Thursday, October 15, 2026

(၆၁) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ သတ္တမနေ့ ဆက်လက်ကျင်းပ

 


နေပြည်တော် အောက်တိုဘာ ၁၄

(၆၁)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ သတ္တမနေ့ကို ယနေ့တွင် နေပြည်တော် မဏိရတနာကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပလျက်ရှိရာ ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များသည်မဏိရတနာကျောက်စိမ်းခန်းမအပြင်ဘက် သတ်မှတ်နေရာများအလိုက် ခင်းကျင်းပြသထားသည့် ကျောက်စိမ်းအတွဲများကို စိတ်ကြိုက်လေ့လာကြည့်ရှုကြသည်။

ယနေ့ပြပွဲတွင် အုပ်စု(အေ)နှင့်(ဘီ)မှ ကျောက်စိမ်းအတွဲများအနက် ကျောက်စိမ်းအတွဲ အမှတ် ၅၅၁ မှ ၁၁၀၀ အထိ အတွဲပေါင်း ၅၅၀ ကို ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးခဲ့ရာ ကျောက်စိမ်းအတွဲပေါင်း ၄၆၃ တွဲ ရောင်းချနိုင်ခဲ့ကြောင်း ကြေညာသည်။

ယနေ့မွန်းလွဲပိုင်းတွင် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီနာယက သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဦးသည် ပြပွဲကျင်းပရာ မဏိ ရတနာကျောက်စိမ်းခန်းမအတွင်း ကျောက်ခင်းကွင်းနယ်မြေအလိုက် ကျောက်စိမ်းအတွဲများ ခင်းကျင်းပြသထားရှိမှု၊ ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များက ကျောက်စိမ်းအတွဲများအတွက် ဈေးနှုန်းပေးသွင်းလွှာများအား တင်ဒါပုံးများအတွင်း ထည့်သွင်းနေမှုနှင့် တင်ဒါအောင်မြင်သည့် ကျောက်စိမ်းအတွဲများ အောင်စာရင်းထုတ်ပြန်ကြေညာနေမှုကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားသည်။

ပြပွဲအဋ္ဌမနေ့တွင် ရောင်းချမည့် အုပ်စု(အေ)နှင့်(ဘီ)မှ ကျောက်စိမ်းအတွဲအမှတ် ၁၁၀၁ မှ ၁၆၀၅ အထိကို ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များက ကြည့်ရှုစစ်ဆေး၍ ဈေးနှုန်းတင်သွင်းလွှာများကို တင်ဒါပုံးများအတွင်းသို့ ထည့်သွင်းကြပြီး တင်ဒါပုံးများကို ညနေ ၅ နာရီ တွင် ပိတ်သိမ်း၍ တာဝန်ရှိသူများက ဖွင့်ဖောက်စစ်ဆေးကာ အောက်တိုဘာ ၁၅ ရက်တွင် ရောင်းချရသည့် ကျောက်စိမ်းအတွဲများကို ကြေညာသွား မည်ဖြစ်သည်။

နိုင်ငံတော်နှင့် နိုင်ငံသားများအတွက် စီးပွားရေးအကျိုးဖြစ်ထွန်းစေရန်နှင့် ကျောက်မျက်သယံဇာတများကို ရေရှည်တည်တံ့အောင် စနစ်တကျစီမံခန့်ခွဲနိုင်ရန် ရည်ရွယ်ကျင်းပသည့် အဆိုပါမြန်မာ့ကျောက်မျက် ရတနာပြပွဲကို အောက်တိုဘာ ၁၇ ရက်အထိ ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment