ရန်ကုန် အောက်တိုဘာ ၁၄
ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ်ရှိ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးစင်တာတွင် Weekend Market ပြုလုပ်ပြီး အမျိုးသမီးသင်တန်းကျောင်းများ၏ ထွက်ကုန်များကို ဈေးကွက်ချဲ့ထွင် ရောင်းချနိုင်ရေးအတွက် အဆိုပါစင်တာ၌ အောက်တိုဘာ ၁၂ ရက်က အမျိုးသမီးရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ဇင်နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဝင် မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများကွန်ရက်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များတွေ့ဆုံစဉ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထို့ပြင် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးစင်တာရှိ အမျိုးသမီးများအတွက် အသက်မွေးဝမ်းကျောင်းသင်တန်းများ အဆင့်မြှင့်တင်ရေး၊ ထုတ်ကုန်ပစ္စည်းများ အရည်အသွေးကောင်းမွန်ရေး၊ ဈေးကွက်ချဲ့ထွင်နိုင်ရေးနှင့် ကျွမ်းကျင်သင်တန်းသူများ လေ့ကျင့် သင်ကြားပေးမည့် အစီအစဉ်များနှင့် စင်တာအတွင်းရှိ ရှေးဟောင်းအဆောက်အအုံကို ပြင်ဆင်မွမ်းမံရေးအစီအစဉ်တို့ကိုလည်း အသေးစိတ်ဆွေးနွေးကြသည်။
တွေ့ဆုံပွဲအပြီးတွင် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးစင်တာတွင် စက်ချုပ်သင်တန်း၊ လက်မှုပန်းထိုးသင်တန်းများ ဖွင့်လှစ်သင်ကြားနေမှု၊ ကုန်ချောထုတ်လုပ်ရောင်းချသည့် အရောင်းဆိုင်တို့ကို ကြည့်ရှုအားပေးသည်။
ယမန်နေ့မွန်းလွဲပိုင်းကလည်း ဓမ္မစေတီလမ်းရှိ အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်ကျောင်း၌ စက်ချုပ်သင်တန်း တက်ရောက်နေကြသည့် အမျိုးသမီးများကို သွားရောက်တွေ့ဆုံ အားပေးစကားပြောကြားသည်။
ဆက်လက်၍ အိန္ဒိယအစိုးရ၏ အသေးစားဖွံ့ဖြိုးမှုစီမံချက်များဖြစ်သည့် ရန်ကုန်အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်ကျောင်း အဆင့်မြှင့်တင်ရေးစီမံချက်၊ စက်ပစ္စည်းများနှင့် သင်ထောက်ကူပစ္စည်းများ ပံ့ပိုးပေးရေးစီမံချက်များ အကောင်အထည်ဖော်ဆောင်ရွက်နေသည့် မော်တာအပ်ချုပ်စက်များ၊ ဆိုလာများ တပ်ဆင်အသုံးပြုနေမှုအခြေအနေကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်

No comments:
Post a Comment