ဒေါက်တာမောင်အောင်
ပို့ကုန်ဦးတည်သည့် MSMEs များဖြစ်လာစေဖို့
မြန်မာ့စီးပွားရေးတွင် MSMEs များသည် လုပ်ငန်းစုစုပေါင်း၏ ၉၀ ရာခိုင်နှုန်းဝန်းကျင်နှင့် အလုပ်အကိုင်ဖန်တီးမှုမှာလည်း ၇၀ ရာခိုင်နှုန်းခန့်ရှိသောကြောင့် MSMEs များသည် နိုင်ငံ့စီးပွားရေး တိုးတက်မှုအတွက် အဓိကမောင်းနှင်သူများဖြစ်သည်။
ထို့အတွက် အဆိုပါလုပ်ငန်းများဖွံ့ဖြိုးတိုးတက်မှသာ နိုင်ငံ့စီးပွားရေး တိုးတက်လာမည်ဖြစ်သောကြောင့် MSMEs များအတွက် စဉ်ဆက်မပြတ် တိုးတက်မှုနည်းလမ်းများဖြစ်မှသာ ရေရှည်ဖွံ့ဖြိုး တိုးတက်မှုကိုရရှိမည်ဖြစ်သည်။ မြန်မာ့ MSMEs များ၏ ၇၀ ရာခိုင်နှုန်း ဝန်းကျင်လုပ်ဆောင်နေသည့်လုပ်ငန်းများမှာ လယ်ယာအခြေခံ စားသောက်ကုန်လုပ်ငန်းများသာဖြစ်ပြီး အများစုမှာ ပြည်တွင်းဈေးကွက်ကိုသာ အဓိကဦးတည် ထုတ်လုပ်ရောင်းချလျက်ရှိပါသည်။
အမှန်တကယ်မူ ပြည်တွင်းဈေးကွက်တွင် စားသုံးသူ သန်း ၅၀ ဝန်းကျင်သာရှိပြီး ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်သည့်အလျောက် ပြည်သူတို့၏ ဝယ်လိုအားမှာလည်း အကန့်အသတ်နှင့်သာရှိနေသေးပြီး နှိုင်းယှဉ်ဈေးနှုန်းမှာလည်း နိမ့်ကျနေဆဲပင်ဖြစ်သည်။ ထို့အတွက် MSMEs များအတွက် လုပ်ငန်းတိုးတက်နိုင်မှုမှာလည်း အကန့်အသတ်အတွင်းသာ ရရှိနိုင်ပြီး ရေရှည်စဉ်ဆက်မပြတ်တိုးတက်မှု ဖော်ဆောင်နိုင်ရန် အခွင့်အလမ်းနည်းပါးပါသည်။
သို့သော် ကမ္ဘာ့ဈေးကွက်မှာမူ စားသုံးသူ ၈ ဒသမ ၁ ဘီလီယံကျော်ရှိပြီး နှစ်စဉ်ပုံမှန် ၇၂ သန်းဝန်းကျင် တိုးပွားလာနေသည့်အပြင် လယ်ယာစားသောက်ကုန် လိုအပ်ချက်ရှိနေသည့်အတွက် ကမ္ဘာ့နိုင်ငံများအနေဖြင့် တိုးချဲ့စိုက်ပျိုးထုတ်လုပ်ရန် ကြိုးစားနေသည့်အချိန်လည်းဖြစ်သည်။ ဆိုလိုသည်မှာ ကမ္ဘာ့ဈေးကွက်တွင် ဝယ်လိုအားရှိပြီး နှိုင်းယှဉ်ဈေးနှုန်းမှာလည်း ပြည်တွင်းဈေးကွက် ထက်မြင့်သောကြောင့် ကမ္ဘာ့ဈေးကွက်သို့ ထိုးဖောက်ဝင်ရောက်နိုင်လျှင် အဆိုပါ MSMEs လုပ်ငန်းများအနေဖြင့် စဉ်ဆက်မပြတ်တိုးတက်မှုကို ဖော်ဆောင်နိုင်မည်ဖြစ်ပါသည်။
MSMEs လုပ်ငန်းတိုင်း ပို့ကုန်ဦးတည်သည့် လုပ်ငန်းများဖြစ်လာစေရန် ကြိုးစားလုပ်ဆောင်ရမည်ဖြစ်သည်။ ထို့အတွက် MSMEs များအနေဖြင့် အဓိကရည်မှန်းချက်ဖြစ်သည့် စီးပွားရေးတိုးတက်မှုကို မျှော်မှန်းလျှင်မဖြစ်မနေ မိမိထုတ်ကုန်များကို ပြည်တွင်းဈေးကွက် ဝင်ထုတ်ကုန်များဖြစ်လာစေရန် အရည်အသွေးပိုင်းနှင့် ဘေးကင်းလုံခြုံမှုပိုင်းများကို နိုင်ငံတကာစံချိန်စံညွှန်းများနှင့်ကိုက်ညီအောင် စိုက်ပျိုး၊ ထုတ်လုပ်၊ ထပ်ဆင့်ပြုပြင်နိုင်မှသာ ဖြစ်နိုင်ပါမည်။
လက်ရှိ MSMEs များ အခြေအနေ
ရေရှည်စဉ်ဆက်မပြတ်တိုးတက်မှုအတွက် MSMEs များအနေဖြင့် ပြည်တွင်းဈေးကွက်၌ ထုတ်လုပ်ဖြန့်ဖြူးရောင်းချနေမှုတွင် အရည်အသွေးပိုင်းနှင့် ဘေးကင်းလုံခြုံမှုအပိုင်းများ၌ နှိုင်းယှဉ်ကောင်းမွန်မှုကြောင့် အောင်မြင်နေသည့်လုပ်ငန်းအချို့သာရှိသလို အများစုမှာ နှိုင်းယှဉ်အားနည်းနေခြင်းကြောင့် ရုန်းကန်နေရဆဲပင်ဖြစ်ပါသည်။
MSMEs လုပ်ငန်းများ၏ သုံးပုံနှစ်ပုံကျော်မှာ လယ်ယာစားသောက်ကုန်လုပ်ငန်းများ လုပ်ဆောင်နေသည့်အတွက် ပြည်တွင်းစိုက်ပျိုးထုတ်လုပ်ရောင်းချသော လယ်ယာအခြေခံစားသောက်ကုန်လုပ်ငန်းများ၏ လက်ရှိအခြေအနေကို စီးပွားရေးကျင့်ဝတ်များ (business ethics and community ethics)၊ ထုတ်ကုန်အရည်အသွေးပိုင်း၊ ဘေးကင်းလုံခြုံမှုအပိုင်းများကို အဓိကဇောင်းပေးဖော်ဆောင်ကြမည်ဖြစ်သည်။ စီးပွားရေးကျင့်ဝတ်ပိုင်းတွင် ပြည်တွင်းဈေးကွက်၌ မိမိထုတ်လုပ်ရောင်းချသော စားသောက်ကုန်များသည် စားသုံးသူများ၏ဆန္ဒကို အတတ်နိုင်ဆုံး ဖြည့်စွမ်းပေးရမည်ဖြစ်သည့်အပြင် ဘေးအန္တရာယ်မဖြစ်ပေါ်စေရေးဆိုသည့် အခြေခံကျင့်ဝတ်ပိုင်းတွင်လည်း ဖြည့်စွမ်းနိုင်မှု လိုအပ်ချက်ရှိနေဆဲဖြစ်ပါသည်။
ထို့အတူ ပြည်ပရောင်းချသော SMEs လုပ်ငန်းအချို့တွင် မိမိပို့ကုန်ကို အလေးချိန်တိုးလိုသည့်လောဘကြောင့် ခဲထုပ်ထူရောနှော ခြင်း၊ ဖုန် / သဲများပါခြင်း၊ ရေထိုးခြင်း၊ ခဲထိုးခြင်း စသည်ဖြင့် ကုန်သည်အချို့ကြောင့်လည်း အခြားတင်ပို့သူများနှင့် နိုင်ငံ၏ပုံရိပ်ကိုပါ ထိခိုက်မှုများ အတိတ်ကာလများ၌ ကြုံတွေ့ခဲ့ရပြီးဖြစ်သည်။ အရည်အသွေးပိုင်းဆိုင်ရာတွင်လည်း မြန်မာ့လယ်ယာပို့ကုန်အများစုမှာ နှိုင်းယှဉ်အရည်အသွေးနိမ့်ကျသည့် (FAQ-Fair Average Quality) များသာ အများစုဖြစ်နေသေးပြီး အထူးအရည်အသွေး (SQ-Special Quality) တင်ပို့နိုင်မှု အားနည်းနေဆဲဖြစ်ပါသည်။
တစ်ဆက်တည်းမှာပင် ဘေးကင်းလုံခြုံမှုအပိုင်းတွင်လည်း ယေဘုယျအားဖြင့် ချို့ယွင်းချက်များရှိနေဆဲဖြစ်ပြီး လယ်ယာစားသောက်ကုန်များတင်ပို့ရာတွင် သတ်မှတ်ဓာတုပိုးသတ်ဆေး အကြွင်းအကျန်မှာ သတ်မှတ်ထားမှုထက်များနေခြင်းက အဓိက အခက်အခဲဖြစ်သည်။ ယခုအခါ နိုင်ငံတိုင်းက မိမိပြည်တွင်းသို့ဝင်ရောက်လာသည့် ကုန်စည်များအား စားသုံးသူများအတွက် ဘေးအန္တရာယ်မဖြစ်စေရေး အဓိကလုပ်ဆောင်နေသည့်အတွက် တင်သွင်းသည့်နိုင်ငံများက သတ်မှတ်ထားသည့် ဘေးကင်းလုံခြုံမှုဆိုင်ရာ စံချိန်စံနှုန်း သတ်မှတ်ချက်များကို တိတိကျကျ လိုက်နာဆောင်ရွက်မှသာ ဈေးကွက်ဝင်ရောက်နိုင်မည်ဖြစ်သည်။
ထို့အတွက် လယ်ယာကုန်စည် စိုက်ပျိုးထုတ်လုပ်ရာတွင် ကောင်းမွန်သည့် လယ်ယာဆိုင်ရာအလေ့အကျင့် (GAP- Good Agricultural Practice) ကို မဖြစ်မနေ လိုက်နာရမည်ဖြစ်သည်။ စိုက်ပျိုးသည့်မျိုးမှအစ အသုံးပြုသည့် ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေး စသည်တို့နှင့်ပတ်သက်၍ မှတ်တမ်းများပါရှိရမည်ဖြစ်သည်။ အကြောင်းမှာ နိုင်ငံအများစုအနေဖြင့် လယ်ယာစားသောက်ကုန်များ ၏ ဘေးကင်းလုံခြုံမှုကို စစ်ဆေးရာတွင် နောက်ကြောင်းပြန်လိုက်မှုကြောင့် စိုက်ပျိုးရေးကုန်စည်ဆိုလျှင် GAP ၊ ရေထွက်ကုန်စည်ဖြစ်လျှင် ကောင်းမွန်သည့် ရေထွက်ကုန်စည်ထုတ်လုပ်မှုအလေ့အကျင့် GAqP (Good Aquaculture Practice)၊ ထပ်ဆင့်ပြုပြင်လယ်ယာကုန်ချောများဆိုလျှင် ကောင်းမွန်သည့် ထပ်ဆင့်ပြုပြင်လုပ်ငန်း အလေ့အကျင့် GMP (Good Manufacturing Practice) ဆိုင်ရာ အထောက်အထား လက်မှတ်များလိုအပ်မည်ဖြစ်သည်။
ကြီးမားသည့်စိန်ခေါ်မှု
ပြည်တွင်းဈေးကွက်တွင် စိုက်ပျိုးထုတ်လုပ်ပြုပြင်ရောင်းချသော လယ်ယာစားသောက်ကုန်များနှင့်ပတ်သက်၍ စားသုံးသူပြည်သူများအတွက် ကြီးမားသည့်စိန်ခေါ်မှုမှာ ဓာတုဆေးဝါးအမျိုးမျိုးသုံးပြီး ရောင်းချသည့်အလေ့အကျင့်ရှိနေခြင်းကြောင့် ကျန်းမာရေးထိခိုက် နေခြင်းပင်ဖြစ်သည်။ အထူးသဖြင့် လယ်ယာကုန်စည်အစိုများနှင့် ပျက်စီးပုပ်သိုးလွယ်သည့် ဟင်းသီးဟင်းရွက်များ၊ သစ်သီးဝလံများ၊ ရေထွက်ကုန်စည်များ စသည့်စားသောက်ကုန်များတွင် ဆိုးဆေးများ၊ မှည့်ဆေး၊ အရောင်တင်ဆေး၊ ကြာရှည်ခံဆေး စသည့်ဓာတုဆေးဝါး အမျိုးမျိုးတို့ကို သုံးစွဲနေခြင်း၊ အရောအနှောများ၊ အတုအပများကြောင့် စားသုံးသူများ၏ ကျန်းမာရေးကို သိသိသာသာ ထိခိုက်မှုများရှိပြီး မသန်စွမ်းဖြစ်ခြင်း၊ ရောဂါပေါင်းစုံဖြစ်ပေါ်ခြင်း၊ အရွယ်မတိုင်မီ သေဆုံးခြင်း စသည်တို့ကိုလည်း ကြုံတွေ့နေရပါသည်။
အမှန်တကယ်မူ ဓာတုဆေးဝါးအမျိုးမျိုး အသုံးပြုရောင်းချသူများ လျော့နည်းပပျောက်စေရန် အထူးအရေးကြီးသည့် စိန်ခေါ်မှုဖြစ်သလို အမြန်ဆုံးဖြေရှင်းနိုင်သော နည်းလမ်းများကိုလည်း တင်းတင်းကျပ်ကျပ် လုပ်ဆောင်ရမည်ဖြစ်သည်။ ကျယ်ပြန့်လာသည့် ဓာတုဆေးသုံး လယ်ယာစားသောက်ကုန်များ ရောင်းချမှုအပိုင်းများတွင် စိုက်ပျိုးထုတ်လုပ်သူ၊ လက်ကားရောင်းဝယ်သူ၊ လက်လီရောင်းချသူ စသည်တို့တွင် မည်သည့်အပိုင်းက အဓိကလုပ်ဆောင်နေသည်ကို သိရှိရန်လိုအပ်မည်ဖြစ်ပြီး ပြဿနာအရင်းအမြစ်များကို ဖြေရှင်းနိုင်မှသာ ထိရောက်အောင်မြင်နိုင်မည်ဖြစ်သည်။
အခြားနိုင်ငံများတွင် စားသောက်ကုန်နှင့်ပတ်သက်၍ ဘေးအန္တရာယ်ကင်းရှင်းပြီး ကျန်းမာရေးနှင့်ညီညွတ်သည့် စားသောက်ကုန်ထုတ်လုပ်ရောင်းချရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများ၏ စားသောက်ကုန်ဘေးကင်းလုံခြုံမှုဆိုင်ရာ စီမံအုပ်ချုပ်မှုစနစ်ရှိပြီး စဉ်ဆက်မပြတ် လေ့လာစောင့်ကြည့်နေသည့််အပြင် တွေ့ရှိပါကလည်း ဥပဒေကြောင်းအရ ပြင်းပြင်းထန်ထန် အရေးယူခြင်းဖြင့် ထိန်းသိမ်းနေပါသည်။
မိမိတို့နိုင်ငံ၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက လယ်ယာစားသောက်ကုန်များ စိုက်ပျိုးထုတ်လုပ်ရာတွင် အသုံးပြုသည့် ဓာတ်မြေဩဇာများ၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး စသည်တို့၏ အရည်အသွေးမှန်ကန်မှုကိုကြီးကြပ်ပြီး ကျန်းမာရေး ဝန်ကြီးဌာန စားသောက်ကုန်နှင့် ဆေးဝါးစီမံအုပ်ချုပ်မှုဌာန FDA (Food and Drug Administration) က ဈေးကွက်တွင်ရောင်းချသည့် စားသောက်ကုန်များကို အရည်အသွေးစစ်ဆေးခြင်းနှင့် စီမံကွပ်ကဲခြင်း လုပ်ဆောင်နေပါသည်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးသူကာကွယ်ရေးဦးစီးဌာနက လက်တွေ့စားသုံးသူနစ်နာမှုများကို ကြီးကြပ်ကွပ်ကဲ လုပ်ဆောင်ပါသည်။
စားသောက်ကုန်များရောင်းချမှုကို စည်ပင်သာယာအောက်ရှိ ဈေးများ၊ ဈေးဆိုင်များက ပြုလုပ်သောကြောင့် ဓာတုဆေးများ၊ အတုအပများအသုံးပြုမှုကို သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ဒေသအာဏာပိုင်များ ပေါင်းစပ်လုပ်ဆောင်သင့်ပြီး ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာစေရန် မီဒီယာများ၊ ဆိုင်းဘုတ်များ၊ လူထုအခြေပြုလှုပ်ရှားမှုများ၊ ဒီဇိုင်းများ၊ ဟောပြောပွဲများ၊ ပညာပေးအစီအစဉ်များအပြင် ဥပဒေကြောင်းအရ ထိရောက်သည့်အရေးယူမှုများ တစ်ဆင့်ချင်း တိုးမြှင့်ဆောင်ရွက်သင့်ပါသည်။
တစ်ဖက်တွင်လည်း မြင်သာသည့်တိုးတက်မှုမှာ ဈေးများ၊ လမ်းဘေးဆိုင်များမှ လယ်ယာစားသောက်ကုန်များတွင် ဓာတုဆေးအမျိုးမျိုးအသုံးပြုမှုကို စားသုံးသူပြည်သူများ ယခင်ကထက် အသိပိုများလာခြင်းကြောင့်လည်း ယခုအခါ မြို့ကြီးများတွင် အရည်အသွေးပိုင်း ပိုမိုစိတ်ချရသည့်ကုန်တိုက်ကြီးများ၊ City Mart များ၊ One-Stop Mart, Ocean Mart စသည်တို့တွင် စားသောက်ကုန်ဝယ်ယူမှု ပိုမိုများလာနေပြီဖြစ်သည်။ သို့သော် အဆိုပါကုန်တိုက်ကြီးများ မရှိသည့် ဆင်ခြေဖုံးရပ်ကွက်များနှင့် အခြားမြို့ကြီးများတွင်မူ ဈေးများကိုသာ အဓိကအားထားနေရဆဲဖြစ်သည်။
လယ်ယာစားသောက်ကုန်များကို မူလအရည်အသွေးပိုင်းနှင့် ဈေးနှုန်းပိုင်း ထိန်းသိမ်းနိုင်ရေးအတွက် နိုင်ငံအများစု လုပ်ဆောင်နေသည့်နည်းလမ်းမှာ လယ်ယာကုန်စည် စတင်ထွက်ပေါ်လာသည့်နေရာနှင့် နောက်ဆုံးစားသုံးသူများအကြား ဖြန့်ဝေရာတွင် အလယ်လူများ (ပွဲစားများ၊ သိုလှောင်သူများ၊ လက်လီလက်ကား ရောင်းသူများ) များလေ အရည်အသွေးပိုင်းထိန်းသိမ်းရန်ခက်သလို ဈေးနှုန်းကိုပါ မြင့်တက်လေ့ရှိသောကြောင့် လယ်ယာကုန်စည် စတင်ထွက်ပေါ်လာသည့်နေရာနှင့် စားသုံးသူအကြား ကြားခံလူများ လျော့နည်းအောင်စီမံရခြင်းဖြင့် ထိန်းသိမ်းလေ့ရှိပါသည်။
မည်သို့ပင်ဖြစ်စေ စားသောက်ကုန်များ၌ ဓာတုဆေးအမျိုးမျိုး သုံးရခြင်းသည် “အစာမှ အဆိပ်” ဖြစ်နေသည့်အတွက် တစ်မျိုးသားလုံး၏ကျန်းမာရေးကို တတိတိဆုံးရှုံးစေသောကြောင့် အထူးအရေးကြီးပါသည်။ ထို့အတွက် ပြည်တွင်းစားသောက်ကုန်လုပ်ငန်း လုပ်ကိုင်သည့် MSMEs များအနေဖြင့် နိုင်ငံတကာသို့ တင်ပို့ရောင်းချနိုင်ရေး လုပ်ဆောင်မည်ဆိုလျှင် ဓာတုဆေးဝါးသုံးစွဲမှုကို လုံးဝ (လုံးဝ) ရှောင်ကြဉ်ရမည်ဖြစ်သည်။ ယနေ့ခေတ် နည်းပညာများအရ စားသောက်ကုန်များ၏ ပါဝင်ပစ္စည်း အသေးစိတ်စစ်ဆေးနိုင်ပြီး ဓာတုဆေးပါဝင်လျှင် မည်သည့်နိုင်ငံမှ ဝင်ခွင့်ပြုမည်မဟုတ်ပေ။
နိုင်ငံတကာရောင်းချနိုင်သော MSMEs များ ဖြစ်လာစေဖို့
MSMEs များ ရေရှည်စဉ်ဆက်မပြတ်တိုးတက်စေရန် ပြည်ပဈေးကွက်ကိုဦးတည်သော လယ်ယာစားသောက်ကုန်လုပ်ငန်းများအနေဖြင့် ပထမဆုံးနိုင်ငံတကာရောင်းချနိုင်သော စားသောက်ကုန်လုပ်ငန်းဖြစ်အောင် ကြိုးစားရမည်ဖြစ်သည်။ ဆိုလိုသည်မှာ ပြည်တွင်းဖွင့်လှစ်ရောင်းချသည့် စားသောက်ဆိုင်များတွင် နိုင်ငံခြားသားများအနေဖြင့် အရည်အသွေးကို ယုံကြည်မှုဖြင့် ဝယ်ယူစားသောက်သည့်အခြေအနေအထိဖြစ်အောင် လုပ်ဆောင်ရမည်ဖြစ်သည်။
ထို့အတွက် စားသောက်ကုန်ထုတ်လုပ်ရောင်းချသူတိုင်း စိတ်ရင်းစေတနာကောင်းရှိရန် အထူးလိုအပ်ပြီး စားသုံးသူများအတွက် အရည်အသွေးမှန်ကန်၍ ကျန်းမာရေးနှင့်ညီညွတ်သည့် စားသောက်ကုန်များဖြစ်စေရန် အစဉ်နှလုံးသွင်းရမည်ဖြစ်သည်။ အရည်အသွေး မှန်ကန်သည့် စားသောက်ကုန်များ၊ လတ်ဆတ်မှု၊ သန့်ရှင်းမှုရှိရမည့်အပြင် အချိုမှုန့်၊ အရောင်တင်ဆိုးဆေးများ၊ တာရှည်ခံဆေးများ၊ အရောအနှောများ၊ ပြည့်ဝဆီ စသည့်ကျန်းမာရေးထိခိုက်နိုင်သည့် ဓာတုဆေးများကင်းရှင်းရန် အထူးလိုအပ်ပါသည်။
ဆိုင်အနေဖြင့် ဖွင့်လှစ်ရောင်းချလျှင် ခြင်၊ ယင်လုံအောင် ဖုံးအုပ်မှု၊ အစားအသောက်များကို လက်ဖြင့်မကိုင်တွယ်ခြင်းတို့အပြင် သန့်ရှင်းသပ်ရပ်သည့် စားပွဲ၊ ကုလားထိုင်၊ အဖုံးပါသည့် အမှိုက်ပုံး၊ သန့်ရှင်းသည့် ရေအိမ်၊ စင်ကြယ်သည့် ဆေးကြောမှု စသည်တို့ကိုပါ လုပ်ဆောင်ရမည်ဖြစ်သည်။ ထို့ပြင် စားသုံးသူများကိုပေးသည့် ဝန်ဆောင်မှုများတွင်လည်း ဝန်ထမ်းများအနေဖြင့် ပြုမူ၊ ပြောဆို၊ ဆက်ဆံရာတွင် လေးစားမှု၊ ဖော်ရွေမှု၊ ပြုံးရွှင်မှုများဖြင့် ဝန်ဆောင်မှုပေးရမည်ဖြစ်သည်။
ကုန်တိုက်ကြီးများ၊ ဆိုင်ကြီးများတွင် ရောင်းချသည့် စားသောက်ကုန်များဆိုလျှင် သက်ဆိုင်ရာဝန်ကြီးဌာနများက သတ်မှတ်ထားသည့် ကုန်ပစ္စည်းအညွှန်းများကို ပြည့်ပြည့်စုံစုံ မှန်မှန်ကန်ကန်ဖော်ပြပြီး သေသပ်သည့်ထုပ်ပိုးမှုများ ပြည့်စုံရမည်ဖြစ်သည်။ ကုန်ပစ္စည်းအညွှန်း ဖော်ပြချက်တွင် ကုန်ပစ္စည်းအရွယ်အစား၊ ထုတ်လုပ်သူ၊ ပါဝင်ပစ္စည်းများနှင့် အချိုးအစား (%)၊ အလေးချိန်၊ ထားသိုသည့်နည်းလမ်း၊ ထုတ်လုပ်သည့်နေ့စွဲ စသည်တို့ကိုဖော်ပြရန်လိုပါသည်။
အရည်အသွေးပိုင်းနှင့် သန့်ရှင်းမှုအပိုင်းများတွင် မြန်မာ့စားသောက်ဆိုင်လုပ်ငန်းများ လိုအပ်ချက်ရှိနေသေးပြီး အထူးသဖြင့် လမ်းဘေးစားသောက်ဆိုင်များမှာ နိုင်ငံခြားသားများ ဝယ်ယူစားသုံးသည့် အလေ့အထလျော့နည်းနေဆဲဖြစ်သည်။ ဗန်ကောက်၏ လမ်းဘေးဆိုင်များတွင်မူ နိုင်ငံခြားသားများ ဝယ်ယူစားသောက်ခြင်းမှာ စားသောက်ကုန်အရည်အသွေးကို ယုံကြည်မှုနှင့် သန့်ရှင်းမှုရှိခြင်းကြောင့် အဓိကဖြစ်သည်။ မည်သို့ပင်ဖြစ်စေ လက်ရှိအားနည်းနေသေးသည့်အချက်များကို အမြန်ဆုံးပြင်ဆင်ပြောင်းလဲမည်ဆိုလျှင် ပြည်တွင်းစားသောက်ကုန်နှင့် စားသောက်ဆိုင်များ နိုင်ငံတကာရောင်းချနိုင်သည့် လုပ်ငန်းများ ဖြစ်လာနိုင်ပါသည်။
အရည်အသွေးမှန်ကန်မှုသည် အဓိက
MSMEs များအနေဖြင့် ရေရှည်တိုးတက်မှုအတွက် ပြည်ပဈေးကွက်ဦးတည်သော လုပ်ငန်းများဖြစ်စေရန် အဓိကလိုအပ်ချက်မှာ ထုတ်ကုန်ပစ္စည်း၏ အရည်အသွေးမှန်ကန်မှုဖြစ်သည်။ လယ်ယာအခြေခံစားသောက်ကုန်များ၏ အရည်အသွေးမှန်ကန်မှုဟုဆိုရာတွင် ပထမဆုံးစိုက်ပျိုးထုတ်လုပ်သူ လယ်သမားများအနေဖြင့် မျိုး၊ ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး စသည်တို့သုံးစွဲရာတွင် သတ်မှတ်ထားသည့် အရည်အသွေး၊ မှန်ကန်သည့်သွင်းအားစုများ အသုံးပြုရန်ဖြစ်ပြီး သုံးစွဲမှုကိုလည်း မှတ်တမ်းများရှိရမည်ဖြစ်သည်။
လယ်သမားတိုင်း ကောင်းမွန်သည့်လယ်ယာလုပ်ငန်း အလေ့အကျင့်ကို ကျင့်သုံးလျှင် အရည်အသွေးမှန်သည့် မူလလယ်ယာ ထုတ်ကုန်များထွက်ပေါ်လာမည်ဖြစ်သည်။ ထိုမှတစ်ဆင့် ရိတ်သိမ်းပြီးနောက်ပိုင်း အပိုင်းများဖြစ်သည့် ကြိတ်ခွဲသူများ၊ ထပ်ဆင့်ပြုပြင်သူများ၊ သိုလှောင်သူများ၊ သယ်ယူပို့ဆောင်သူများနှင့် ဈေးကွက်ဖြန့်ဖြူးသူများ အပိုင်းတွင်လည်း ခေတ်မီစက်များ အသုံးပြုခြင်း၊ သယ်ယူပို့ဆောင်ခြင်းနှင့် သိုလှောင်ခြင်းတို့တွင်လည်း အပူချိန်ထိန်းသိမ်းနိုင်သည့် သိုလှောင်ရုံများ စသည်တို့အသုံးပြုမည်ဆိုလျှင် အရည်အသွေးကောင်းကို ထိန်းသိမ်းနိုင်မည်ဖြစ်သည်။
လယ်ယာထုတ်ကုန်များနှင့်ပတ်သက်၍ မရိတ်သိမ်းမီအပိုင်းတွင် အသုံးပြုသည့် ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးအသုံးပြုမှုများသည် သတ်မှတ်ချက်ထက်များသောကြောင့် မြန်မာ့လယ်ယာကုန်စည်များတွင် ပြည်ပသို့ပို့မည်ဆိုလျှင် ဓာတုဓာတ်ပိုးသတ်ဆေးအကြွင်းအကျန် သတ်မှတ်ချက်ထက်များနေခြင်းဖြစ်သည်။ ထို့အတွက်လည်း လယ်သမားများအကြား GAP စနစ် ယခုထက် ပိုမိုလိုက်နာကျင့်သုံးမည်ဆိုလျှင် အဆိုပါအခက်အခဲများကို အနှေးနှင့်အမြန် ဖြေရှင်းနိုင်မည်ဖြစ်သည်။
ဈေးကွက်ဖြန့်ဖြူးရာတွင် အဓိက လယ်ယာကုန်စည်များဖြစ်သည့် ဆန်၊ ပဲမျိုးစုံ၊ နှမ်း၊ ပြောင်း၊ ဂျုံ စသည့်ကုန်ခြောက်များကို ပြည်တွင်း၊ ပြည်ပဈေးကွက်ဖြန့်ဖြူးရာတွင် အဆင်ပြေသော်လည်း လယ်ယာကုန်စည်အစိုများဖြစ်သည့် ဟင်းသီးဟင်းရွက်များ၊ သစ်သီးဝလံများ၊ ရေထွက်ပစ္စည်း၊ သား၊ ငါး စသည်တို့ကို ပြည်တွင်းဈေးကွက်ဖြန့်ဖြူးရာတွင် ဓာတုဆေးအမျိုးမျိုး အသုံးပြုနေခြင်းကသာ ကုန်စည်များ၏အရည်အသွေးကို ပျက်ယွင်းစေသည်သာမကဘဲ စားသုံးသူများ၏ ကျန်းမာရေးကိုပါ ထိခိုက်စေပါသည်။
ပြည်ပသို့တင်ပို့လိုသည့်လုပ်ငန်းတိုင်း အရည်အသွေးမှန်ကန်မှုနှင့် ဘေးကင်းလုံခြုံမှုရှိကြောင်းဖော်ပြသည့် လူ၊ တိရစ္ဆာန်၊ အပင်ပိုးမွှားဘေးအန္တရာယ်ကင်းရှင်းမှု SPS (Sanitary and Phytosanitary System) အထောက်အထားများ လိုအပ်မည်ဖြစ်သည်။ လယ်ယာမူလထုတ်ကုန်များဖြစ်လျှင် ကောင်းမွန်သည့် လယ်ယာလုပ်ငန်း အလေ့အကျင့်လက်မှတ်၊ ရေထွက်ကုန်ပစ္စည်းဖြစ်လျှင် ကောင်းမွန်သည့် ရေထွက်လုပ်ငန်း အလေ့အကျင့်လက်မှတ်၊ ထပ်ဆင့်တန်ဖိုးပြုပြင်သည့် ကုန်စည်ဖြစ်လျှင် ကောင်းမွန်သည့် ထပ်ဆင့်ပြုပြင် လုပ်ငန်းအလေ့အကျင့်လက်မှတ် လိုအပ်မည်ဖြစ်သည်။
အကယ်၍ ဖွံ့ဖြိုးပြီးနိုင်ငံများသို့ ရည်ရွယ်ထုတ်လုပ်တင်ပို့မည်ဆိုလျှင် အထက်ဖော်ပြပါလက်မှတ်များအပြင် ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာအခြေစိုက် နိုင်ငံတကာစံချိန်စံညွှန်းအဖွဲ့အစည်း (ISO- International Standard Organization) က သတ်မှတ်ထားသော အရည်အသွေးပိုင်းဆိုင်ရာစီမံခန့်ခွဲမှုစနစ် (QMS- Quality Management System) ကို ISO-9001၊ ပတ်ဝန်းကျင်ဆိုင်ရာစီမံခန့်ခွဲမှုစနစ် (EMS- Environmental Management System) ကို ISO-14001၊ အလုပ်ခွင်ဆိုင်ရာ ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံမှုစီမံခန့်ခွဲမှုစနစ် (OHSMS- Occupational Health and Safety Management System) ကို ISO-45001၊ စားသောက်ကုန်ဘေးကင်းလုံခြုံမှု (FSMS- Food Safety Management System) ကို ISO-22000 စသည့် အသိအမှတ်ပြုလက်မှတ်များရှိရန် လိုအပ်ပါသည်။
ယေဘုယျအားဖြင့် နိုင်ငံများအပေါ်မူတည်၍ SPS သတ်မှတ်ချက်အလျှော့အတင်းရှိပြီး ဖွံ့ဖြိုးပြီးနိုင်ငံများဆိုလျှင် SPS သတ်မှတ်ချက် ပို၍များပါသည်။ မည်သို့ပင်ဖြစ်စေ ပို့ကုန်ကိုဦးတည်သည့် MSMEs များအနေဖြင့် ရေရှည်စဉ်ဆက်မပြတ် တိုးတက်လာစေရန် မိမိထုတ်လုပ်ရောင်းချသော ကုန်စည်များကို နိုင်ငံတကာဈေးကွက်အထိ တင်ပို့နိုင်ရန် အခြေခံလိုအပ်ချက်ဖြစ်သော မှန်ကန်သည့်အရည်အသွေး ရှိသောကုန်စည်များထုတ်လုပ်ပြီး ကျင့်ဝတ်များကို လိုက်နာကျင့်သုံးခြင်းဖြင့် ပြည်ပဈေးကွက် စတင်တင်ပို့နိုင်ရန် ကြိုးစားလုပ်ဆောင်သင့်သည့်အချိန်ဖြစ်ပါသည်။ ။
ရည်ညွှန်းကိုးကား
- Food Safety Control Measures;
Sustainable Agrifood System in ASEAN
http://www.asean.agrifood.org
- WHO; Food Safety, http://www.who.int>fact sheet> Detail
No comments:
Post a Comment