ဘားအံ အောက်တိုဘာ ၃၀
(၇၁)နှစ်မြောက် ကရင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းသား ကျောင်းသူများ၏ The Project Show and Competition 2026 ပြပွဲ၊ ပြိုင်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နည်းပညာတက္ကသိုလ် (ဘားအံ)၌ ကျင်းပသည်။
လှည့်လည်ကြည့်ရှု
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမောင်သင်း၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများက ခင်းကျင်းပြသထားသော နည်းပညာတက္ကသိုလ်(ဘားအံ)၏ မြို့ပြအင်ဂျင်နီယာဌာန၊ အီလက်ထရောနစ်အင်ဂျင်နီယာဌာန၊ လျှပ်စစ်စွမ်းအား အင်ဂျင်နီယာဌာနနှင့် စက်မှုအင်ဂျင်နီယာဌာနတို့မှ အကောင်းဆုံး Project ၁၂ ခု နှင့် ဒေသအကျိုးပြုအကောင်းဆုံး စာတမ်း ၁၄ စောင်တို့ကို လှည့်လည်ကြည့်ရှု အားပေးခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက Project တစ်ခုချင်းစီ၏ အားသာချက်၊ အားနည်းချက်များကို မေးမြန်းဆွေးနွေး၍ တာဝန်ရှိသူ များအား လိုအပ်သည်များမှာကြားခဲ့သည်။
ဆက်လက်၍ The Project Show and Competition 2026 ပြပွဲ၊ ပြိုင်ပွဲဆုချီးမြှင့်ပွဲကို နည်းပညာ တက္ကသိုလ်(ဘားအံ)ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ ကျောင်းသူလေးများက တန်းတူညီမျှဟုအဓိပ္ပာယ်ရသော ကရင်တေးသီချင်းဖြင့် သီဆိုကပြဖျော်ဖြေကာ ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး Project Show အတွက် ငွေကျပ် သိန်း ၆၀ ကို ချီးမြှင့်ပေးအပ်သည်။
ယင်းနောက် နည်းပညာတက္ကသိုလ်(ဘားအံ) ဒုတိယပါမောက္ခချုပ် ဒေါက်တာအောင်ဇော်လတ်က The Project Show and Competition 2026 ပြပွဲ၊ ပြိုင်ပွဲကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဌာနအလိုက်အကောင်းဆုံး Project တစ်ခုစီ၊ ဒေသအကျိုးပြု အကောင်းဆုံးစာတမ်းတစ်ခုစီ၊ ဌာနလေးခုမှ အကောင်းဆုံး Project တစ်ဆု စုစုပေါင်းဆုကိုးဆုကို ချီးမြှင့်ပေးအပ်ခဲ့ပြီး Project Show ဖြစ်မြောက်ရေး ဝိုင်းဝန်းကူညီဆောင်ရွက်ပေးသည့် Precision Auto Engineering Company Limited က ဆုရ Project များအတွက် ငွေကျပ်သိန်း ၂၀ ကို ကျောင်းသား ကျောင်းသူများထံပေးအပ်ချီးမြှင့်သည်။
မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် ကရင်ပြည်နယ်လူငယ်ရေးရာ ကော်မတီအဖွဲ့ဝင်များ တွေ့ဆုံပွဲကို ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ကျင်းပရာ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ(၁) လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မောင်သင်းကအမှာစကားပြောကြားပြီး ကရင်ပြည်နယ် လူငယ်ရေးရာကော်မတီ ဒုတိယ ဥက္ကဋ္ဌ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးစောထွန်းအောင်က လူငယ်ကဏ္ဍ(၁၆)ရပ်အလိုက် ဆပ်ကော်မတီများ၏ လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်မှု၊ ဆပ်ကော်မတီများက လူငယ်များဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြကာ တက်ရောက်လာသူများက ဝိုင်းဝန်းအကြံပြု ဆွေးနွေးတင်ပြကြသည်။
ထိုသို့ ဆွေးနွေးတင်ပြမှုများအပေါ် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ထပ်ဆင့်ဆွေးနွေးတင်ပြခဲ့ပြီး မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ(၁) လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမောင်သင်းက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)

No comments:
Post a Comment