Sunday, November 29, 2026

ရန်ကုန်အထူးကုဆေးရုံသစ်ကြီး တည်ဆောက်လျက်ရှိ


 နေပြည်တော် နိုဝင်ဘာ ၂၈

ရန်ကုန်တိုင်းဒေသကြီး လမ်းမတော်မြို့နယ်၌ ရန်ကုန်အထူးကုဆေးရုံသစ်ကြီး(New Yangon Specialist Hospital-NYSH)ကို အဆောက်အဦဦးစီးဌာန တည်ဆောက်ရေးအဖွဲ့(၁)က တာဝန်ယူတည်ဆောက်လျက်ရှိသည်။


အဆိုပါဆေးရုံသစ်ကြီး တည်ဆောက်နေမှုကို ယနေ့တွင် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်သည် ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ထိုသို့ သွားရောက်ကြည့်ရှုစဉ် တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် လုပ်ငန်းအရည်အသွေးပြည့်မီစေရေး၊ လက်ရာသေသပ်ကောင်းမွန်စေရေး၊ အသုံးပြုသည့်ပစ္စည်းအမျိုးအစား မှန်ကန်စေရေးနှင့် ကျန်းမာရေးဝန်ကြီးဌာနမှအသုံးပြုလိုသော လိုအပ်ချက်များကို ဆေးရုံအင်္ဂါရပ်နှင့်အညီ စံသတ်မှတ်ချက်များကိုက်ညီအောင်ဆောင်ရွက်ပေးရေး၊ တည်ဆောက်ရေးလုပ်ငန်းများ သတ်မှတ်ကာလအတွင်းပြီးစီးအောင် အလေးထားဆောင်ရွက်ရေးတို့ကို မှာကြားသည်။

ရန်ကုန်အထူးကုဆေးရုံသစ်ကြီးသည် ခုနစ်ထပ်အဆောက်အအုံဖြစ်ပြီး ယခုအခါလုပ်ငန်းပြီးစီးမှု ၇၇ ရာခိုင်နှုန်းရှိပြီဖြစ်သည်။

ဆက်လက်၍ ကမာရွတ်မြို့နယ် ဆေးတက္ကသိုလ်(၁)ဝင်းအတွင်းရှိ လိပ်ခုံးပုံစံ(Multi–Purpose Assembly Hall) အဆောက်အအုံတည်ဆောက်ရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက ယခုအဆောက်အအုံသည် ယခင်ရှိခဲ့ပြီးသော လိပ်ခုံးပုံစံအဆောက်အအုံကို မူလပုံစံမပျက်ခေတ်မီဆန်းသစ်သောနည်းပညာဖြင့် ပြန်လည်တည်ဆောက်ခြင်းဖြစ်၍ လုပ်ငန်းများအရည်အသွေးပြည့်မီစွာ သတ်မှတ်ကာလအတွင်းပြီးစီးစေရေး၊ ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပစေရေးတို့ကို စနစ်တကျအလေးထားဆောင်ရွက်ရန် မှာကြားသည်။

အဆိုပါ လိပ်ခုံးပုံစံ (Multi–Purpose Assembly Hall) အဆောက်အအုံတည်ဆောက်ခြင်းလုပ်ငန်းကို ၂၀၂၇ ခုနှစ် ဇန်နဝါရီလကုန်တွင်ပြီးစီးရန် စီမံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment