ပါမောက္ခ ဒေါက်တာမျိုးခိုင် (ကွန်ပျူတာတက္ကသိုလ်)
မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားများတွင် “မြန်မာ့မြန်မာ့ရုပ်ရှင်… ဟို ယခင်ကစင်မြင့်ထက်မှာ ကပြခဲ့တာသဘင်… စက်မှုအရာ ပညာဆန့်လို့ ရုပ်ရှင်အတတ်သို့ပင်…”ဆိုသည့် အလင်္ကာကျော်စွာ ရွှေပြည်အေး၏ ‘မြန်မာ့ရုပ်ရှင်’ တေးသီချင်းကို နားဆင်ရစမြဲဖြစ်ပါသည်။ ထိုစာသားလေးသည် မြန်မာ့ရုပ်ရှင်သမိုင်းကို ဖော်ကျူးနေရုံမျှသာမက အနုပညာနှင့် နည်းပညာတို့ဒွန်တွဲပြီး ခေတ်အလိုက်ပြောင်းလဲလာခဲ့ပုံကို လှပစွာမီးမောင်းထိုးပြနေခြင်းလည်း ဖြစ်ပါသည်။
အနုပညာဟူသည် လူသားတို့၏ စိတ်ကူးစိတ်သန်းနှင့် ခံစားချက်များကို ပုံဖော်သည့် ‘ဉာဏပစ္စည်း’ တစ်ခုအဖြစ် မပြောင်းမလဲ တည်ရှိနေသော်လည်း ထိုအနုပညာကို အများပြည်သူထံသို့ချပြရာတွင် အသုံးချရသည့် ‘ဖန်တီးမှုပုံစံ’၊ ‘တင်ဆက်မှုပုံစံ’၊ ‘ဖြန့်ဖြူးမှုပုံစံ’ နှင့် ‘အနုပညာစီးပွားရေးပုံစံ’ တို့ကမူ ခေတ်အလိုက် ပေါ်ပေါက်လာသော နည်းပညာရပ် များအပေါ်တွင် တိုက်ရိုက်မှီတည်နေပါသည်။ ခေတ်ရေစီးကြောင်းသည် တရွေ့ရွေ့ပြောင်းလဲလာခဲ့ရာ ယနေ့ကာလတွင် ကမ္ဘာကြီးသည် စက်မှုခေတ်ကို ကျော်လွန်၍ ဉာဏ်ရည်တု(AI) ခေတ်သို့တိုင် ဆိုက်ရောက်လာခဲ့ပြီဖြစ်သည်။
ထို့ကြောင့် သုခုမအနုပညာသည်ပရိသတ်ကို ဖျော်ဖြေခြင်း၊ ပညာပေးခြင်းနှင့် အတွေးအခေါ် မြှင့်တင်ပေးခြင်းဟူသော ရည်ရွယ်ချက်များကို အနုပညာနှင့် နည်းပညာပေါင်းစပ်ထားသည့် စမတ်သုခုမအနုပညာ ဖန်တီးမှုလုပ်ငန်း (Smart Creative Industries)အသွင်သို့ ဆင့်ကဲပြောင်းလဲ လာခဲ့ပြီဖြစ်ပါသည်။
ဖန်တီးမှုနှင့် တင်ဆက်မှုပုံစံများ ပြောင်းလဲလာခြင်း
ပထမဦးစွာ အနုပညာဖန်တီးမှုနှင့် ပရိသတ်ထံသို့ တင်ဆက်မှုပုံစံတို့ တိုးတက်ပြောင်းလဲလာပုံအား လေ့လာနိုင်ပါသည်။
(က) မြေဝိုင်းသဘင်၊ ရုပ်ကြီးစင်မှသည် စင်မြင့်ထက်ဆီသို့
မြန်မာ့တင်ဆက်မှု အနုပညာသမိုင်း၏ ကနဦးအစတွင် အမိုးအကာမရှိ၊ စင်မြင့်မရှိဘဲ မြေကွက်လပ်ပေါ်တွင် မီးတုတ်များထွန်းညှိ၍ ပရိသတ်က ဝိုင်းဖွဲ့ကြည့်ရှုရသည့် ‘မြေဝိုင်းသဘင်’ ဘဝမှ စတင်ခဲ့ရခြင်းဖြစ်ပါသည်။ တစ်ပြိုင်နက်တည်းမှာပင် ကုန်းဘောင်ခေတ်ဦးကာလမှစ၍ နန်းတွင်းမင်းခမ်း မင်းနားတင်ဆက်ပြသမှုအဖြစ် အလွန်ခေတ်စားခဲ့သော ‘ရုပ်ကြီးစင် (သို့မဟုတ်) ရုပ်သေးသဘင်’ သည်လည်း မြန်မာ့သုခုမကဏ္ဍတွင် ပေါ်ထွန်းခဲ့ပါသည်။
ရုပ်သေးသဘင်သည် လူသားမဟုတ်သော သစ်သားဇာတ်ကောင်အရုပ်များကို ကန့်လန့်ကာနောက်ကွယ်မှ ကြိုးစများဖြင့် သိမ်မွေ့စွာ ထိန်းချုပ်လှုပ်ရှားစေခြင်းဖြစ်သည်။ ဇာတ်ကွက်၊ ဇာတ်ညွှန်း စိတ်ကူးများကို နှုတ်တိုက်ဖြစ်စေ၊ ပေစာ၊ ပုရပိုက်စာများပေါ်တွင်ဖြစ်စေ ရိုးရှင်းစွာ ရေးသားပုံဖော်ခဲ့ကြသည်။ နောက်ခံတေးဂီတဖန်တီးမှုတွင်လည်း ကြေး၊ ကြိုး၊ သားရေ၊ လေ၊ လက်ခုပ်ဟုဆိုသည့် တူရိယာငါးပါးကို အသုံးပြုဖန်တီးထားသည့် တေးဂီတ ဖြစ်ပါသည်။ ထိုမှတစ်ဆင့် စင်မြင့်ထက်တွင် လူကိုယ်တိုင် ကပြရသည့် ‘ဇာတ်သဘင်’ ခေတ်သို့ ဆင့်ကဲကူးပြောင်း ဖွံ့ဖြိုးလာခဲ့ပါသည်။
ဤခေတ်ဦးကာလ၌ အနုပညာ၏ တာဝန်မှာ ပရိသတ်အား ဖျော်ဖြေမှုပေးရန်နှင့် ရှေးဟောင်းပုံ ဝတ္ထုများ၊ ဘာသာရေးဇာတ်နိပါတ်များမှတစ်ဆင့် လူမှုကျင့်ဝတ်ဆိုင်ရာ ပညာပေးရန်ဖြစ်ပါသည်။ အနုပညာရှင်များသည် နည်းပညာအကူအညီ လုံးဝမပါဘဲ မိမိတို့၏ ကိုယ်ပိုင်အစွမ်းအစ၊ ပင်ကို အသံနှင့် သွေးချွေးတို့ဖြင့် ပရိသတ်၏ စိတ်နှလုံးကို ရွှင်ပျစေကာ လူ့အဖွဲ့အစည်းအတွက် လိုအပ်သော အတွေးအခေါ်နှင့် ကိုယ်ကျင့်တရားများကို ပျိုးထောင်ပေးခြင်းဖြင့် လူမှုတာဝန်ကို တစ်ထောင့်တစ်နေရာမှ ထမ်းရွက်ခဲ့ကြပါသည်။
( ခ ) နည်းပညာကြောင့် ရုပ်ရှင်အဖြစ် ကူးပြောင်း တိုးတက်လာခြင်း
စက်မှုခေတ်သို့ ရောက်ရှိလာသောအခါ ဖန်တီးမှုပုံစံသည် အတတ်ပညာနှင့် နည်းပညာရပ်များ ပေါင်းစပ်လာခဲ့ပါသည်။ စိတ်ကူးစိတ်သန်းများကို ရုပ်လုံးပေါ်လာစေရန် ကင်မရာ၊ ဖလင်လိပ်၊ အလင်း အမှောင်နည်းပညာ၊ အသံဖမ်းစနစ်များနှင့် စတူဒီယို နောက်ခံကားများသုံးစွဲ၍ အနုပညာကုန်ကြမ်းများကို ပေါင်းစပ်ဖန်တီးကြရသည်။ လူသားဒါရိုက်တာနှင့် အနုပညာရှင်၊ အတတ်ပညာရှင်များစွာ အုပ်စုလိုက် စုပေါင်းအားထုတ်ကြရသော စက်မှုဗဟိုပြု ဖန်တီးမှုပုံစံဖြစ်လာပါသည်။ တေးဂီတအပိုင်းတွင်လည်း လျှပ်စစ်တူရိယာများ၊ အီလက်ထရောနစ် တူရိယာများ၊ အသံချဲ့စက်၊ အသံဖမ်းစက်၊ အသံ စစ်ထုတ်စက်များကို အသုံးပြုလာကြပါသည်။
ဆရာကြီး ရွှေပြည်အေးသီကုံးခဲ့သလိုပင် သဘင်မှသည် ရုပ်ရှင်သို့ နည်းပညာကြောင့် ကူးပြောင်းတိုးတက်ခဲ့ရခြင်းဖြစ်သည်။ မြင်ကွင်းထဲမှ လှုပ်ရှားမှုများကို ကင်မရာမှန်ဘီလူးထဲသို့ ဖမ်းယူပြီး ပိတ်ကားထက်တွင် ပြန်လည်ပြသသည့် ‘ရုပ်ရှင်’ ဟူသော အတတ်ပညာ ဖြစ်လာသည်။ ရုပ်ရှင်ခေတ်တွင် အနုပညာသည် ဖျော်ဖြေရေးနှင့် ပညာပေးရေးအပြင် မှတ်တမ်းတင်ရုပ်ရှင်များ၊ သတင်းရုပ်ရှင်များမှတစ်ဆင့် လူထုအား ခေတ်ပြိုင်အခြေအနေဆိုင်ရာ သတင်းအချက်အလက်ပေးခြင်းနှင့် ရုပ်ရှင်ဇာတ်လမ်းများမှတစ်ဆင့် လူထု၏ စိတ်ကူးစိတ်သန်းနှင့် အတွေးအခေါ်ကို မြှင့်တင်ပေးခြင်းဟူသော တာဝန်သစ်များကိုပါ ထိရောက်စွာ ထမ်းဆောင်နိုင်လာခဲ့ပါသည်။
စက်မှုနည်းပညာကြောင့် အနုပညာလုပ်ငန်းပုံစံ ပြောင်းလဲသွားသော်လည်း အနုပညာရှင်တို့၏ တန်ဖိုးမှာမူ ပြောင်းလဲခြင်းမရှိခဲ့ပေ။ ၎င်းတို့သည် ပိတ်ကားထက်မှတစ်ဆင့် ပိုမိုကျယ်ပြန့်သော လူထုဆီသို့ ရောက်ရှိအောင် အားထုတ်ကာ ခေတ်ပြိုင် လူမှုဘဝ၏ ကြေးမုံပြင်အဖြစ် ပရိသတ်၏ အသိအမြင် အတွေးအခေါ်တို့ကို မြှင့်တင်ပေးရသည့် လူမှုတာဝန်အား ဆက်လက်ထမ်းရွက်ခဲ့ကြပါသည်။
( ဂ ) Smart Creative Industries ခေတ်၏ လွှမ်းခြုံမှုပုံစံ
ယနေ့ခေတ်တွင်မူ တင်ဆက်မှုပုံစံမှာ ရုပ်ရှင်ရုံပိတ်ကားကြီးထက်တွင်သာ ကန့်သတ်မနေတော့ဘဲ စမတ်ဖုန်းမျက်နှာပြင်ငယ်လေးများဆီသို့ ရောက်ရှိလာပါသည်။ ထို့ထက် ပိုမိုဆန်းသစ်သည်မှာ AI နည်းပညာ (ဥပမာ- OpenAI Sora, Google Veo ကဲ့သို့သော Generative Video Models)များ ကြောင့် အနုပညာသည် ကြည့်ရှုသူ၏ စိတ်ကြိုက် ဝါသနာအလိုက် အချိန်နှင့်တစ်ပြေးညီ ပုံဖော်ပေး နိုင်သည့် အဆင့်မြင့် သုခုမအနုပညာဖြစ်လာခြင်းပင် ဖြစ်ပါသည်။
ရှေးခေတ်က အနုပညာရှင်က ကြိုးစများဖြင့် ရုပ်သေးရုပ်ကို လှုပ်ရှားစေခဲ့သကဲ့သို့ ယနေ့ခေတ် တွင်မူ လူသားတို့က စိတ်ကူးစာသားများဖြင့် ကွန်ပျူတာမျက်နှာပြင်ထက်ရှိ AI ကို စိတ်ကြိုက်မောင်းနှင်နိုင်ပါသည်။ ဖန်တီးမှုစနစ်သည် ကင်မရာနှင့် စတူဒီယိုများ မလိုအပ်တော့ဘဲ ဖန်တီးသူသည် မိမိ၏စိတ်ကူးစိတ်သန်းကို စာသားအဖြစ် ရေးသား ထည့်သွင်းပေးရုံမျှဖြင့် ဉာဏ်ရည်တုစနစ်က ရုပ်ပုံ၊ အသံနှင့် ဇာတ်လမ်းဇာတ်ကွက်များကို စက္ကန့်ပိုင်းအတွင်း အလိုအလျောက် ပေါင်းစပ်ထုတ်လုပ်ပေးနိုင် ပါသည်။ လူသားတို့၏ စိတ်ကူးစွမ်းအားကို AI ဉာဏ်ရည်တုက ပံ့ပိုးပေးနိုင်သည့်ခေတ် ဖြစ်ပါသည်။
နည်းပညာက ဖန်တီးမှုပုံစံများကို လွယ်ကူ အောင် ပြောင်းလဲပစ်လိုက်သော်လည်း အနုပညာ ရှင်တို့၏ တန်ဖိုးသည်ကား မပြောင်းလဲဘဲ မြဲမြံစွာ တည်ရှိနေဆဲဖြစ်ပါသည်။ အနုပညာရှင်များသည် AI ကို ကိရိယာတန်ဆာပလာတစ်ခုကဲ့သို့ ကိုင်စွဲကာ မိမိ၏အနုပညာစွမ်းရည်ဖြင့် ပေါင်းစပ်ပုံဖော်ပေးခြင်း ဖြင့် မွန်မြတ်သော လူမှုတာဝန်များကို ပိုမိုထက်မြက်အောင် ဆောင်ရွက်နိုင်ကြပါသည်။
ဖြန့်ဖြူးမှုပုံစံ ပြောင်းလဲလာခြင်း
အနုပညာပစ္စည်းတစ်ခုအား ဖန်တီးပြီးလျှင်ပရိသတ်ထံသို့ မည်သို့ဖြန့်ဝေမည်နည်းဆိုသည့် ဖြန့်ဖြူးမှုပုံစံသည်လည်း နည်းပညာကြောင့် ကြီးမားစွာ ပြောင်းလဲခဲ့ရပါသည်။
(က) လှည့်လည်ဖျော်ဖြေတင်ဆက်သည့်စနစ်
ဇာတ်သဘင်နှင့် ရုပ်ကြီးစင်ခေတ်တွင် ထိရောက်သော ‘ဖြန့်ဖြူးမှုစနစ်’ ဟူ၍ သီးသန့်မရှိခဲ့ပေ။ အနုပညာအား ကြည့်ရှုခံစားလိုပါက ဇာတ်အဖွဲ့ သို့မဟုတ် ရုပ်သေးစင်ရှိရာနေရာသို့ လူကိုယ်တိုင် သွားရောက်ကြည့်ရှုရုံမှတစ်ပါး အခြားမရှိခဲ့ပါ။ အနုပညာရှင်များအနေဖြင့်လည်း မိမိတို့၏ အနုပညာကို လှေကြီးများ၊ နွားလှည်းများဖြင့် မြို့တကာ ရွာတကာလှည့်ပြီး သွားရောက်ဖျော်ဖြေ ကြရသဖြင့် ကန့်သတ်ချက်များလှသောခေတ် ဖြစ်ပါသည်။
( ခ ) ရုပ်ရှင်ခေတ်၏ ဖြန့်ဖြူးမှု
စက်မှုနည်းပညာကြောင့် ရုပ်ရှင်ဖြစ်လာသည့်အခါ ဖလင်လိပ်များကို သေတ္တာထဲထည့်၍ ရုပ်ရှင်ရုံများဆီသို့ ကူးယူဖြန့်ဖြူးနိုင်ခဲ့သည်။ ထိုမှတစ်ဆင့် ဗီဒီယိုခွေ၊ ဒီဗီဒီခွေများ ပေါ်ပေါက်လာသောအခါ ပရိသတ်သည် အိမ်တွင်း၌ပင် ဝယ်ယူကြည့်ရှု နိုင်ခဲ့ကြသည်။ လွန်ခဲ့သည့် ဆယ်စုနှစ်တွင်မူ အင်တာနက်နည်းပညာကြောင့် OTT Platforms များဖြစ်ကြသည့် Netflix ၊ YouTube ၊ Maha နှင့် Canal+ တို့ကဲ့သို့သော Streaming စနစ်များ ပေါ်ပေါက်လာပြီး ရုပ်ရှင်များကို အင်တာနက်ပေါ်မှ တစ်ဆင့် ကမ္ဘာအနှံ့ တိုက်ရိုက်ဖြန့်ဝေနိုင်ခဲ့ကြပါသည်။
( ဂ ) Smart Creative Industries ခေတ်၏ အယ်ဂို ရီသမ်စနစ်
ယနေ့ခေတ်တွင်မူ ဖြန့်ဖြူးမှုသည် အင်တာနက်ပေါ်သို့ တင်ထားရုံမျှနှင့် မပြီးတော့ဘဲ ပိုမိုစမတ်ကျ လာပါသည်။ AI အယ်ဂိုရီသမ်များက ကြည့်ရှုသူ တစ်ဦးချင်းစီ၏ ကြိုက်နှစ်သက်မှုများအား ခြေရာခံ တွက်ချက်၍ ပရိသတ်မှအထူးတလည် လိုက်ရှာရန်မလိုဘဲ ပရိသတ်ကြိုက်နှစ်သက်မည့်၊ ပညာရမည့်၊ အတွေးအခေါ်ရမည့် အနုပညာများကို စနစ်တကျ ခွဲခြမ်းစိတ်ဖြာ၍ ပရိသတ်လက်ထဲရှိ စမတ်ဖုန်း မျက်နှာပြင်ပေါ်သို့အရောက် လာရောက်ပို့ဆောင်ပေးသည့် ဖြန့်ဖြူးမှုနည်းလမ်းပင်ဖြစ်ပါသည်။
အနုပညာစီးပွားရေးပုံစံ ပြောင်းလဲလာခြင်း
နည်းပညာသည် အနုပညာရှင်များနှင့် ထုတ်လုပ်သူများ၏ စီးပွားရေးပုံစံကိုလည်း အကြီးအကျယ် ပြောင်းလဲစေခဲ့ပါသည်။
(က) ခေတ်ဦးသဘင်၏ စီးပွားရေးပုံစံ
ရှေးခေတ် ရုပ်ကြီးစင်ခေတ်က စီးပွားရေးပုံစံမှာ နန်းတွင်းနှင့် မြို့စား၊ ရွာစား၊ မင်းစိုးရာဇာတို့၏ ချီးမြှင့် မြှောက်စားမှု သို့မဟုတ် ဘုရားပွဲ၊ အလှူပွဲများတွင် ပွဲငှားရမ်းခရရှိခြင်းအပေါ် မှီခိုခဲ့ရသည်။ မြေဝိုင်း သဘင်တွင်မူ ပွဲခင်းအတွင်း လူဝင်ကြေးမှ တိုက်ရိုက် ရရှိသော ဝင်ငွေပုံစံဖြင့်သာ လည်ပတ်ခဲ့ပါသည်။
( ခ ) ရုပ်ရှင်ခေတ်၏ စီးပွားရေးပုံစံ
ရုပ်ရှင်ခေတ်သို့ ရောက်ရှိလာသောအခါ ရုပ်ရှင်လုပ်ငန်းသည် စက်မှုလုပ်ငန်းကြီးတစ်ခုပင် ဖြစ်ပါသည်။ ရုပ်ရှင်ဇာတ်ကားတစ်ကား ထုတ်လုပ်ရန် ကင်မရာ၊ စတူဒီယို၊ သရုပ်ဆောင်၊ ဒါရိုက်တာ စသဖြင့် ကုန်ကျစရိတ် အရင်းအနှီးအမြောက်အမြား စိုက်ထုတ်ရသည်။ စီးပွားရေးပုံစံမှာလည်း ရုပ်ရှင်ရုံများမှ ရရှိ သည့် လက်မှတ်ရောင်းရငွေ၊ မူပိုင်ခွင့် ပြန်လည် ရောင်းချမှုနှင့် ကြော်ငြာဝင်ငွေများ ဖြစ်လာပါသည်။
(ဂ) Smart Creative Industries ခေတ်၏ စီးပွားရေးပုံစံ
ယခု AI ခေတ်တွင်မူ အနုပညာစီးပွားရေးပုံစံသည် အရင်းအနှီးအမြောက်အမြားရှိမှသာ ဆောင်ရွက် လို့ရသည့် ကုမ္ပဏီကြီးများလက်ထဲတွင်သာ မဟုတ် တော့ဘဲ တစ်သီးပုဂ္ဂလဖန်တီးသူများ လက်ထဲသို့ လည်း ရောက်ရှိလာပါသည်။ AI ကိရိယာများကြောင့် လူအနည်းငယ်မျှဖြင့် ကုမ္ပဏီကြီးများကဲ့သို့ ဗီဒီယို များကို ကုန်ကျစရိတ်အနည်းဆုံးဖြင့် ဖန်တီးလာ နိုင်သည်။ ထို့နောက် ၎င်းတို့ဖန်တီးထားသော အနုပညာကို လစဉ်ကြေးစနစ်များ သို့မဟုတ် ဒီဂျစ်တယ် ဝင်ငွေရှာဖွေခြင်းများဖြင့် ကိုယ်ပိုင်စီးပွားရေးအဖြစ် တည်ထောင်လာနိုင်ကြပါသည်။
နည်းပညာပြောင်းလဲမှု၏ ကောင်းကျိုးနှင့် ဆိုးကျိုးများ
သုခုမအနုပညာလောကအတွင်းသို့ နည်းပညာရပ်များ တစ်ဆင့်ထက်တစ်ဆင့် စိမ့်ဝင်လာခြင်းသည် ကောင်းမွန်သော တိုးတက်မှုများကို ဆောင်ကြဉ်းပေးနိုင်သကဲ့သို့ အခြားတစ်ဖက်တွင်လည်း စိန်ခေါ်မှုနှင့် အားနည်းချက်များကို ဖြစ်ပေါ် စေနိုင်ပါသည်။
(က) ကောင်းကျိုးများ
နည်းပညာ၏ အဓိကကောင်းကျိုးမှာ “အတားအဆီးမဲ့ပျံ့နှံ့နိုင်စွမ်းနှင့် ကုန်ကျစရိတ်သက်သာ ခြင်း”ပင်ဖြစ်ပါသည်။ ရှေးခေတ်က အနုပညာရှင် တစ်ဦးချင်းစီ၏ ဖန်တီးမှုကို ဒေသအနည်းငယ်ကသာ ကြည့်ရှုနိုင်ခဲ့သော်လည်း ယနေ့ခေတ်တွင် နည်းပညာကြောင့် ကမ္ဘာတစ်ဝန်းလုံးသို့ မိနစ်ပိုင်းအတွင်း ဖြန့်ဝေနိုင်ပြီဖြစ်သည်။ ထို့ပြင် AI နည်းပညာသည် ကြီးမားလှသော အရင်းအနှီးများကို လျှော့ချပေးနိုင်သဖြင့် စိတ်ကူးဉာဏ်ရှိသော်လည်း ငွေကြေးမပြည့်စုံသည့် ဖန်တီးသူများအတွက် မိမိတို့၏ အနုပညာကို လွတ်လပ်စွာ ပုံဖော်ခွင့်ရစေပြီး လူထု ထံသို့ အနုပညာလက်ရာများကို ပိုမိုကျယ်ပြန့်စွာ ဖြန့်ဝေပေးနိုင်လာပါသည်။
( ခ ) ဆိုးကျိုးနှင့် စိန်ခေါ်မှုများ
အဓိက ဆိုးကျိုးမှာ “စစ်မှန်သော ရသထိတွေ့မှု မှေးမှိန်လာခြင်းနှင့် မူပိုင်ခွင့်ဆိုင်ရာ စိန်ခေါ်မှုများ” ဖြစ်ပါသည်။ သဘင်ခေတ်တွင် ပိုင်ဆိုင်ခဲ့သည့် လူချင်းတိုက်ရိုက်ထိတွေ့ရသော ရသစစ်စစ်သည် နည်းပညာတံတိုင်းများနောက်တွင် တဖြည်းဖြည်း လျော့ပါးလာခဲ့ရပါသည်။ ထို့ထက် ပိုမိုစိုးရိမ်ရသည် မှာ AI ခေတ်တွင် အနုပညာရှင်များ၏ မူပိုင်ခွင့်များ၊ ဉာဏပစ္စည်းများ ခိုးယူခံရခြင်း စသည့်စိန်ခေါ်မှုများ ဖြစ်ပါသည်။
လူသားကိုယ်တိုင်၏ ဖျော်ဖြေတင်ဆက်မှုတန်ဖိုး
သုခုမအနုပညာ၏ ခရီးလမ်းသည် နည်းပညာကြောင့် အနုပညာပုံစံနှင့် လုပ်ငန်းစနစ်များ မည်သို့ပင် ပြောင်းလဲသွားသော်လည်း လူသားကိုယ်တိုင်၏ တိုက်ရိုက်ဖျော်ဖြေတင်ဆက်မှုကမူ မည်သည့်ခေတ် တွင်မဆို အစားထိုးမရနိုင်သော သီးသန့်တန်ဖိုးတစ်ခုအဖြစ် ဆက်လက်တည်ရှိနေဦးမည်သာ ဖြစ်ပါသည်။
စက်မှုနည်းပညာဖြင့် ကြိုတင်အသံသွင်းထား သည့် တေးသီချင်းများ ပေါ်ပေါက်နေသော်လည်း အဆိုတော်ကိုယ်တိုင် တူရိယာအစစ်များနှင့် တိုက်ရိုက်တီးခတ်သီဆို ဖျော်ဖြေတင်ဆက်သည့် Unplugged တေးဂီတဖျော်ဖြေပွဲများကို လူသားတို့က တန်ဖိုးထားမြတ်နိုးကြသည့်နည်းတူ ရုပ်ရှင်ပိတ်ကားထက် သို့မဟုတ် စမတ်ဖုန်းမျက်နှာပြင် ပေါ်တွင် အဆင့်မြင့်နည်းပညာများဖြင့် မည်မျှပင် သေသပ်လှပစွာ ဖန်တီးထားစေကာမူ စင်မြင့်ထက်မှ မင်းသား၊ မင်းသမီးနှင့် လူရွှင်တော်တို့၏ ဖျော်ဖြေတင်ဆက်မှုကို ပွဲခင်းထဲ၌ တိုက်ရိုက်ခံစားရသည့် သုခုမရသကိုလည်း ပရိသတ်က ဆက်လက်မြတ်နိုး တန်ဖိုးထားနေဦးမည်ဖြစ်ပါသည်။ ထို့အတူယခု AI ခေတ်တွင်လည်း ရုပ်ရှင်လုပ်ငန်းသည် ပျောက်ကွယ်သွားမည်မဟုတ်ဘဲ နည်းပညာကို လက်နက်ကောင်းသဖွယ် အသုံးချ၍ လူသားတို့၏ စိတ်ကူးစိတ်သန်းနှင့် အနုပညာဖန်တီးမှုများကို ပိုမိုဆန်းသစ်ကျယ်ပြန့်စွာ ပုံဖော်ပေးမည့် ပုံစံသစ် ဖြင့် ဆက်လက်ရှင်သန် တိုးတက်နေဦးမည်သာ ဖြစ်ပါသည်။
အနှစ်ချုပ်ရမည်ဆိုပါက ခေတ်အလိုက် နည်းပညာပြောင်းလဲမှုများကြောင့် အနုပညာ လောက၏ ပုံစံစနစ်များ မည်သို့ပင်ကွဲပြားခြားနား သွားစေကာမူ အနုပညာရှင်များ၏ သုခုမစွမ်းအားဖြင့် ပရိသတ်အား ဖျော်ဖြေခြင်း၊ ပညာပေးခြင်းနှင့် အတွေးအခေါ်မြှင့်တင်ခြင်းဟူသော စစ်မှန်သည့် တန်ဖိုးများသည်ကား တစ်သမတ်တည်းပင် ဖြစ်ပါသည်။ နည်းပညာဆိုသည်မှာ လူသားအနုပညာရှင်တို့၏ စိတ်ကူးအလှနှင့် လူမှုတာဝန်များကို ပိုမိုကျယ်ပြန့်တောက်ပအောင် ကူညီပံ့ပိုးပေးသည့် လက်နက်ကောင်းတစ်ခုဖြစ်ပါသည်။ လူသားတို့၏ စစ်မှန်သောနှလုံးသားမှ မြစ်ဖျားခံလာသည့် သုခုမအနုပညာနှင့် ခေတ်မီဆန်းသစ်သော နည်းပညာတို့ ဟန်ချက်ညီညီ ပေါင်းစပ်မိကြသောအခါ ထိုပေါင်းစပ် မှုသည် လူ့လောကကြီးအား ပိုမိုလှပကောင်းမွန်လာ စေမည်မှာ မလွဲဧကန်ပင် ဖြစ်ပါသည်။ ။
ကိုးကား
“မြန်မာ့ရုပ်ရှင်” တေးသီချင်း၊ အလင်္ကာကျော်စွာ ရွှေပြည်အေး၊ ၁၉၇၀။
“Burmese Drama”, Dr. Htin Aung, Oxford University Press,
1937.
“Sora and Veo Generative Video Models Specification”, OpenAI
and Google Technical Reports, 2024.
“The digital transformation of the film industry: How
Artificial Intelligence is changing the seventh art”, Vasilis Tsiavos, 2025.
No comments:
Post a Comment