုနစ်သောင်းခန့်ထွက်ရှိကြောင်း တွက်ချက် ရရှိပါသည်။

နှမ်းနှင့် ပဲပုပ် တိုးချဲ့ထုတ်လုပ်ရာတွင် ကြုံတွေ့နိုင်သည့် အဟန့်အတားများ

၁၀။      နှမ်းသီးနှံတိုးချဲ့စိုက်ပျိုးရာတွင် အောက်ပါ အခက်အခဲများကို ကြုံတွေ့ရနိုင်ပါသည်-

(က)     အထွက်ကောင်းမျိုးများကို နှမ်းစိုက် တောင်သူများအားလုံးအတွက် လုံလောက်စွာ ဖြန့်ဖြူးပေးနိုင်ရန် လိုအပ်ခြင်း၊

(ခ)       စနစ်တကျ နှမ်းစိုက်ပျိုးထုတ်လုပ်မှုနှင့် ရိတ်သိမ်းချိန်လွန် နည်းပညာများကို တောင်သူအားလုံးမှ လိုက်နာဆောင်ရွက်ရန် လိုအပ်ခြင်း၊

(ဂ)       သီးညှပ်စိုက်ပျိုးခြင်း၊ ကြဲပက်စိုက်ပျိုး ခြင်းနှင့် နှမ်းမှုန်းရာတွင် စနစ်တကျ မဆောင်ရွက်ခြင်းတို့ကြောင့် နှမ်းသီးနှံ တစ်ဧက သတ်မှတ်အပင်ဦးရေ တစ်သိန်းကျော် ဝင်ဆံ့အောင် စိုက်ပျိုးနိုင်မှုမရှိခြင်း သို့မဟုတ် အပင်ကျပ်ခြင်းတို့ကြောင့် အထွက်လျော့နည်းခြင်း၊

(ဃ)     စုပ်ပိုးကာကွယ်နှိမ်နင်းမှု အားနည်း၍ နှမ်းပွင့်သီးချိန်တွင် နှမ်းဖိုရောဂါ ကျရောက် ခြင်းကြောင့် အထွက်လျော့နည်းခြင်း၊

(င)       နှမ်းစိုက်ဧရိယာအများစုသည် မိုးကောင်း သောက်ဒေသများတွင်ဖြစ်၍ နှမ်းသီးနှံ ရေလိုအပ်ချိန်တွင် ဖြည့်စွက်ရေပေးသွင်းနိုင်မှုမရှိခြင်းနှင့် ဓာတ်မြေဩဇာ ထည့်သွင်းစိုက်ပျိုးမှုမရှိခြင်း၊

(စ)       ပြောင်းလဲလာသည့် ရာသီဥတုအခြေအနေ များကြောင့် ပန်းပွင့်ချိန်တွင် မိုးခေါင်ခြင်း၊ မိုးများလွန်းခြင်းနှင့် ရိတ်သိမ်းချိန်တွင် မိုးများခြင်းကြောင့် သီးနှံအထွက် လျော့နည်းခြင်း၊

(ဆ)     နှမ်းစိုက်ခင်းများတွင် ရေနုတ်မြောင်း တူးဖော်သည့် အလေ့အထနည်းပါးခြင်း၊ ပေါင်ဖြင့် စိုက်ပျိုးမှုမရှိခြင်းတို့ကြောင့် မိုးများသည့်ဒဏ်ကို ခံနိုင်ရည်နည်းခြင်းနှင့် နှမ်းရိုးမည်းရောဂါကျရောက်ခြင်း၊

( ဇ )     စက်မှုလယ်ယာစနစ် ကျင့်သုံးမှုအားနည်းခြင်းနှင့် လုပ်သားရှားပါးခြင်းကြောင့် ရိတ်သိမ်းချိန် လေလွင့်မှုများခြင်း၊

(ဈ)      နှမ်းရိတ်ပြီး ပုံထားသည့်အလေ့အထကြောင့် နှမ်းအရည်အသွေးကျဆင်းပြီး ဈေးကောင်းမရရှိနိုင်ခြင်း၊

(ည)     အထက်ပါအချက်များနှင့်ပတ်သက်၍ တောင်သူများအား ပညာပေးမည့် စိုက်ပျိုးပညာပေး ဝန်ထမ်းအရေအတွက် ကန့်သတ်ချက်ရှိနေခြင်း၊

( ဋ )     ကန်ထရိုက်လယ်ယာစနစ် ကျင့်သုံးမှုအားနည်းခြင်း၊

( ဌ )     စိုက်ပျိုးထုတ်လုပ်မှုစရိတ် သုံးစွဲမှုကန့်သတ်ချက်များရှိနေခြင်း၊

( ဍ )     တောင်သူအများစုမှာ စီးပွားဖြစ်စိုက်ပျိုး ခြင်းထက် သွင်းအားစုအနည်းဆုံးဖြင့် မိသားစုဆီဖူလုံမှုအတွက်သာ နှမ်းသီးနှံကို စိုက်ပျိုးကြခြင်းကြောင့် တစ်ဧကအထွက်နှုန်းနည်းပါးရခြင်း။

၁၁။      ပဲပုပ်သီးနှံ တိုးချဲ့စိုက်ပျိုးရာတွင် အောက်ပါ အဟန့်အတားများကို ကြုံတွေ့ရနိုင်ပါသည်-

(က)     ပဲပုပ်သည် အမည်သစ်ဆီထွက်သီးနှံဖြစ်၍ စိုက်ဧရိယာနှင့် အထွက်နှုန်း နှစ်မျိုးလုံး တိုးတက်ရေး ဆောင်ရွက်ရန် လိုအပ်နေ သေးခြင်း၊

( ခ )     တိုးချဲ့စိုက်ပျိုးလိုသည့် ဆီထွက်ပဲပုပ် မျိုးများ လုံလောက်စွာထုတ်လုပ်ပေးရန် လိုအပ်ခြင်း၊

( ဂ )     အရည်အသွေးမြင့်ပြီး အထွက်ကောင်းသော မျိုးစေ့များကို တောင်သူများ အလွယ်တကူ ဝယ်ယူရရှိရန် ခက်ခဲခြင်း၊

(ဃ)     တစ်ဧကအထွက်နှုန်း တိုးတက်ရန် စနစ်တကျပဲပုပ်စိုက်ပျိုးနည်းစနစ်များ၊ ပိုးမွှားရောဂါကာကွယ်နှိမ်နင်းနည်းများကို တောင်သူများ လိုက်နာဆောင်ရွက်ရန်လိုအပ်ခြင်း၊

( င )     သွင်းအားစု သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာများကို စနစ်တကျ ထည့်သွင်းရန် လိုအပ်ခြင်း၊

( စ )     မိုးပဲပုပ်စိုက်ပျိုးရာတွင် ရိတ်သိမ်းပြီးချိန်၌ အမိုးအကာအောက်တွင်ထားရှိရန် အခက်အခဲရှိခြင်း၊

(ဆ)     စိုက်ပျိုးချိန် သို့မဟုတ် ပန်းပွင့်ချိန်တွင် ရေဝပ်ခြင်း၊ မိုးခေါင်ခြင်း၊ မိုးလွန်မှုနှင့် အပူချိန် လွန်ကဲခြင်းတို့ကြောင့် သီးပွင့်မှု နည်းပါးသွားခြင်း၊ ရာသီမရွေး မိုးရွာသွန်း မှုကြောင့် အထွက်နှုန်းနှင့် အရည်အသွေး ကျဆင်းရခြင်း၊

( ဇ )     ဆောင်းပဲပုပ်စိုက်ပျိုးရာတွင် ရေလိုအပ် ချိန်၌ ရေပေးသွင်းနိုင်ရန် လိုအပ်ခြင်း၊

(ဈ)      စက်မှုလယ်ယာစနစ် ကျင့်သုံးမှုအားနည်း ခြင်းနှင့် လုပ်သားရှားပါးခြင်းကြောင့် ရိတ်သိမ်းချိန် လေလွင့်မှုများခြင်း၊

(ည)     ယင်ဖြူ၊ ပဲပုပ်သံချေးရောဂါ (Rust)နှင့် ဗိုင်းရပ်စ်ရောဂါများ ပျံ့နှံ့ကျရောက်မှုကြောင့် အထွက်နှုန်း ပျက်စီးရခြင်း၊

( ဋ )     ပဲပုပ်သီးနှံသည် နိုက်ထရိုဂျင်နှင့် ဖော့စဖရပ်ဓာတ် လုံလောက်စွာရရှိရန်လိုအပ်ပြီး စိုက်ပျိုးမြေတွင် သဘာဝ အဏုဇီဝ(ဆီဇိုဗီယမ်) နည်းပါးပါက ပန်းပွင့်သီးကင်းဝင်ရောက်မှုနည်းခြင်း၊

( ဌ )     အထက်ပါအချက်များနှင့် ပတ်သက်၍ တောင်သူများအား ပညာပေးမည့် စိုက်ပျိုးပညာပေးဝန်ထမ်းအရေအတွက် ကန့်သတ်ချက်ရှိနေခြင်း၊

( ဍ )     ကန်ထရိုက်လယ်ယာစနစ် ကျင့်သုံးမှု အားနည်းခြင်း၊

(ဎ)       စိုက်ပျိုးထုတ်လုပ်မှုစရိတ် သုံးစွဲမှုကန့်သတ် ချက်များရှိနေခြင်း၊

(ဏ)    ပြည်ပမှ တင်သွင်းသော ပဲပုပ်ဆီ/ပဲကြိတ် ဖတ် ဈေးနှုန်းများနှင့် ပြည်တွင်းပွဲရုံ ဈေးနှုန်းများ အပြောင်းအလဲရှိခြင်း။

နှမ်းနှင့်ပဲပုပ် တိုးချဲ့ထုတ်လုပ်ရာတွင် ဆောင်ရွက်ရန်အချက်များ

၁၂။      နှမ်းသီးနှံ ထုတ်လုပ်မှုတိုးတက်ရန်အတွက် အောက်ဖော်ပြပါလုပ်ငန်းများကို ဆောင်ရွက်ရန် လိုအပ်ပါမည်-

(က)     မိသားစုဖူလုံမှုအတွက်သာ နှမ်းစိုက်ပျိုးသော တောင်သူများအား စီးပွားဖြစ် စိုက်ပျိုးနိုင်ရန် ကူညီဆောင်ရွက်ပေးခြင်း၊

(ခ)       ဒေသမျိုးများအစား ဒေသနှင့်ကိုက်ညီသည့် အထွက်ကောင်းမျိုးများဖြင့် အစားထိုး ဆောင်ရွက်ပေးခြင်း၊

(ဂ)       မြေတွင်းအစိုဓာတ်ထိန်းသည့် နည်းလမ်းများ အသုံးပြုစိုက်ပျိုးနိုင်ရန် ပညာပေးခြင်း၊ တောင်သူစိုက်ခင်းများတွင် ရှေ့ပြေး စီမံကိန်းများဖြင့် လက်တွေ့ဆောင်ရွက် ပြသခြင်း၊

(ဃ)     စိုက်ခင်းအတွင်း မိုးရေစုဆောင်းသော နည်းလမ်းများဖြင့် ရွာသွန်းသောမိုးရေကို စိုက်ခင်းအောက် မြေဆီလွှာထဲတွင် ထိန်းသိမ်းသိုလှောင်နိုင်သည့် နည်းလမ်းများကို လိုက်နာဆောင်ရွက်စေခြင်း၊

( င )     သီးနှံထွက်ကုန်များ အရည်အသွေးပြည့်မီ ရေးအတွက် ရိတ်သိမ်းချိန်လွန် နည်းပညာ များနှင့် သီးနှံအရည်အသွေးထိန်းသိမ်းရေး၊ စံချိန်စံညွှန်းများကို တောင်သူများ သိရှိနားလည်စေရန် ပညာပေးခြင်း၊

( စ )     နည်းပညာ၊ သွင်းအားစုနှင့်ဈေးကွက် ချိတ်ဆက်မှုတို့ကို အတူတကွဆောင်ရွက်နိုင်မည့် ကန်ထရိုက်လယ်ယာစနစ် ဖွံ့ဖြိုးတိုးတက်လာစေရန် ကူညီပေးခြင်း။

၁၃။      ပဲပုပ်သီးနှံ ထုတ်လုပ်မှုတိုးတက်ရန်အတွက် အောက်ဖော်ပြပါလုပ်ငန်းများကို ဆောင်ရွက်ရန် လိုအပ်ပါမည် -

(က)     ဆီထွက်ပဲပုပ်စိုက်ဧရိယာ တိုးချဲ့နိုင်ရန် တောင်သူများအားစည်းရုံးခြင်း၊

(ခ)       တိုးချဲ့စိုက်ပျိုးသည့်ဧရိယာများအတွက် မျိုးကောင်းမျိုးသန့်လုံလောက်စွာ ပံ့ပိုးပေးခြင်း၊

(ဂ)       သက်တမ်းတိုပြီး ဆီပါဝင်မှုမြင့်မားသော မျိုးများကို တိုးချဲ့သုံးစွဲခြင်း၊

(ဃ)     နိုက်ထရိုဂျင် ဖမ်းယူပေးသည့် ရိုင်ဇိုဗီယမ် (Rhizobium) ဇီဝမြေသြဇာဖြင့် မျိုးစေ့လူးနယ်စိုက်ပျိုးရန် ပညာပေးခြင်း၊

(င)       စိုက်ခင်းအတွင်း ရေမဝပ်စေရန် ရေထုတ်မြောင်းများ ကြိုတင်ပြုလုပ်ထား ပြီး ပန်းပွင့်ချိန်နှင့် အစေ့အဆန်တည်ချိန်တွင် ရေလုံလောက်စွာရရှိအောင် စီမံဆောင်ရွက်ခြင်း၊

(စ)       ပိုးသတ်ဆေးအသုံးပြုမှု လျှော့ချပြီး ဘက်စုံ ပိုးမွှားကာကွယ်နည်းစနစ် အသုံးပြုစေခြင်း၊

(ဆ)     ရောဂါပိုးမွှားများ၏သံသရာကို ဖျက်ဆီးရန် စပါး၊ အစေ့ထုတ်ပြောင်း သို့မဟုတ် နှံစားသီးနှံများနှင့် သီးလှည့်စိုက်ပျိုးခြင်း၊

(ဇ)       သီးနှံထွက်ကုန်များ အရည်အသွေးပြည့်မီရေးအတွက် ရိတ်သိမ်းချိန်လွန် နည်းပညာများနှင့် သီးနှံအရည်အသွေး ထိန်းသိမ်းရေး၊ စံချိန်စံညွှန်းများကို တောင်သူများသိရှိနားလည်စေရန် ပညာပေးခြင်း၊

(ဈ)      နည်းပညာ၊ သွင်းအားစုနှင့် ဈေးကွက်ချိတ်ဆက်မှုတို့ကို အတူတကွ ဆောင်ရွက်နိုင်မည့် ကန်ထရိုက်လယ်ယာစနစ် ဖွံ့ဖြိုးတိုးတက်လာစေရန် ဆောင်ရွက်ခြင်း။

ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ နှင့်စပ်လျဉ်းသည့် အကြံပြုချက်

၁၄။      ဆီထွက်သီးနှံ နှမ်းနှင့် ပဲပုပ်တိုးချဲ့ထုတ်လုပ်ရေးအတွက် ၂၀၂၇-၂၀၂၈ ဘဏ္ဍာနှစ်မှ ၂၀၃၁-၂၀၃၂ အထိ(၅)နှစ်စီမံချက်ဖြင့် ဆောင်ရွက်မည်ဆိုပါက အောက်ပါအဆင့်များဖြင့် ဆောင်ရွက်သင့်ကြောင်း အကြံပြုတင်ပြအပ်ပါသည် -



သုံးသပ်ချက်

၁၅။      နှမ်းနှင့် ပဲပုပ်သီးနှံကို တိုးချဲ့ထုတ်လုပ်ခြင်းဖြင့် ပြည်တွင်းဆီလိုအပ်ချက်၊ တိရစ္ဆာန်အစာ လိုအပ်ချက်၊ အခြားစားသုံးမှုများနှင့် စားသောက်ကုန်ထုတ် လုပ်သည့် လုပ်ငန်းများအနေဖြင့် ပြည်တွင်းတွင် ထွက်ရှိသည့် ကုန်ကြမ်းကို လုံလောက်စွာသုံးစွဲနိုင်ခြင်းနှင့် ပိုလျှံသည့်ပမာဏကို ပြည်ပတင်ပို့ခြင်းဖြင့် နိုင်ငံ့ဝင်ငွေတိုးတက်ခြင်း အကျိုးရလဒ်များကို ရရှိနိုင်မည်ဖြစ်ပါသည်။ နှမ်းသီးနှံတိုးချဲ့ထုတ်လုပ်ရာတွင် စိုက်ဧရိယာတိုးချဲ့ခြင်းအစား တစ်ဧကအထွက်နှုန်း တိုးတက်စေခြင်းဖြင့် ဦးစားပေး ဆောင်ရွက်သင့်ပါသည်။ တစ်ဧကအထွက်နှုန်း တိုးတက်ရေးအတွက် နှမ်းစိုက်တောင်သူများ၏ အားထုတ်မှုသည် အဓိကကျသော်လည်း တောင်သူများလိုအပ်သည့် မျိုး၊ သွင်းအားစုများ၊ စိုက်ပျိုးရေ၊ စိုက်ပျိုးနည်းစနစ်၊ ထုတ်ကုန်အတွက် ဈေးကွက်၊ တောင်သူများ စီးပွားရေးတွက်ခြေကိုက်မည့် သီးနှံဈေးနှုန်းနှင့် လုပ်သာကိုင်သာရှိစေမည့်အခြေအနေများ ပြည့်စုံမှသာ အဆိုပါသီးနှံကို ရေရှည်စိုက်ပျိုး ထုတ်လုပ်နိုင်မည် ဖြစ်ပါသည်။

ပဲပုပ်သီးနှံတိုးချဲ့ထုတ်လုပ်ရာတွင် လက်ရှိစိုက်ပျိုးလျက်ရှိသည့် ပဲပုပ်စိုက်ဧရိယာများကို ဆီထွက်ပဲပုပ်ဖြင့် လွှမ်းခြုံနိုင်ပါက ပြည်တွင်းဆီဖူလုံမှုနှင့် တိရစ္ဆာန်အစာလိုအပ်ချက်တို့ကို အတိုင်း အတာတစ်ခုအထိ ဖြည့်ဆည်းပေးနိုင်ပါမည်။ နှမ်းသီးနှံနည်းတူ ပဲပုပ်စိုက်ပျိုးတောင်သူများ အတွက်လည်းမျိုး၊ သွင်းအားစုများ၊ စိုက်ပျိုးရေ၊ စိုက်ပျိုးနည်းစနစ်၊ ထုတ်ကုန်အတွက် ဈေးကွက်၊ တောင်သူများ စီးပွားရေးတွက်ခြေကိုက်မည့် သီးနှံဈေးနှုန်းနှင့် လုပ်သာကိုင်သာရှိစေမည့် အခြေအနေများ လိုအပ်မည်ဖြစ်သဖြင့် နိုင်ငံတော်၏မူဝါဒဆိုင်ရာ ပံ့ပိုးမှု၊ ကြီးကြပ်လမ်းညွှန်မှုနှင့် သီးနှံတန်ဖိုး ကွင်းဆက်တွင် ပါဝင်သူအားလုံးက မိမိတို့သက်ဆိုင်ရာ ကဏ္ဍမှတောင်သူများနှင့် ချိတ်ဆက်မှုကောင်းစွာ ဝိုင်းဝန်းညှိနှိုင်းဆောင်ရွက်ခြင်းဖြင့် အရည်အသွေးကောင်းမွန်သောသီးနှံများ တိုးချဲ့ထုတ်လုပ်ခြင်းကို အောင်မြင်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

နိဂုံး

၁၆။      ပြည်တွင်းစားသုံးဆီဖူလုံစေရန်နှင့် ပြည်ပတင်ပို့မှုတိုးတက်ရန် ရည်မှန်းချက်ပြည့်မီရေးအတွက် ဆီထွက်သီးနှံများကို ထုတ်လုပ်မှုတိုးချဲ့ခြင်းဖြင့် ဆောင်ရွက်ရာ၌ ထုတ်လုပ်မှုပမာဏသာမက ထုတ်ကုန်အရည်အသွေးကောင်းမွန်ရေးကိုလည်း ထုတ်လုပ်မှုအဆင့်တိုင်းတွင် ထည့်သွင်းစဉ်းစား ဆောင်ရွက်ခြင်းဖြင့် ပြည်တွင်းဆီထွက်သီးနှံကဏ္ဍ၏ ယှဉ်ပြိုင်နိုင်စွမ်း မြင့်မားလာကာ တောင်သူများ ဝင်ငွေတိုးတက်ရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်ရရှိရေး၊ အာဟာရဖူလုံရေးနှင့် စိုက်ပျိုးစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတို့ကို ရေရှည်အထောက်အကူပြုနိုင်မည်ဖြစ်ပါသည်။

No comments:

Post a Comment