Saturday, November 14, 2026

တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ၂၈ ရက်မြောက်နေ့ ကျင်းပ

 


ပြည်သူ့လွှတ်တော်၊ အစိုးရ၏အာမခံချက်များ၊ ကတိများနှင့်တာဝန်ခံချက်များ စိစစ်ရေးကော်မတီ၏ အစီရင်ခံစာကို ဆွေးနွေးအတည်ပြု

နေပြည်တော် နိုဝင်ဘာ ၁၃

တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ၂၈ ရက်မြောက်နေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ၊ ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်း၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်နှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

အစည်းအဝေးတွင် မသန်စွမ်းသူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေး၊ ကုန်ထုတ်လမ်းဟောင်း ပြန်လည်ပြုပြင်ပေးနိုင်ရေး၊ ဘဏ်ခွဲအသစ်တည်ဆောက်ပေးနိုင်ရေး၊ Solar System မြစ်ရေတင်လုပ်ငန်း ဆောင်ရွက်ပေးနိုင်ရေး၊ ရေသုံးစွဲမှုအဆင်ပြေစေရေးတို့နှင့်စပ်လျဉ်း၍ မေးခွန်း ၅ ခု မေးမြန်းဖြေကြားခြင်းနှင့် ပြည်သူ့လွှတ်တော်၊ အစိုးရ၏အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ၏ အစီရင်ခံစာကို ဆွေးနွေးအတည်ပြုခြင်းတို့ကို ဆောင်ရွက်ကြသည်။

ဦးစွာ မြောက်ဥက္ကလာပမဲဆန္ဒနယ်မှ ဦးနေလင်းအောင်၏ မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာ ဥပဒေ (၂ဝ၁၅)အရ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေးနှင့် ရရှိရေးတို့အတွက် မည်ကဲ့သို့ ဆောင်ရွက်ပေးလျက်ရှိသည်ကို သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးအောင် က ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံတွင် အသက် ၅ နှစ်နှင့်အထက် လူဦးရေ၏ ၇ ဒသမ ၆ ရာခိုင်နှုန်း ၂ ဒသမ ၂၉ သန်း သည် မသန်စွမ်းသူများဖြစ်ကြပါကြောင်း၊ မသန်စွမ်းသူများ၏အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်နိုင်ရန်အတွက် မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေကို ၂၀၁၅ ခုနှစ်တွင်လည်းကောင်း၊ မသန်စွမ်းသူများ၏ အခွင့်အရေးနည်းဥပဒေများကို ၂၀၁၇ ခုနှစ်တွင်လည်းကောင်း ပြဋ္ဌာန်းထားပြီးဖြစ်ပါကြောင်း။

အလုပ်သမားဝန်ကြီးဌာနအနေဖြင့် ပြည်တွင်းအလုပ်အကိုင်ရရှိခန့်ထားမှုနှင့်စပ်လျဉ်း၍ မသန်စွမ်း သူများအပါအဝင် အလုပ်ရှာဖွေသူများ၏ ပညာအရည်အချင်း၊ ကျွမ်းကျင်မှုနှင့် အလုပ်လုပ်ကိုင်နိုင်စွမ်းအပေါ်မူတည်၍ အစိုးရဌာနများအပါအဝင် အလုပ်ရှင်များ၏ လိုအပ်ချက်များနှင့်အညီ သင့်လျော်သူများကို ရွေးချယ်၍ ပုဂ္ဂလိကစက်ရုံ၊အလုပ်ရုံများတွင် အလုပ်ခန့်အပ်နိုင်ရေး ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မသန်စွမ်းသူများအား သင်တန်းကျောင်းအခြေပြု စောင့်ရှောက်ခြင်းလုပ်ငန်းများအဖြစ် အသက် ၁၈ နှစ်မှ ၄၅ နှစ် အတွင်းရှိ ကိုယ်အင်္ဂါမသန်စွမ်းသူများအား အသက်မွေးဝမ်းကျောင်း ပညာသင်ကြားနိုင်ရန် မသန်စွမ်း သင်တန်းကျောင်း/ဂေဟာ ၁၀ ခု တို့ကို ဖွင့်လှစ်ထားရှိပါကြောင်း။

ကိုယ်အင်္ဂါမသန်စွမ်းသူများနှင့် အကြားအာရုံ မသန်စွမ်းသူများအတွက် အီလက်ထရောနစ်သင်တန်း၊ ဆံသသင်တန်း၊ ကွန်ပျူတာသင်တန်း၊တံဆိပ်ရိုက်သင်တန်း၊ စက်ချုပ်သင်တန်းတို့ကို ဘဏ္ဍာရေးနှစ် ၁ နှစ်လျှင် (၃)ကြိမ်ပုံမှန်ဖွင့်လှစ် သင်ကြားပေးလျက်ရှိပါကြောင်း၊ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်မှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်ထိ သင်တန်းတက်ရောက်သူ ၅၇၅ ဦးရှိပြီး အလုပ်အကိုင်ရရှိသူ ၂၅၄ ဦး အလုပ်အကိုင်ရရှိ အောင်ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း။

ထို့ပြင်မသန်စွမ်းသူများအား အစိုးရဌာနအဖွဲ့အစည်းများတွင် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေးနှင့်စပ်လျဉ်း၍ လူမှုဝန်ထမ်းဦးစီးဌာနတွင် မသန်စွမ်းဝန်ထမ်းအရာထမ်း ၂၈ ဦး၊ အမှုထမ်း ၈၄ ဦး၊ စုစုပေါင်း ၁၁၂ ဦး ခန့်အပ်ထားပြီးဖြစ်ပါကြောင်း၊ လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် မျက်မမြင်အကြောပြင်အနှိပ်သင်တန်းများ ဖွင့်လှစ်သင်ကြားပေးပြီး ပုဂ္ဂလိကကဏ္ဍတွင် အလုပ်အကိုင်ရရှိသူ ၆၆ ဦး အလုပ်ရရှိခဲ့ပါကြောင်း။

 အလုပ်သမားဝန်ကြီးဌာနအနေဖြင့် မသန်စွမ်းသူများအပါအဝင် အလုပ်အကိုင်ရှာဖွေနေသူများအား ၎င်းတို့နှင့်သင့်တော်သော အလုပ်အကိုင်အခွင့်အလမ်းများ ရရှိနိုင်ရေးအတွက် အလုပ်ရှင်များ၊ အစိုးရဌာနများ၊ အဖွဲ့အစည်းများနှင့်ညှိနှိုင်းပေါင်းစပ်၍ ဆောင်ရွက်ပေးလျက်ရှိပါကြောင်းနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့်လည်း မသန်စွမ်းသူများအတွက် ဂုဏ်သိက္ခာရှိသည့် အသက်မွေးဝမ်းကျောင်းမှုဖြင့် ဘဝရပ်တည်နိုင်ရေးအတွက် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ မဟာဗျူဟာ(၅) နှစ်စီမံကိန်း (၂ဝ၂၂-၂ဝ၂၇)တွင် “လုပ်ငန်းနှင့်အလုပ်အကိုင်”ကို ကဏ္ဍတစ်ရပ်အနေဖြင့် ထည့်သွင်း၍ မသန်စွမ်းသူများ အလုပ်အကိုင်ရရှိရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားသည်။

မိုင်းပျဉ်းမဲဆန္ဒနယ်မှ ဦးစိုင်းလောင်း၏ မိုင်းပျဉ်း- မိုင်းဆတ်လမ်းပေါ်မှ ထမ်ယမ်း- မိုင်းပုကြီး ကျေးရွာအုပ်စုသို့သွားသော ကျေးလက်ကုန်ထုတ် လမ်းဟောင်းအား မည်သည့်ဘဏ္ဍာနှစ်တွင် ပြန်လည်ပြုပြင်ပေးမည်ကို သိရှိလိုခြင်းမေးခွန်းနှင့်စပ်လျဉ်း၍ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဗိုလ်ချုပ်ကျော်စွာဦးက မိုင်းပျဉ်းမြို့နယ် မိုင်းပျဉ်း-မိုင်းဆတ်လမ်းပေါ်ရှိ နမ့်ဘော်ရွာလမ်းခွဲ မှ ပိန်းစန်းကျေးရွာအထိ ဆက်သွယ်ထားသော လမ်းသည် မိုင် ၄၀ အရှည်ရှိပြီး ဒေသအစီအစဉ်ဖြင့် ဆောင်ရွက်ထားသည့် လမ်းပိုင်းဖြစ်ပါကြောင်း၊ အဆိုပါလမ်းပိုင်းသည် ကျေးရွာအုပ်စု ၃ စု၊ ကျေးရွာ ၂၄ ရွာ၊ အိမ်ခြေ ၆၃၃ အိမ်၊ လူဦးရေ ၃၄၁၆ ဦး တို့အတွက် အကျိုးပြုသည့်လမ်းဖြစ်ပါကြောင်း။

အဆိုပါလမ်းပိုင်းကို အဆင့်မြှင့်တင်နိုင်ရန်အတွက် မြေသားလမ်းတာချဲ့ခြင်းလုပ်ငန်းကို ဦးစွာ ဆောင်ရွက်ရမည်ဖြစ်ပြီး လမ်းတာချဲ့ခြင်းလုပ်ငန်းကို ၂၀၂၈-၂၀၂၉ ဘဏ္ဍာနှစ်မှစ၍ နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စု (သို့မဟုတ်) ပြည်နယ်ရန်ပုံငွေ၏ အမျိုးသားစီမံကိန်းစာရင်းတွင် အပိုင်းလိုက်လျာထား ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည် ဖြေကြားသည်။

ကော့ကရိတ်မဲဆန္ဒနယ်မှ ဒေါ်ခင်နီနီအောင်၏ မြန်မာ့စီးပွားရေးဘဏ် ကော့ကရိတ်ဘဏ်ခွဲအား မည်သည့်ဘဏ္ဍာနှစ်တွင် အသစ်တည်ဆောက်ပေးမည်ကို သိရှိလိုခြင်းမေးခွန်းနှင့်စပ်လျဉ်း၍ ဘဏ္ဍာ ရေးနှင့်အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းက မြန်မာ့စီးပွားရေးဘဏ်ကော့ကရိတ်မြို့နယ် ဘဏ်ခွဲဖွင့်လှစ်ထားသည့် အဆောက်အအုံသည် ပြည်ထဲရေးဝန်ကြီးဌာနကော့ကရိတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနပိုင်မြေနေရာဖြစ်သဖြင့် အဆိုပါမြေနေရာအား စွန့်လွှတ်လွှဲပြောင်းရရှိပါက ဘဏ်အဆောက်အအုံ သစ်ဆောက်လုပ်နိုင်ရေးအတွက် သက်ဆိုင်ရာ ဘဏ္ဍာရေးနှစ်အလိုက် စီမံကိန်းလျာထားရေးဆွဲ၍ ငွေလုံး ငွေရင်း တောင်းခံခြင်းတို့ကိုဆောင်ရွက်ပြီး ရန်ပုံငွေရရှိပါက နီးစပ်ရာဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။

ကလေးဝမဲဆန္ဒနယ်မှ ဦးတင်ထွန်းလွင်၏ ကလေးဝမြို့နယ်၌ Solar System မြစ်ရေတင် လုပ်ငန်းကို မည်သည့်ဘဏ္ဍာနှစ်တွင် တပ်ဆင်ပေးမည်ကို သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဝင်းမိုးခိုင်က ကလေးဝမြို့နယ် ဒေသခံပြည်သူများ သောက်သုံး ရေသန့်ရရှိရေး Solar System မြစ်ရေတင်လုပ်ငန်း ဆောင်ရွက်ပေးရန်အတွက် ဆက်စပ်ပစ္စည်းများ ဝယ်ယူတပ်ဆင်ခြင်းလုပ်ငန်းများအား ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်တွင် ထည့်သွင်းလျာထားရေးဆွဲ ထားပြီး ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။

ရွှေဘိုမဲဆန္ဒနယ်မှ ဦးသန်းဝင်းထွန်း၏ ရွှေဘိုမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ မဟာနန္ဒာ ကန်တော်ရေကို ရပ်ကွက်ကြီး (၁ဝ)တွင် ရေသုံးစွဲမှု အဆင်ပြေစေရေးအတွက် မည်သည့်ဘဏ္ဍာနှစ်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်းမေးခွန်းနှင့်စပ်လျဉ်း၍ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဝင်းမိုးခိုင်က ရွှေဘိုမြို့နယ် စည်ပင်သာယာရေးအဖွဲ့အနေဖြင့် အမှတ်(၁ဝ)ရပ်ကွက်အတွင်း ရေများပိုမိုဖြန့်ဝေနိုင်ရေးအတွက် (၅)နှစ်စီမံကိန်း လျာထားစာရင်းတွင် ၂၀၂၈-၂၀၂၉ ဘဏ္ဍာရေးနှစ်၌ ပေါ်ဦးရေတွန်းစက် Pannel Board များအသစ်လဲလှယ်ခြင်း၊ ၂ဝ၂၉-၂ဝ၃ဝ ဘဏ္ဍာရေးနှစ်၌ သူဇာ(၁)ရေစက်ရုံ ဂါလန် (၁ဝဝဝဝ)ဆံ့ ကွန်ကရစ်ရေစင်တည်ဆောက်ခြင်း ၊ သူဇာ(၂)ရေစက်ရုံ ဂါလန်(၁ဝဝဝဝ)ဆံ့ ကွန်ကရစ်ရေစင် တည်ဆောက်ခြင်းနှင့် ပေါ်ဦးရေစက်ရုံအသစ် ဆောက်လုပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန် လျာထားလျက်ရှိပါကြောင်း၊ မဟာနန္ဒာကန်သည် ပင်လယ်ရေမျက်နှာပြင်အထက် ၃၃၇ ပေတွင်တည်ရှိပြီး သက္ကယ်တန်းချောင်း၏ အရှေ့ဘက်ခြမ်း ရပ်ကွက် ၁ဝ အပိုင်းတွင် ပင်လယ်ရေမျက်နှာပြင်အထက် ၃၅၈ ပေတွင် တည်ရှိသောကြောင့် ရေရရှိနိုင်ရန် ကြားခံတွန်းစက်များ၊ ရေစုကန်များ၊ ပိုက်လိုင်းများ အသစ်တည်ဆောက်ပြီး ဖြန့်ဝေမှသာ ရေရရှိနိုင်မည်ဖြစ်ပါကြောင်း၊ မဟာနန္ဒာကန်တော်မှ ရေဖြန့်ဝေရေး စီမံကိန်းရေးဆွဲပြီး ၂၀၂၈-၂၀၂၉၊ ၂၀၂၉-၂၀၃ဝ ဘဏ္ဍာနှစ်များတွင် ရန်ပုံငွေတင်ပြတောင်းခံ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။

ထို့နောက် ပြည်သူ့လွှတ်တော်၊ အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ၏ အစီရင်ခံစာနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။

သာကေတမဲဆန္ဒနယ်မှ ဒေါ်အေးမြမြကြိုင်က ဘတ်ဂျက်ရေးဆွဲသည့်အခါတွင်လည်း ကတိကဝတ် များကို ဦးစားပေးထည့်သွင်းလျာထားပေးရန် အထူးလိုအပ်ပါကြောင်း၊ ထို့ကြောင့် ရေတို ရေရှည်စီမံကိန်းများကို ဟန်ချက်ညီညီချိန်ဆပြီး ဘဏ္ဍာငွေခွဲဝေရေးလုပ်ငန်းစဉ်များနှင့် ကိုက်ညီမှု ရှိစေရေး အထူးအလေးထားဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ ပြည်သူ့လွတ်တော်ဆိုင်ရာ နည်းဥပဒေ ၉၆ နှင့် ၉၈ တို့အရ အုပ်ချုပ်ရေးနှင့် ဥပဒေပြုရေးအကြား ပွင့်လင်းမြင်သာမှု၊ Transparency နှင့် အပြန်အလှန်တာဝန်ခံမှုကို ပိုမိုခိုင်မာစေရန်အတွက် သက်ဆိုင်ရာဌာနများ အနေဖြင့် အထူးလိုက်နာကြရန် လိုအပ်ပါကြောင်း။

ကော်မတီ၏ အစီရင်ခံစာပါ အကြံပြုချက်များသည် နိုင်ငံတော်၏ အကျိုးစီးပွား၊ မဏ္ဍိုင်ကြီး ၃ ရပ်ကြား ဟန်ချက်ညီ ပူးပေါင်းဆောင်ရွက်မှုနှင့် ပြည်သူအပေါ်ထားရှိသည့် သစ္စာတရားတို့ကို ပကတိထင်ဟပ်လျက်ရှိကြောင်း၊ ထို့ကြောင့် အစီရင်ခံစာပါ အကြံပြုချက်များကို သက်ဆိုင်ရာ အဖွဲ့အစည်းများက အလေးထားလိုက်နာဆောင်ရွက်ကြစေရေးအတွက် တည်ဆဲဥပဒေများနှင့်အညီ သိမ်မွေ့ထိရောက်စွာဖြင့် ထိန်းညှိဆောင်ရွက်သင့်ပါကြောင်း အကြံပြုဆွေးနွေးသည်။

ရွှေကူမဲဆန္ဒနယ်မှ ဦးကျော်ဝင်းက ပြည်သူ့အကျိုးကို ပိုမိုဖော်ဆောင်နိုင်ရန် တိကျခိုင်မာသော ကတိကဝတ်များရစေရန် ဝန်ကြီးဌာန အစိုးရအဖွဲ့များအနေဖြင့် လွှတ်တော်တွင် မေးခွန်းဖြေကြားရာ၌ သတ်မှတ်သက်တမ်းကာလအတွင်း လက်တွေ့အကောင်အထည်ဖော်နိုင်သည့် ခိုင်မာသော အာမခံချက်ကတိနှင့် တာဝန်ခံချက်များကိုသာပေးအပ်ရေး တိုက်တွန်းသွားရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ကိုယ်စားဖြေကြားသော ဝန်ကြီးဌာနသည် ကတိနှင့်သက်ဆိုင်သည့် အခြားဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရများနှင့် တာဝန်ယူချိတ်ဆက်ဆောင်ရွက် ပေးမည့်စနစ်ကို ပိုမိုခိုင်မာစွာ တည်ဆောက်ရမည်ဖြစ်ပါကြောင်း၊ ဖြေကြားချက်နှင့် ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကိုယ်စားလှယ်များထံ စနစ်တကျ ဖြန့်ဝေပေးပို့ထားခြင်းက ပွင့်လင်းမြင်သာမှုကို ပေါ်လွင်စေပါကြောင်း၊ ဘတ်ဂျက်နှင့် လုပ်ငန်းစီမံချက်များတွင် အာမခံထား သော ကတိပြုလုပ်ငန်းများကို သက်ဆိုင်ရာဘဏ္ဍာရေးနှစ်အလိုက် ဘတ်ဂျက်နှင့် ရန်ပုံငွေအမျိုးအစားများတွင် အမှန်တကယ် ဦးစားပေးထည့်သွင်းပေးထားရန်လိုကြောင်း ဆွေးနွေးသည်။

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မဲဆန္ဒနယ်မှ ဒေါက်တာရွှေပြည်စိုးက အစီရင်ခံစာအရ မေးခွန်းပေါင်း ၅၀၅ ခုကို တွေ့ရပြီး ယင်းအဆိုများအနက်မှ မေးခွန်း ၃၂၉ ခု သာလျှင် ကတိကဝတ်ရရှိထားပါကြောင်း၊ ပြည်သူ့လွှတ်တော်တွင် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ၏ အစီရင်ခံစာကို ကိုးကားထောက်ဆ၍ အဆို ကြယ်ပွင့်ပြ၊ ကြယ်ပွင့်မပြ စုစုပေါင်း ၅၀၈ ခုတွင် အတည်ပြုအဆိုနှင့် ကတိကဝတ်ရရှိထား မှု ၃၃၀ သာ ရှိပါကြောင်း၊ အစိုးရထံမှ အာမခံချက်ကတိကဝတ် တာဝန်ခံချက်ရရှိမှုအရေအတွက် နည်းပါးသည်ကို တွေ့ရှိရကြောင်း၊ ပထမပုံမှန်အစည်းအဝေး၊ ဒုတိယပုံမှန်အစည်းအဝေးများအတွင်း အဆိုသည်အရေအတွက်အားဖြင့် ၃ ခုသာ ရှိသည့်အတွက် အလွန်နည်းသည်ဟု ယူဆ၍ရပါကြောင်း၊ အဆို ၃ ခုမှာ အဆို ၂ ခုသည် မှတ်တမ်းတင်စောင့်ကြည့်အဆင့်မျှသာ ဖြစ်နေပါကြောင်း ဆွေးနွေးသည်။

ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ကော်မတီ၏အစီရင်ခံစာနှင့်စပ်လျဉ်း၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ လွှတ်တော်က သဘောတူသည့်အတွက် အစီရင်ခံစာကို အတည်ပြုကြောင်း ကြေညာသည်။

တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ၂၈ ရက် မြောက်နေ့ကို ရပ်နားလိုက်ပြီး အစည်းအဝေး ၂၉ ရက်မြောက်နေ့ကို နိုဝင်ဘာ ၁၆ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

သတင်းအဖွဲ့

No comments:

Post a Comment