Saturday, November 7, 2026

ဒုတိယဝန်ကြီး ဦးနိုင်မင်းကျော် အင်ဒိုနီးရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန အာရှပစိဖိတ်နှင့် အာဖရိကရေးရာ ဒုတိယဝန်ကြီး ဒေါက်တာ ဆန်တို ဒါမိုဆူမာတို ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ


နေပြည်တော် နိုဝင်ဘာ ၆

နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနိုင်မင်းကျော်သည် အင်ဒိုနီးရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန အာရှပစိဖိတ်နှင့် အာဖရိကရေးရာ ဒုတိယဝန်ကြီး ဒေါက်တာ ဆန်တို ဒါမိုဆူမာတို ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့ညနေ ၃ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန နေပြည်တော်၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် နှစ်နိုင်ငံ ဒုတိယဝန်ကြီးများသည် နှစ်နိုင်ငံဆက်ဆံရေး ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးနှင့် အာဆီယံမူဘောင်အောက်၌ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်သွားရေးကိစ္စရပ်များ၊ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းဆောင်ရွက်ချက်များ၊ အာဆီယံတွင် မြန်မာနိုင်ငံ၏ မူလအခန်းကဏ္ဍနှင့် အခွင့်အရေးများ ပြန်လည်ရရှိရေးကိစ္စရပ်များ၊ မကြာမီကျင်းပမည့် (၄၉) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်ထိပ်သီးအစည်းအဝေး ကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။

ထို့ပြင် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ် တိုးတက်မှုများနှင့်ပတ်သက်၍ အင်ဒိုနီးရှားနိုင်ငံ၏ အပြုသဘော ပူးပေါင်းဆောင်ရွက်မှုများကို အသိအမှတ်ပြုကြောင်း၊ အစိုးရအနေဖြင့် “တိုင်းပြည်တည်ငြိမ်အေးချမ်းမှုရရှိရေး” နှင့် “နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှုရရှိရေး” တို့ကို ဦးစားပေးရည်မှန်းချက်များအဖြစ် ချမှတ်ကာ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံသည် တာဝန်သိ အာဆီယံအဖွဲ့ ဝင်နိုင်ငံအနေဖြင့် အာဆီယံထုတ်ပြန်ချက် (၅) ရပ်ကို မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် အမျိုးသားအကျိုးစီးပွားကို ထိခိုက်မှုမရှိစေဘဲ အတတ်နိုင်ဆုံး ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်းနှင့် အာဆီယံရေးရာကော်မတီဖွဲ့စည်း၍ အာဆီယံနှင့် ပူးပေါင်းဆောင်ရွက်မှုများကို အတတ်နိုင်ဆုံး တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် နှစ်နိုင်ငံဆက်ဆံရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးက မြန်မာဦးဆောင်သည့် မြန်မာ့ကိုယ်ပိုင်နည်းလမ်းဖြင့် အာဆီယံနှင့်ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်၍ အာဆီယံအတွင်း မြန်မာနိုင်ငံ၏ မူလအခန်းကဏ္ဍနှင့်အခွင့်အရေး ပြန်လည်ရရှိရေးနှင့်ပတ်သက်၍ အလေးထား ဆွေးနွေးပြောကြားသည်။

အင်ဒိုနီးရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ယခုခရီးစဉ်အတွင်း မြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်မှုများနှင့် အချက်အလက်များကို သိရှိမှတ်သားရကြောင်း၊ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို အင်ဒိုနီးရှားနိုင်ငံအနေဖြင့် အားပေးထောက်ခံလျက်ရှိသည့် ကိစ္စရပ်များ၊ မြန်မာဦးဆောင်သည့် မြန်မာနည်းလမ်းဖြင့် အာဆီယံတွင် မြန်မာနိုင်ငံ၏ အခန်းကဏ္ဍကိုမြှင့်တင်ရေးအတွက် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည့် ကိစ္စရပ်များနှင့် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်နိုင်သည့် ကိစ္စရပ်များနှင့်ပတ်သက်၍ အလေးထား ဆွေးနွေးသည်။

ထို့နောက် ဒုတိယဝန်ကြီး ဦးနိုင်မင်းကျော်သည် အင်ဒိုနီးရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား နေပြည်တော်ရှိ MGallery Sofitel ဟိုတယ်၌ ညစာဖြင့်တည်ခင်းဧည့်ခံခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

No comments:

Post a Comment