သန်းဇော်(ဗဟိုစာရင်းအင်းအဖွဲ့)
၂၀၂၆ ခုနှစ် ဧပြီလတွင် ဖွဲ့စည်းခဲ့သော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရအဖွဲ့၌
အမျိုးသမီးရေးရာဝန်ကြီးဌာနကို ထည့်သွင်းဖွဲ့စည်းခဲ့ပါသည်။ ဤဖွဲ့စည်းမှုကြောင့် အမျိုးသမီးများ၏
အခန်းကဏ္ဍကို မြှင့်တင်ပေးနိုင်မည်ဖြစ်သကဲ့သို့ အမျိုးသမီးများ၏ စွမ်းပကားတိုးမြင့်လာခြင်းမှ
နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်ပေါ်စေမည်ဖြစ်ပါသည်။ အမျိုးသမီးများ၏ စွမ်းပကားသည်
ဖွံ့ဖြိုးမှုလုပ်ငန်းများတွင် အထောက်အပံ့များစွာ ဖြစ်ပေါ်စေနိုင်သည့်အတွက် United Nations
မှလည်း ထောင်စုနှစ်ဖွံ့ဖြိုးမှုပန်းတိုင်များ Millen-nium Development Goals
(MDGs) နှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင်များ Sustainable Develop-ment
Goals (SDGs)တို့ကို ချမှတ်ရာတွင် အမျိုးသမီးများ၏ စွမ်းပကားမြင့်မားရေးကို အသိအမှတ်ပြု
ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြသည်။
အမျိုးသမီးများ၏ အခန်းကဏ္ဍ
နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကို
ဖော်ဆောင်ရာတွင် အမျိုးသမီးများ၏ အခန်းကဏ္ဍသည် အလွန်အရေးပါသည်။ နိုင်ငံလူဦးရေ၏ တစ်ဝက်ကျော်ပါဝင်နေသည့်
အမျိုးသမီးများသည် စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးနှင့် ယဉ်ကျေးမှုအပိုင်းများတွင်
ပါဝင်ဆောင်ရွက်နိုင်ခြင်းဖြင့် တိုင်းပြည်တိုးတက်မှုနှင့် တည်ငြိမ်ရေးကို ဖြစ်ပေါ်လာစေနိုင်သည်။
အမျိုးသမီးများ၏ အရေးပါမှုကို အသိအမှတ်ပြု၍ အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးရေး အစီအစဉ်များအဖြစ်
United Nations မှ ချမှတ်ခဲ့ သော ထောင်စုနှစ်ဖွံ့ဖြိုးမှုပန်းတိုင်များ(MDGs) နှင့်
စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင်များ (SDGs) တို့တွင် အမျိုးသမီးများ၏ အခန်းကဏ္ဍကို
ထည့်သွင်းအကောင်အထည်ဖော်ခဲ့ကြသည်။
၂၀၀၀–၂၀၁၅ ခုနှစ် ကာလအတွင်း ဆောင်ရွက်သည့်
ထောင်စုနှစ်ဖွံ့ဖြိုးမှုပန်းတိုင်များ ရည်မှန်းချက် ရှစ်ခုအနက် “ကျား၊ မ တန်းတူ ညီမျှမှုနှင့်
အမျိုးသမီးများ စွမ်းဆောင်ရည်မြှင့်တင်ရေး” ကို ရည်မှန်း ချက်တစ်ခုအဖြစ် သတ်မှတ်ခဲ့ပြီး
အမျိုးသမီးများ၏ ပညာရေးရရှိခွင့်၊ အလုပ်အကိုင်အခွင့်အလမ်းနှင့် ဆုံးဖြတ်ချက်ချမှုများတွင်
ပါဝင်ခွင့်တိုးတက်လာစေရန် အလေးထားခဲ့သည်။ ဤရည်မှန်းချက်ကြောင့် မိန်းကလေးများ၏ ကျောင်းတက်နှုန်း
မြင့်တက်လာခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမို ရရှိလာခြင်း စသည်တို့ကို တွေ့မြင်နိုင်ခဲ့သည်။
သို့သော်လည်း လိင်အခြေပြု ခွဲခြားဆက်ဆံမှုများ၊ အမျိုးသမီးအပေါ်အကြမ်းဖက်မှုများကဲ့သို့
ပြဿနာများကို အပြည့်အဝမဖြေရှင်းနိုင်ခဲ့ပေ။
ထို့ကြောင့် SDGs (၂၀၁၅–၂၀၃၀)ကို ရည်မှန်းချက်
၁၇ ချက် ချမှတ်အကောင်အထည်ဖော်ဆောင် ချိန်တွင် SDGs ၏ ပန်းတိုင် ၅ အဖြစ် “ကျား၊ မ တန်းတူညီမျှမှုရရှိရေးနှင့်
အမျိုးသမီးနှင့် အမျိုးသမီး ငယ်အားလုံး စွမ်းပကားတိုးမြင့်စေရေး” ကို ထပ်မံသတ်မှတ်ကာ
ပိုမိုကျယ်ပြန့်သောအမြင်ဖြင့် ဆောင်ရွက်လာခဲ့သည်။ SDGs သည် အမျိုးသမီးများ၏ စွမ်းဆောင်ရည်မြင့်မားရေးနှင့်
အခွင့်အရေး များကို ကာကွယ်ပေးခြင်းသာမက စီးပွားရေးတိုးတက်မှု၊ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး၊
ကျန်းမာ ရေးနှင့် ပညာရေးကဏ္ဍများတွင်လည်း အမျိုးသမီးများပါဝင်မှုတိုးမြှင့်ရေးကို ရည်ရွယ်ထားသည်။
ကျား၊မ တန်းတူညီမျှမှုရရှိရေးနှင့်
အမျိုးသမီးနှင့် အမျိုးသမီးငယ်အားလုံး စွမ်းပကား တိုးမြင့်စေရေး
SDGs ပန်းတိုင် ၅ ဖြစ်သည့် ကျား၊ မ တန်းတူညီမျှမှုရရှိရေးနှင့်
အမျိုးသမီးနှင့် အမျိုးသမီးငယ်အားလုံး စွမ်းပကားတိုးမြင့်စေရေးကို အောက်ပါရည်မှန်းချက်များဖြင့်
အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်-
(၁) အမျိုးသမီးများနှင့်
အမျိုးသမီးငယ်များကို ခွဲခြားဆက်ဆံသည့်ပုံစံအားလုံး နေရာတိုင်းတွင် အဆုံးသတ်ရေး၊
(၂) အများပြည်သူနှင့်
သက်ဆိုင်သော နေရာများနှင့် ပုဂ္ဂလိကနှင့်သက်ဆိုင်သောနေရာများတွင် အမျိုးသမီးများနှင့်
အမျိုးသမီးငယ်များကို လူကုန်ကူးခြင်း၊ လိင်ပိုင်းဆိုင်ရာနှင့် အခြားအသုံးချမှုများ
အပါအဝင် အကြမ်းဖက်မှုပုံစံအားလုံး ပပျောက်ရေး၊
(၃) ကလေးသူငယ်များကို
လက်ထပ်စေမှု၊ အရွယ်မရောက်ခင် လက်ထပ်စေမှု၊ အတင်းအဓမ္မ လက်ထပ်စေမှုနှင့် အမျိုးသမီးလိင်အင်္ဂါဖျက်ဆီးခြင်းကဲ့သို့သော
အမျိုးသမီးများနှင့် အမျိုးသမီးငယ်များကို အန္တရာယ်ဖြစ်စေသည့် အပြုအမူ၊ ဓလေ့ထုံးစံများ
ပပျောက်ရေး၊
(၄) မိသားစုနှင့်အိမ်ထောင်စုအတွင်း
တာဝန်ယူမှုတိုးမြှင့်ရန်အတွက် လုပ်အားခမရရှိသည့် ပြုစုစောင့်ရှောက်မှုအလုပ်များနှင့်
အိမ်အကူအလုပ်များ လုပ်ကိုင်သူများကို ပြည်သူ့ရေးရာဝန်ဆောင်မှုပေးခြင်း၊ အခြေခံအဆောက်အအုံနှင့်
လူမှုရေးရာအကာအကွယ်ပေးမှု မူဝါဒများ ချမှတ်ခြင်းများ ဆောင်ရွက်ခြင်းအားဖြင့် အလေးထားအသိအမှတ်ပြုရေး၊
(၅) နိုင်ငံရေး၊
စီးပွားရေးနှင့် ပြည်သူ့ရေးရာကိစ္စရပ်များတွင် ဆုံးဖြတ်ချက် ချမှတ်နိုင်သည့် အဆင့်တိုင်းတွင်
အမျိုးသမီးများအပြည့်အဝ ပါဝင်ဆောင်ရွက်နိုင်ပြီး တန်းတူအခွင့်အရေးရရှိရေး၊
(၆) လိင်ဆက်ဆံမှုနှင့်
မျိုးဆက်ပွားကျန်းမာရေးနှင့် အခွင့်အရေးများကို လူဦးရေနှင့် ဖွံ့ဖြိုးတိုးတက်မှု အပြည်ပြည်ဆိုင်ရာညီလာခံ၏
လုပ်ငန်းအစီအစဉ်နှင့် ဘေဂျင်းမူဝါဒလမ်းစဉ် ဆောင်ရွက်မှု ညီလာခံတို့မှ သဘောတူညီထားသည့်အတိုင်းနှင့်
ညီလာခံနှစ်ခုအပေါ် သုံးသပ်ချက် ရလဒ်များအတိုင်းကို အမျိုးသမီးတိုင်းရရှိရေး၊
(က) စီးပွားရေးအရင်းအမြစ်များကို
အမျိုးသမီးများ တန်းတူညီမျှစွာရရှိရေး၊ မြေယာနှင့် အခြားပုံစံရှိသည့်ပစ္စည်းများ၊ သဘာဝအရင်းအမြစ်များ၊
အမွေဆက်ခံခြင်းများ၊ ဘဏ္ဍာရေးဝန်ဆောင်မှုများကို ပိုင်ဆိုင်ခွင့်နှင့် ထိန်းချုပ်ခွင့်ရရှိရေးအတွက်
နိုင်ငံတော်မှ ပြဋ္ဌာန်းထားသည့် ဥပဒေများကို ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ရေး၊
(ခ) အမျိုးသမီးများ၏စွမ်းပကား
တိုးမြင့်ရန်အတွက် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ အသုံးပြုနိုင်မှုကို မြှင့်တင်ရေး၊
(ဂ) အဆင့်တိုင်းတွင်
အမျိုးသမီးများနှင့် အမျိုးသမီးငယ်များ၏ စွမ်းပကားမြှင့်တင်ရေးနှင့် ကျား၊ မ တန်းတူညီမျှရရှိမှု
တိုးမြှင့်ရေးအတွက် ဥပဒေလိုက်နာအောင် ဆောင်ရွက်ခြင်းနှင့် ထိရောက်သည့် မူဝါဒချမှတ်ခြင်းတို့ကို
အားကောင်းအောင် တိုးမြှင့်ဆောင်ရွက်ရေး။
SDGs ပန်းတိုင် ၅ ကို အကောင်အထည်ဖော်နိုင်ခြင်းဖြင့်
မိန်းကလေးများသည် ယောကျ်ားလေး များကဲ့သို့ ပညာသင်ယူခွင့်ရလာပြီး လူ့စွမ်းအားအရင်းအမြစ်တိုးတက်လာခြင်း၊
အမျိုးသမီးများ အတွက် အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်လာပြီး မိသားစုစီးပွားရေး
ပိုမိုကောင်းမွန်လာစေ ခြင်း၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု၊ ကလေးအရွယ် အိမ်ထောင်ပြုခြင်းနှင့်
ခွဲခြားဆက်ဆံမှုများ လျော့နည်းလာစေခြင်း၊ မိခင်နှင့်ကလေးကျန်းမာရေးစောင့်ရှောက်မှု
ပိုမိုရရှိလာပြီး လူမှုဘဝအရည်အသွေးတိုးတက်လာခြင်း၊ အမျိုးသမီးများ ဆုံးဖြတ်ချက်ချရာတွင်
ပါဝင်လာခြင်းကြောင့် လူမှုရေး၊ စီးပွားရေးနှင့် နိုင်ငံရေးဖွံ့ဖြိုးတိုးတက်မှုကို
အထောက် အကူပြုနိုင်ခြင်းတို့ကြောင့် အမျိုးသမီးများနှင့် အမျိုးသားများ တန်းတူအခွင့်အရေးရရှိစေပြီး
လူမှု အသိုင်းအဝိုင်းတစ်ခုလုံး ပိုမိုတိုးတက်ကောင်းမွန်လာစေမည် ဖြစ်ပါသည်။
လူသားအရင်းအမြစ်ကို အပြည့်အဝအသုံးပြုခြင်း
နိုင်ငံတစ်နိုင်ငံတွင် အမျိုးသမီးများအား
တန်းတူအခွင့်အရေးပေးခြင်း၊ ဆုံးဖြတ်ချက်ချရာတွင် ပါဝင်ခွင့်ပေးခြင်းနှင့် အကြမ်းဖက်မှုများမှ
ကာကွယ်ပေးခြင်းတို့ကို အကောင်အထည်ဖော်နိုင်ပါက လူမှုအသိုင်းအဝိုင်းတည်ငြိမ်လာပြီး စီးပွားရေးတိုးတက်မှုလည်း
မြန်ဆန်လာမည်ဖြစ်သည်။ အမျိုး သမီးများအား ၎င်းတို့၏ အတွေးအခေါ်၊ စွမ်းရည်နှင့် တီထွင်ဖန်တီးနိုင်မှုများကို
အသုံးပြုစေခြင်းသည် နိုင်ငံ၏ အရင်းအမြစ်များကို အပြည့်အဝအသုံးပြုနိုင်ခြင်းဖြစ်သည်။
မြန်မာ့လူဦးရေကို ၁၉၈၃ ခုနှစ် သန်းခေါင်စာရင်းမှစ၍ကြည့်ပါကလည်း
နှစ်အလိုက် အမျိုး သမီးဦးရေသည် အမျိုးသားဦးရေထက် ပိုမိုများပြားနေသည်ကို တွေ့ရှိရပေမည်။
၂၀၂၄ ခုနှစ် အိမ် အကြောင်းအရာနှင့် သန်းခေါင်စာရင်းအရ စုစုပေါင်းလူဦးရေ ၅၁ ဒသမ ၃၇၅
သန်း ရှိသည့်အနက် အမျိုးသမီးဦးရေ ၂၇ ဒသမ ၀၉၉ သန်း ပါဝင်ကြောင်း တွေ့ရှိရပါသည်။ အသက်
၁၄ နှစ်မှ ၆၄ နှစ် အသက်အရွယ်ရှိ အမျိုးသမီးဦးရေသည် စုစုပေါင်းလူဦးရေ၏ ၃၅ ဒသမ ၇၅ ရာခိုင်နှုန်း
ပါဝင်နေပါသည်။ အမျိုးသမီးများ၏ စွမ်းပကားကို အပြည့်အဝအသုံးပြုနိုင်ပါက နိုင်ငံဖွံ့ဖြိုးတိုးတက်မှုတွင်
များစွာအထောက်အပံ့ ဖြစ်စေနိုင်ပါမည်။
ဖွံ့ဖြိုးတိုးတက်ရေး၏ အခြေခံကျသော အစိတ်အပိုင်းတစ်ခုဖြစ်သည့်
အမျိုးသမီးများ၏ အခန်း ကဏ္ဍဖွံ့ဖြိုးလာပြီး တန်းတူအခွင့်အရေးရရှိခြင်းမှ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး
ဆောင်ရွက်မှု များတွင် ပါဝင်လာနိုင်မည် ဖြစ်ပါသည်။ ထို့ကြောင့် အမျိုးသမီးများအား အားပေးကူညီခြင်းနှင့်
အခွင့် အရေးများ တိုးမြှင့်ပေးခြင်းသည် နိုင်ငံတော်၏ အနာဂတ်တိုးတက်မှုအတွက် အရေးပါသော
လုပ်ဆောင်ချက်တစ်ရပ်ဖြစ်ပါကြောင်း ရေးသားလိုက်ရပါသည်။ ။
No comments:
Post a Comment