Saturday, November 7, 2026

နိုင်ငံခြားငွေလဲလှယ်နှုန်းတည်ငြိမ်ရေးနှင့် သွင်းကုန်လုပ်ငန်းများအတွက် ကြိုတင်ငွေပေးချေမှုဆိုင်ရာကိစ္စရပ်များ ညှိနှိုင်းအစည်းအဝေးကျင်းပ


နေပြည်တော် နိုဝင်ဘာ ၆

နိုင်ငံခြားငွေလဲလှယ်နှုန်းတည်ငြိမ်ရေးနှင့် သွင်းကုန်လုပ်ငန်းများအတွက် ကြိုတင်ငွေပေးချေမှု (Advance Payment) ဆိုင်ရာလုပ်ငန်းစဉ်များ ပိုမိုအဆင်ပြေချောမွေ့စေရေးတို့အတွက် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ပိတောက်အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါက်တာခင်နိုင်ဦးက ငွေကြေးတည်ငြိမ်မှုနှင့် နိုင်ငံခြားငွေလဲလှယ်နှုန်းတည်ငြိမ်မှုတို့သည် နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးကြီးသောအခန်းကဏ္ဍမှ ပါဝင်လျက်ရှိကြောင်း၊ ငွေရေး ကြေးရေးကဏ္ဍတည်ငြိမ်မှသာ နိုင်ငံ၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အပံ့ပေးနိုင်မည်ဖြစ်ကြောင်း၊ ငွေရေးကြေးရေးကဏ္ဍ တည်ငြိမ်မှုသည် ဘဏ္ဍာရေးမူဝါဒ၊ ကုန်သွယ်မှုမူဝါဒနှင့် ရင်းနှီးမြှုပ်နှံမှုမူဝါဒများ ထိရောက်စွာအပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုအပေါ် မူတည်နေကြောင်း၊ အစိုးရကဏ္ဍများနှင့် AD လိုင်စင်ရဘဏ်များ၊ စီးပွားရေးလုပ်ငန်းရှင်များအပါအဝင် Stakeholder များအားလုံး ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ရေးသည် အရေးကြီးကြောင်း၊ နိုင်ငံခြားငွေကြေးဈေးကွက်အတွင်း ရောင်းဝယ်မှုများအား ထုတ်ပြန်ထားသောဥပဒေ၊ စည်းမျဉ်း၊ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရန်ဖြစ်ကြောင်း၊ ဆက်လက်၍ သွင်းကုန်လုပ်ငန်းရှင်များ၏ ငွေပေးချေမှုများအတွက် အဆင်ပြေစွာဆောင်ရွက်နိုင်ရေး ကြိုတင်ငွေပေးချေမှုနှင့်ပတ်သက်၍ အသိပေးထုတ်ပြန်ထားပြီးဖြစ်ကြောင်း၊ လုပ်ငန်းဆောင်ရွက်ရာတွင် စနစ်တကျချောမွေ့စွာ ဆောင်ရွက်နိုင်ရေး ဆွေးနွေးပေးကြရန် ပြောကြားသည်။

ဆက်လက်၍ တက်ရောက်လာသူများက နိုင်ငံခြားငွေကြေးဈေးကွက်တွင် လက်ရှိဖြစ်ပေါ်နေသော အခြေအနေများ၊ ပို့ကုန်နှင့်သွင်းကုန်လုပ်ငန်းဆိုင်ရာများ၊ သွင်းကုန်အတွက် ကြိုတင်ငွေပေးချေမှုများနှင့်ပတ်သက်၍ လုပ်ငန်းရှင်များနှင့် ဘဏ်များမှ ပိုမိုအဆင်ပြေစွာ ဆောင်ရွက်နိုင်ရေး၊ လုပ်ငန်းတာဝန်များကို ရှင်းလင်းစွာ ဆောင်ရွက်နိုင်ရေးစံပြုလုပ်ငန်းစဉ် (Standard Operating Procedure) အား ရေးဆွဲ နိုင်ရေးဆိုင်ရာတို့ကို အကြံပြုဆွေးနွေးကြပြီး မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကား ပြောကြားသည်။

အစည်းအဝေးသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌများ၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ UMFCCI ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် AD လိုင်စင်ရဘဏ်များမှတာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment