နေပြည်တော် နိုဝင်ဘာ ၁
အမှတ်(၂)သံမဏိစက်ရုံ (ပင်းပက်) စီမံကိန်းရှိ စွန့်ပစ်အပူသုံး လျှပ်စစ်ဓာတ်အားပေး အလုပ်ရုံလည်ပတ်နိုင်ရေး၊ ရိုမက်သံရည်ကျိုမီးဖို လည်ပတ်နိုင်ရေးတို့အတွက် ညှိနှိုင်းအစည်းအဝေးကို ရှမ်းပြည်နယ် တောင်ကြီးမြို့နယ် အမှတ်(၂) သံမဏိစက်ရုံ (ပင်းပက်) စက်ရုံအစည်းအဝေးခန်းမ၌ ယမန်နေ့မွန်းလွဲပိုင်းတွင် ကျင်းပသည်။
အစည်းအဝေးတွင် စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်းက စက်ရုံမှ ဆောင်ရွက်ပေးရမည့်လုပ်ငန်းများ အချိန်မီပြီးစီးရေးအတွက် တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စီမံကိန်းလုပ်ငန်းများ စနစ်တကျဖြင့် အောင်မြင်အောင် ဆောင်ရွက်နိုင်ရေးအတွက် စီမံကိန်းစီမံခန့်ခွဲမှုစနစ်ပါ လမ်းညွှန်ချက်များအတိုင်း တိတိကျကျလိုက်နာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှုအခြေအနေနှင့်စပ်လျဉ်း၍ စီမံကိန်းစီမံခန့်ခွဲမှု စောင့်ကြည့်ဇယားများဖြင့် စနစ်တကျဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စီမံကိန်းလုပ်ငန်းများကို နိုင်ငံတကာမှ ကျွမ်းကျင်ပညာရှင်များဖြင့် ပူးပေါင်းဆောင်ရွက်နေရ၍ အချက်အလက်ခိုင်ခိုင်မာမာဖြင့် တိတိကျကျ ဆောင်ရွက်ရမည်ဖြစ်ကြောင်း မှာကြားသည်။
ဆက်လက်၍ တာဝန်ရှိသူများက စွန့်ပစ်အပူသုံး လျှပ်စစ်ဓာတ်အားပေးအလုပ်ရုံ လည်ပတ်နိုင်ရေးအတွက် စက်ပစ္စည်းများ စစ်ဆေးဆောင်ရွက်မှု၊ တပ်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ ဆက်လက်ဆောင်ရွက်မည့်အစီအမံတို့ကို ရှင်းလင်းတင်ပြမှုအပေါ် လုပ်ငန်းဆိုင်ရာများမှာကြားပြီး လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသည်။
ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ထုံးကျောက်နှင့်ဒိုလိုမိုက်အလုပ်ရုံတွင် စက်များတပ်ဆင်ထားမှုနှင့် စမ်းသပ်လည်ပတ်နေမှု၊ စွန့်ပစ်အပူသုံးဓာတ်အားပေး အလုပ်ရုံတွင် ဝန်ထမ်းများနှင့် ပြည်ပကျွမ်းကျင်ပညာရှင်များပူးပေါင်း၍ စက်ပစ္စည်းများ စစ်ဆေးခြင်း၊ တပ်ဆင်ခြင်းများ ဆောင်ရွက်နေမှု၊ ရိုမက်နည်းပညာသုံး သံရည်ကျိုမီးဖိုတွင် စက်ပစ္စည်းများ တပ်ဆင်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
%20Photo-1.jpg)
No comments:
Post a Comment