Saturday, November 14, 2026

နမ့်စန်မြို့နယ်အတွင်းရှိ ရေဘေးသင့်ဒေသခံပြည်သူများအား စားသောက်ဖွယ်ရာများ၊ ထောက်ပံ့ပစ္စည်းများနှင့် အလှူငွေများပေးအပ်ပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

 

နေပြည်တော် နိုဝင်ဘာ ၁၃

ရှမ်းပြည်နယ် (တောင်ပိုင်း) နမ့်စန်မြို့နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အမှတ်(၁)ရပ်ကွက်၊ အမှတ်(၃) ရပ်ကွက်၊ အမှတ်(၄) ရပ်ကွက်များအတွင်း ရေများဝင်ရောက်ကာ ရေကြီးရေလျှံမှုများ ဖြစ်ပွားလျက်ရှိသဖြင့် ရေဘေးသင့်အိမ်ထောင်စု ၁၆၈ စုမှ ဒေသခံတိုင်းရင်းသားပြည်သူ ၆၉၁ ဦးတို့ကို နမ့်စန်မြို့ရှိ ဗုဒ္ဓရာဇာဘုန်းတော်ကြီးကျောင်းနှင့် စွန္နီဂျာမေ့ဗလီကျောင်းတို့၌ ယာယီရေဘေး ကယ်ဆယ်ရေးစခန်းဖွင့်လှစ်၍ ပြည်သူများအား ပြောင်းရွှေ့နေရာချထားပေးလျက်ရှိသည်။

အဆိုပါ ရေဘေးသင့်ဒေသခံတိုင်းရင်းသားပြည်သူများအား ယနေ့နံနက်ပိုင်းတွင် အရှေ့အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများက သွားရောက်တွေ့ဆုံအားပေးစကားပြောကြားပြီး အာဟာရဖြည့်စားသောက်ဖွယ်ရာများ၊ ထောက်ပံ့ပစ္စည်းများနှင့် အလှူငွေများ ပေးအပ်သည်။

ထို့ပြင် နမ့်စန်မြို့ရှိ ရေကြီးရေလျှံမှု ဖြစ်ပွားရာနေရာများ၌ နယ်မြေခံတပ်မတော်သားများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ထို့ပြင် နယ်မြေခံဆေးကုသရေး အဖွဲ့များကလည်း ရေဘေးသင့်ဒေသခံတိုင်းရင်းသား ပြည်သူများအား လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်

No comments:

Post a Comment