ရန်ကုန် နိုဝင်ဘာ ၂
လက်ရှိအချိန်တွင် အကျုံးဝင် အာမခံအလုပ်သမားပေါင်း ၁ ဒသမ ၃ သန်းကျော်၏ ကျန်းမာရေးစောင့်ရှောက်မှုနှင့် အကျိုးခံစားခွင့်များရရှိစေရေး မြို့နယ်ပေါင်း ၁၃၆ မြို့နယ်တွင် အလုပ်သမားဆေးရုံကြီး သုံးရုံ၊ မြို့နယ်ရုံး ၈၀ ၊ မြို့နယ်ဆေးခန်းပေါင်း ၅၈ ခန်း၊ ဌာနကြီးဆေးခန်း ၄၆ ခန်း၊ လူမှုဖူလုံရေးအဖွဲ့နှင့် စာချုပ်ချုပ်ဆိုထားသည့် ဆေးခန်း ၇၁ ခန်း၊ တိုင်းရင်းဆေးကုခန်း တစ်ခန်း၊ သားဖွားခန်း ရှစ်ခန်းတို့အပြင် ရွေ့လျားဆေးကုသယာဉ်လေးစီးဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်က ပြောကြားသည်။
ယနေ့နံနက်ပိုင်းတွင်
ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်ရှိ မြန်မာကွန်ဗင်းရှင်းစင်တာ (MCC)၌ ကျင်းပသည့်
အလုပ်သမားဝန်ကြီးဌာနမှ “လူမှုဖူလုံရေး အကျိုးခံစားခွင့်များ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ”
ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။
ထို့ပြင် ကျန်းမာရေးစောင့်ရှောက်မှုကို
ပိုမိုကောင်းမွန်စွာ အသုံးပြုနိုင်စေရေး ဝန်ဆောင်မှုပေးသူနှင့် ဝန်ဆောင်မှုရယူသူအကြား
ခွဲခြားလုပ်ကိုင်မှုစနစ် (Provider Purchaser Split - PPS) အရ Fee for Service Payment
ဖြင့် လက်ရှိတွင် ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများနှင့် စာချုပ်ချုပ်ဆိုဆောင်ရွက်ပေးလျက်ရှိပြီး
အာမခံအလုပ်သမားများပြားသည့် တိုင်းဒေသကြီးများတွင် ကျန်းမာရေးစောင့်ရှောက်မှုများ တိုးချဲ့ဆောင်ရွက်ပေးနိုင်ရန်အတွက်
အလုပ်သမားဆေးရုံကြီးများအား ဖွင့်လှစ်နိုင်ရေး လေ့လာဆန်းစစ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့်
လူမှုဖူလုံရေးငွေကြေး အကျိုးခံစားခွင့်များ၊ လူမှုဖူလုံရေး အကျုံးဝင်အာမခံအလုပ်သမားများ၏
ပြင်ပဆေးရုံ၊ ဆေးခန်းများ၌ ဆေးကုသရာတွင် စိုက်ထုတ်ကုန်ကျခဲ့သည့် ဆေးဖိုးစိုက်ထုတ်ငွေများကို
အမြန်ဆုံးစိစစ်ခွင့်ပြုပြီး ပြန်လည်ပေးအပ်လျက်ရှိကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက ထည့်သွင်းပြောကြားသည်။
ဆွေးနွေး
ထို့နောက် ဆွေးနွေးပွဲတက်ရောက်လာသည့်
ကိုယ်စားလှယ်များနှင့် အလုပ်ရှင်၊ အလုပ်သမားအဖွဲ့အစည်းကိုယ်စားလှယ်များက အလုပ်ရှင်၊
အလုပ်သမားနှင့် လူမှုဖူလုံရေးအဖွဲ့တို့အကြား ပူးပေါင်းဆောင်ရွက်မှုအားကောင်းစေရေး ဝိုင်းဝန်းအကြံပြုဆွေးနွေးကြသည်။
အဆိုပါဆွေးနွေးပွဲသို့
ပြည်ထောင်စုအတိုင်ပင်ခံကောင်စီအဖွဲ့ဝင် ဦးကိုကိုလှိုင်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊
တိုင်းဒေသကြီးဝန်ကြီးများ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ဒါရိုက်တာအဖွဲ့ဝင်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်
(UMFCCI)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (CTUM)တို့မှ ကိုယ်စားလှယ်များ၊
စက်မှုဇုန်များမှ အလုပ်ရှင်များ၊ မန်နေဂျာများနှင့် အလုပ်သမားအဖွဲ့အစည်းများမှ အဖွဲ့ဝင်ကိုယ်စားလှယ်များ
တက်ရောက်ကြသည်။
သတင်းစဉ်

No comments:
Post a Comment