နေပြည်တော် နိုဝင်ဘာ ၄
ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့ရှိ လူမှုဝန်ထမ်းဦးစီးဌာန လူငယ့်အားမာန် လူငယ်သင်တန်းကျောင်းတွင် လက်ခံစောင့်ရှောက်ထားသော လူငယ်များကို လေ့ကျင့်သင်ကြား ပျိုးထောင်ပေးနေမှု အခြေအနေကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကိုကိုလွင်သည် ဧရာဝတီတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည်နှင့်အတူ သွားရောက်ကြည့်ရှု စစ်ဆေးသည်။
ထိုသို့ သွားရောက်စဉ် ဝန်ထမ်းများနှင့် တွေ့ဆုံဆွေးနွေးပြီး
ဝန်ထမ်းစည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ နေထိုင်တာဝန်ထမ်းဆောင်ရေး၊ စည်းကမ်းစနစ်တကျရှိရေး၊
လုပ်ငန်းတာဝန်များကို အလေးထား ကြိုးပမ်းဆောင်ရွက်ရေးတို့ကို မှာကြားကာ ဝန်ထမ်းများ၏
တင်ပြချက်များအပေါ် ပေါင်းစပ်ဖြည့်ဆည်းပေးသည်။
ထိုမှတစ်ဆင့် လပွတ္တာခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနရုံးနှင့်
ကယ်ဆယ်ရေး သိုလှောင်ရုံတို့ကို ကြည့်ရှုစစ်ဆေးပြီး သိုလှောင်ပစ္စည်းများ လေလွင့်မှု
မဖြစ်ပေါ်စေရေး၊ ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်ရေးတို့ကို
မှာကြားသည်။
ဆက်လက်၍ လပွတ္တာခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌
ခရိုင်အဆင့်ဌာနဆိုင်ရာများနှင့် တွေ့ဆုံပြီး အယ်လ်နီညိုနှင့် ဆက်စပ်ဖြစ်ပွားနိုင်မှုများ၊
သောက်သုံးရေ၊ စိုက်ပျိုးရေ ကြိုတင်စုဆောင်းစီမံထားမှုအခြေအနေ၊ ရာသီဥတုပူပြင်းချိန်တွင်
အများပြည်သူ အပူဒဏ်အန္တရာယ် လျော့ပါးရေးအတွက် အပူရှောင်စခန်းများ ဖွင့်လှစ်နိုင်ရေး
စီမံထားမှုတို့အပါအဝင် တုံ့ပြန်ရေး၊ ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍
ဆွေးနွေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment