နေပြည်တော် အောက်တိုဘာ ၆
အားကစားရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ်တို့ ပူးပေါင်း၍ ၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် U-18 ပြေးခုန်ပစ်ပြိုင်ပွဲဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကျင်းပသည်။
ဖွင့်ပွဲသို့ အားကစားရေးရာဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်း၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးကျော်ထင်၊ ဦးနေမျိုးလှိုင်၊ ဒေါ်စန်းစန်းနွယ်၊ ဦးရဲတင့်၊ ဒေါက်တာသန့်ဇော်လွင်၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ၊ နည်းပြများနှင့် အားကစားသမားများ တက်ရောက်ကြသည်။
ဖွင့်ပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်းက ပြေးခုန်ပစ်အားကစားနည်း ပြန်လည်ဦးမော့လာစေရေးနှင့် ခါးဆက်မပြတ်စေရေးအတွက် သက်တမ်းအလိုက် လူငယ်မျိုးဆက်သစ်အားကစားသမားများပေါ်ထွက် လာစေရန်ရည်ရွယ်ပြီး မြန်မာပြည်တစ်ဝန်းလုံးမှ တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ ပညာရေးဝန်ကြီးဌာနနှင့်ပေါင်းစပ်ညှိနှိုင်းပြီး အခြေခံပညာကျောင်းများတွင် ပြေးခုန်ပစ်အားကစားနည်းကိုစိတ်ပါဝင်စားလာအောင် စည်းရုံးဆောင်ရွက်သွားကြရန် အလေးအနက်ထားမှာကြားလိုကြောင်း၊ နိုင်ငံတော်အနေဖြင့် မြန်မာ့အားကစားကဏ္ဍကို အစွမ်းကုန်အားပေးချီးမြှောက်နေသည့်အချိန်တွင် အားကစားသမားများအနေဖြင့် မိမိတို့၏ အစွမ်းအစအရည်အသွေးများကို အစွမ်းကုန်ဖော်ထုတ်ပြသကြပြီး တိုင်းဒေသကြီးနှင့်ပြည်နယ်အားကစားပြိုင်ပွဲမှတစ်ဆင့် နိုင်ငံတော်ကအားထားရမည့်ထူးချွန်ထက်မြက်သည့် နိုင်ငံ့ဂုဏ်ဆောင်လက်ရွေးစင်ပြေးခုန်ပစ် အားကစားသမားကောင်းများဖြစ်အောင်ကြိုးစားသွားကြရန် တိုက်တွန်းပါကြောင်း ပြောကြားပြီး ပြိုင်ပွဲကိုဖွင့်လှစ်ပေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ပြိုင်ပွဲဝင်အသင်းများကို နှုတ်ဆက်အားပေးပြီး ပြိုင်ပွဲတွင်ပါဝင်ကူညီအားဖြည့်ပေးခဲ့သည့် ဇမ္ဗူသီရိမြို့နယ် အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်းမှ ဘင်ခရာအဖွဲ့အား ဂုဏ်ပြုချီးမြှင့်ငွေကျပ် သုံးသိန်းပေးအပ်ကာ ပြေးခုန်ပစ်အားကစားသမားများ ပြိုင်ပွဲအမျိုးအစားအလိုက် ယှဉ်ပြိုင်ကစားနေမှုကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်


No comments:
Post a Comment