Friday, November 6, 2026

၂၀၂၆ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ ဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲကျင်းပ

 


နေပြည်တော် နိုဝင်ဘာ ၅

အားကစားရေးရာဝန်ကြီးဌာနကကြီးမှူးပြီး အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဘော်လီဘောအဖွဲ့ချုပ်တို့ ပူးပေါင်း၍ ၂၀၂၆ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံဘော်လီဘောပြိုင်ပွဲဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ အားကစားရုံ(B)၌ ကျင်းပသည်။

အားကစားရေးရာဝန်ကြီးဌာနအနေဖြင့် ဘော်လီဘောအားကစားနည်း ပြန်လည်ဦးမော့လာစေရေးနှင့် မြန်မာ့အားကစားအဆင့်အတန်း ပိုမိုမြင့်မားလာစေရေးတို့အတွက် ရည်ရွယ်၍ ၂၀၂၆ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ ဘော်လီဘောပြိုင်ပွဲကို ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၅ ရက်မှ ၁၉ ရက်အထိ ပြိုင်ပွဲကာလ ၁၅ ရက်ကြာဖြင့် နေပြည်တော်ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ အားကစားရုံ(B)၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ဝန်ကြီးဌာနများမှ ပြိုင်ပွဲဝင်အမျိုးသားအသင်း ၁၉ သင်း၊ အမျိုးသမီးအသင်းကိုးသင်း စုစုပေါင်းအင်အား ၄၅၉ ဦး ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်

အစီအစဉ်အရ ပြိုင်ပွဲဝင် အားကစားသမားများက ကွင်းအတွင်းနေရာယူကြပြီး ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်းက ဝန်ကြီးဌာနများမှ ဝန်ထမ်းများအချင်းချင်းချစ်ကြည်ရင်းနှီးမှု ခိုင်မာလာစေရေး၊ မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရေးနှင့် ဘော်လီဘောအားကစားအဆင့်အတန်း ပိုမို တိုးတက် မြင့်မားလာစေရေးတို့အတွက်ရည်ရွယ်၍ ယခုပြိုင်ပွဲအား ကျင်းပပေးရခြင်းဖြစ်ပါကြောင်း၊ ယခုကျင်းပသည့် ဝန်ကြီးဌာနပေါင်းစုံ ပြိုင်ပွဲများမှတစ်ဆင့် လက်ရွေးစင်အဆင့်မီ မျိုးဆက်သစ် အားကစားသမားကောင်းများ စဉ်ဆက်မပြတ်ပေါ်ထွက်လာပြီး နိုင်ငံတကာအဆင့်ထိ တက်လှမ်းနိုင်စေရေးနှင့် မြန်မာ့ဘော်လီဘောအားကစားနည်းကို ပြန်လည်ဦးမော့လာစေရေးတို့အတွက် မြန်မာနိုင်ငံဘော်လီဘောအဖွဲ့ချုပ်မှ တာဝန်ရှိသူများအနေဖြင့် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးသွားရန် တိုက်တွန်းမှာကြားလိုပါကြောင်း၊ ယခုပြိုင်ပွဲမှတစ်ဆင့် နိုင်ငံတော်ကအားထားရမည့် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားကောင်းများဖြစ်အောင် ဆက်လက်ကြိုးစားသွားကြရန် တိုက်တွန်းမှာကြားပြီး ၂၀၂၆ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ ဘော်လီဘောပြိုင်ပွဲကို ဖွင့်လှစ်ပေးခဲ့သည်။

ဆက်လက်၍ ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာအဓိဋ္ဌာန်(၄)ချက်ရွတ်ဆိုကြပြီး ဇမ္ဗူသီရိမြို့နယ်အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်း မှ ဘင်ခရာအဖွဲ့အား ဂုဏ်ပြု ချီးမြှင့်ငွေကျပ် ငါးသိန်းကို ပေးအပ်ချီးမြှင့်သည်။

ကြည့်ရှုအားပေး

ထို့နောက် ပြည်ထောင်စုဝန်ကြီးများသည် ဒုတိယဝန်ကြီးများနှင့်အတူ ၂၀၂၆ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ ဘော်လီဘောပြိုင်ပွဲ အမျိုးသားပထမအဆင့် အုပ်စုပတ်လည်ပွဲစဉ်အဖြစ် ဆောက်လုပ်ရေးဝန်ကြီး ဌာနအသင်းနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းတို့၏ အကြိတ်အနယ်ယှဉ်ပြိုင်နေမှုကို ကြည့်ရှု အားပေးကြသည်။

အခမ်းအနားသို့ ပြည်ထောင်စုအဆင့်ဝန်ကြီးများ ဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်၊ ဦးသန်းမောင်၊ ဒေါက်တာ စိုးဝင်း၊ ဒေါက်တာ သက်သက်ဇင်၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးထွန်းလူ၊ ဒေါ်သန်းသန်းလင်း၊ ဗိုလ်ချုပ် ကျော်စွာဦး၊ ဦးစိုင်းထွန်းညို၊ ဒေါက်တာတင်ထွန်း၊ ဦးရဲတင့်၊ ဒေါက်တာ သောင်းနိုင်ဦး၊ ဦးမျိုး ကျော်သူ၊ ဦးစစ်နိုင်၊ ဒေါက်တာသောင်းနိုင်၊ ဦးသက်ထွန်းအောင်၊ ဒေါ်ခိုင်ခိုင်အောင်၊ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဌာနဆိုင်ရာများမှတာဝန်ရှိပုဂ္ဂိုလ်များ၊ အားကစားရေးရာဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် ပြိုင်ပွဲကျင်းပရေးအဖွဲ့မှ တာဝန် ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံဘော်လီဘောအဖွဲ့ချုပ်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့်တာဝန်ရှိသူများ၊ ဝန်ကြီးဌာနများအလိုက် ပြိုင်ပွဲဝင်အသင်းများမှ အသင်းအုပ်ချုပ်သူ၊ နည်းပြများနှင့် အားကစားသမားများ တက်ရောက်ကြကြောင်း သိရသည်။     

သတင်းစဉ်

No comments:

Post a Comment