နေပြည်တော် နိုဝင်ဘာ ၆
အားကစားရေးရာဝန်ကြီးဌာနက ကြီးမှူးပြီး အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံ ဘော်လီဘောအဖွဲ့ချုပ်တို့ ပူးပေါင်း၍ ၂၀၂၆ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ ဘော်လီဘော (အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲ အုပ်စုပတ်လည်ပွဲစဉ်များကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ အားကစားရုံ (B) ၌ ကျင်းပသည်။
ယနေ့တွင် အမျိုးသားပထမအဆင့် အုပ်စုပတ်လည်ပြိုင်ပွဲများအဖြစ် မြန်မာနိုင်ငံတော်ဗဟို ဘဏ်အသင်းနှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအသင်းက သုံးပွဲပြတ်ဖြင့်လည်းကောင်း၊ အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနအသင်းနှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနအသင်းက သုံးပွဲပြတ်ဖြင့်လည်းကောင်း၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနအသင်းနှင့် ပို့ဆောင်ရေးဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ပို့ဆောင်ရေးဝန်ကြီးဌာနအသင်းက သုံးပွဲ-တစ်ပွဲ ဖြင့်လည်းကောင်း၊ ကာကွယ်ရေးဝန်ကြီးဌာနအသင်းနှင့် ကျန်းမာရေးဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ကာကွယ်ရေးဝန်ကြီးဌာနအသင်းက သုံးပွဲပြတ်ဖြင့်လည်းကောင်း ယှဉ်ပြိုင်အနိုင်ရရှိခဲ့သည်။
ဆက်လက်၍ အမျိုးသမီးပထမအဆင့် အုပ်စုပတ်လည်ပြိုင်ပွဲများအဖြစ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအသင်းနှင့် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာနအသင်းက သုံးပွဲပြတ်ဖြင့်လည်းကောင်း၊ ပြည်ထဲရေးဝန်ကြီးဌာနအသင်းနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ပြည်ထဲရေးဝန်ကြီးဌာနအသင်းက သုံးပွဲပြတ်ဖြင့်လည်းကောင်း ယှဉ်ပြိုင်အနိုင်ရရှိခဲ့သည်။
နိုဝင်ဘာ ၇ ရက်တွင် အမျိုးသားအုပ်စု ပတ်လည်ပွဲစဉ်များအဖြစ် ပညာရေးဝန်ကြီးဌာနအသင်းနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်း၊ အားကစားရေးရာဝန်ကြီးဌာနအသင်းနှင့် သာသနာရေးဝန်ကြီးဌာနအသင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအသင်း နှင့်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနအသင်း၊ ပြည်ထဲရေးဝန်ကြီးဌာနအသင်းနှင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအသင်း၊ သမဝါယမနှင့်ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာနအသင်းနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်အသင်း၊ အမျိုးသမီး အုပ်စုပတ်လည် ပွဲစဉ်များအဖြစ် ပညာရေးဝန်ကြီးဌာနအသင်းနှင့် ကျန်းမာရေးဝန်ကြီး ဌာနအသင်းတို့ ဆက်လက်ယှဉ်ပြိုင်ကစားသွားမည်ဖြစ်သည်။
၂၀၂၆ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံဘော်လီဘော (အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲကို နိုဝင်ဘာ ၅ ရက်မှ ၁၉ ရက်အထိ နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ အားကစားရုံ (B) ၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး အားကစားဝါသနာရှင် မိဘပြည်သူများအနေဖြင့် မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment