ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာန၊ လုပ်ငန်းများတွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများအနေဖြင့် ဉာဏ်ရည်တုနည်းပညာကို အသုံးပြု၍ လုပ်ငန်းများ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန်နှင့် တင်ပြချက်များ ပိုမိုကောင်းမွန်စွာ ဖန်တီးနိုင်ရန်ရည်ရွယ်၍ မြန်မာစီးပွားရေးလုပ်ငန်းရှင်အမျိုးသမီးများကွန်ရက်နှင့် ပူးပေါင်းဖွင့်လှစ်သည့် အဆင့်မြင့် ဉာဏ်ရည်တုနည်းပညာနှင့် ဉာဏ်ရည်တုအကူအညီဖြင့် တင်ပြချက်များ ပြင်ဆင်သည့်ကိရိယာ အသုံးပြုနည်းသင်တန်းဖွင့်ပွဲကို ယနေ့တွင် ရုံးအမှတ်(၃၀) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဖွင့်ပွဲသို့ စက်မှုနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ
ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်း၊ ဒုတိယဝန်ကြီးများဖြစ်သည့်
ဦးသွင်အောင်၊ ဒေါက်တာအောင်ဇေယျ၊ အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြန်မာစီးပွားရေးလုပ်ငန်းရှင်
အမျိုးသမီးများကွန်ရက်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ သင်တန်းဆရာ ဆရာမများနှင့် သင်တန်းသား
သင်တန်းသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ဉာဏ်ရည်တုနည်းပညာကို အသုံးပြုနိုင်ခြင်းနှင့်အတူ
မိမိလုပ်ငန်းကို ကျွမ်းကျင်နားလည်မှုရှိရန်၊ ဖြေရှင်းလိုသည့်ပြဿနာကို ရှင်းလင်းစွာ
သတ်မှတ်တတ်ရန်၊ ရရှိလာသည့်အဖြေများကို မေးခွန်းထုတ်တတ်ပြီး အထောက်အထားနှင့် ပြန်လည်စိစစ်တတ်ရန်လိုအပ်ကြောင်း၊
ဉာဏ်ရည်တုနည်းပညာ၏ အကူအညီကို ရယူနိုင်သော်လည်း တင်ပြချက်နှင့် ဆုံးဖြတ်ချက်အပေါ် တာဝန်ခံမှုသည်
အသုံးပြုသူထံ၌ပင်ရှိကြောင်း၊ ဌာန၏ အချက်အလက်များကို ကိုင်တွယ်နေကြသည့် ဝန်ထမ်းများအနေဖြင့်
မိမိအသုံးပြုမည့် အချက်အလက်ကို ပြင်ပစနစ်တစ်ခုသို့ ပေးပို့ခွင့် ရှိ၊ မရှိ သိရှိထားရမည်ဖြစ်ပြီး
ဉာဏ်ရည်တုနည်းပညာထဲတွင် စာသားရိုက်ထည့်ခြင်း၊ စာရွက်စာတမ်းထည့်သွင်းခြင်း၊ ဓာတ်ပုံ၊
အသံဖိုင်နှင့် အစည်းအဝေးမှတ်တမ်းများ ထည့်သွင်းခြင်းများ အားလုံးသည် အချက်အလက်ပေးပို့ခြင်းဖြစ်သည်ကို
နားလည်ထားစေလိုကြောင်း။
ရုံးလုပ်ငန်းအတွက် အသုံးပြုမည့် ဉာဏ်ရည်တု နည်းပညာသုံးစနစ်များကို
စနစ်တကျ စိစစ်သုံးစွဲရန်လိုအပ်ပြီး ခိုင်မာသည့် စကားဝှက်ထားရှိခြင်း၊ ရရှိနိုင်သည့်စနစ်များတွင်
အဆင့်ဆင့်အတည်ပြု ဝင်ရောက်ခြင်းနှင့် မလိုအပ်သည့် ချိတ်ဆက်ခွင့်များ မပေးခြင်းတို့ကို
လိုက်နာရမည်ဖြစ်ကြောင်း၊ သင်တန်းမှရရှိသည့် အသိပညာ၊ အတွေ့အကြုံ၊ ဗဟုသုတများကို မိမိတို့၏
လုပ်ငန်းကျွမ်းကျင်မှုဖြင့် ပေါင်းစပ်ပြီး လုပ်ငန်းခွင်တွင် အကျိုးရှိထိရောက်မှန်ကန်စွာ
အသုံးချကြရန် တိုက်တွန်းပြောကြားသည်။
ထို့နောက် မြန်မာစီးပွားရေးလုပ်ငန်းရှင်အမျိုးသမီးများကွန်ရက်
ဥက္ကဋ္ဌက သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်များ၊ ဆွေးနွေးပို့ချမည့်အစီအစဉ်နှင့် ကွန်ရက်အနေဖြင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက်
လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရေး ဆောင်ရွက်နေမှုအခြေအနေတို့ကို ရှင်းလင်းပြောကြားသည်။
ယင်းနောက် သင်တန်းဆရာ ဆရာမများက ဉာဏ်ရည်တုနည်းပညာအသုံးပြုမှု
အခြေခံသဘောတရား၊ နေ့စဉ်လုပ်ငန်းခွင်တွင် အသုံးချနိုင်သောကိရိယာများ၊ ထိရောက်သည့် မေးခွန်းရေးသားနည်းနှင့်
ဉာဏ်ရည်တုကို လုံခြုံပြီး တာဝန်ယူမှုရှိစွာ အသုံးပြုနည်းတို့ကို လက်တွေ့ပြသခြင်း၊ လမ်းညွှန်ပေးပြီး
လက်တွေ့လေ့ကျင့်ခြင်းနှင့် တစ်ဦးချင်း၊ အဖွဲ့လိုက် လုပ်ဆောင်ခြင်းများဖြင့် သင်ကြားပို့ချရာ
သင်တန်းသားများ၏ သိရှိလိုသည်များ မေးမြန်းမှုအပေါ် တာဝန်ရှိသူများက ရှင်းလင်းဖြေကြားခဲ့ကြောင်း
သိရသည်။
သတင်းစဉ်

No comments:
Post a Comment