ရန်ကုန် နိုဝင်ဘာ ၂၀
ကျောင်းသား ကျောင်းသူများအား သင်ကြားပို့ချရာတွင် ပညာသင်ကြားရုံသာမက စိတ်ဓာတ်ကောင်းမွန်စေရန်နှင့် ချမှတ်ထားသည့် စည်းကမ်းများကို စနစ်တကျ လိုက်နာကျင့်သုံးတတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရေး ကြိုးပမ်းဆောင်ရွက်ကြရန် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမောင်သိန်းက တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခများနှင့် တွေ့ဆုံစဉ်မှာကြားသည်။
ကြိုတင်ပြင်ဆင်ဆောင်ရွက်
ဒုတိယဝန်ကြီးသည် ဆရာအတတ်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ရန်ကုန်တက္ကသိုလ်၊ ရန်ကုန်ပညာရေးတက္ကသိုလ်၊ ရန်ကုန်နိုင်ငံခြား ဘာသာတက္ကသိုလ်၊ ရန်ကုန်အဝေးသင်တက္ကသိုလ်တို့မှ ပါမောက္ခချုပ်များ၊ အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ် ကျောင်းအုပ်ကြီး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခများနှင့် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး တက္ကသိုလ်များတွင် ကြုံတွေ့နေရသည့် သင်ကြားရေးဆိုင်ရာ အခက်အခဲများ၊ လိုအပ်ချက်များကို ညှိနှိုင်းဆွေးနွေးဖြည့်ဆည်းပေးနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တက္ကသိုလ်များမဖွင့်မီ ကျောင်းဥပဓိရုပ်ကောင်းမွန်စေရေး၊ စာသင်ဆောင်များ၊ စာသင်ခန်းများ အဆင်သင့်ဖြစ်စေရေး၊ တက္ကသိုလ်ပရဝဏ်အတွင်း စိမ်းလန်းစိုပြည်ရေးနှင့် သန့်ရှင်းသာယာလှပရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိကြစေလိုကြောင်းလည်း တိုက်တွန်းပြောကြားခဲ့သည်။
ထို့ပြင် ဒုတိယဝန်ကြီးသည် ရန်ကုန်တက္ကသိုလ်ရှိ သုတေသနနှင့်ဆန်းသစ်တီထွင်မှုစင်တာ (Centre for Research and Innovation-CRI) ၌ Area Studies Centre အခန်းများ ပြင်ဆင်ထားရှိမှု၊ မွေးမြူရေးသုတေသနဆောင်ရွက်နေမှု၊ တက္ကသိုလ်ရေကူးကန်နှင့် တက္ကသိုလ်ဘောလုံးကွင်းတို့ကို ကြည့်ရှုစစ်ဆေးသည်။
မွန်းလွဲပိုင်းတွင် ရန်ကုန်ပညာရေးတက္ကသိုလ်၊ Learning Hub ခန်းမ၌ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ကျင်းပသည့် ၂၀၂၇ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲ လုပ်ငန်းလမ်းညွှန်ချက်များဆိုင်ရာဆွေးနွေးပွဲ သင်တန်းဆင်းပွဲသို့ တက်ရောက်ကာ သင်တန်းသား သင်တန်းသူ ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံသည်။
ထို့နောက် ရန်ကုန်ပညာရေးတက္ကသိုလ် ခြောက်ထပ်စာသင်ဆောင် တည်ဆောက်ပြီးစီးမှုနှင့် တက္ကသိုလ်များ ပုံနှိပ်တိုက်တွင် ပညာရေးဆိုင်ရာ စာအုပ်စာစောင်များ၊ သုတေသနဂျာနယ်များ ရိုက်နှိပ်ထုတ်ဝေနေမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့သည်။
သတင်းစဉ်

No comments:
Post a Comment