Thursday, October 8, 2026

ရွှေကုက္ကိုလ်နယ်မြေ ဒုတိယပိုင်းအတွင်းရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုသည့် တရားမဝင်အဆောက်အအုံများအား စနစ်တကျဆက်လက်ဖြိုချဖျက်ဆီး


နေပြည်တော် အောက်တိုဘာ ၇

နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုတိုက်ဖျက်ရေး လုပ်ငန်းစဉ်များကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် အလေးထားဆောင်ရွက်လျက်ရှိကာ ပြည်တွင်းအင်အားစုများအပြင် အိမ်နီးချင်းနိုင်ငံအစိုးရများနှင့်လည်း ပေါင်းစပ်ညှိနှိုင်း၍ နိုင်ငံအတွင်း လုံးဝအခြေမချနိုင်သည်အထိ ထိထိရောက်ရောက် ရှာဖွေစစ်ဆေး နှိမ်နင်းခြင်းများကို ဆောင်ရွက်လျက်ရှိရာ KK Park နယ်မြေအတွင်းရှိ အွန်လိုင်းလိမ်လည်လောင်းကစား လုပ်ငန်းများလုပ်ကိုင်ခဲ့သည့် တရားမဝင် အဆောက်အအုံများအား အပိုင်း ၃ ပိုင်းခွဲ၍ စနစ်တကျဖြိုချဖျက်ဆီးခဲ့ရာ ဇန်နဝါရီ ၉ ရက်တွင် ရာနှုန်းပြည့် ဖြိုချဖျက်ဆီးခဲ့ပြီးဖြစ်သည်။

 




အလားတူ ရွှေကုက္ကိုလ်နယ်မြေအတွင်း၌ အွန်လိုင်းလိမ်လည်လောင်းကစားလုပ်ငန်းများ လုပ်ကိုင်ခဲ့သည့် တရားမဝင်အဆောက်အအုံအလုံး ၁၄၀ အားအပြီးတိုင် ဖြိုချဖျက်ဆီးခြင်းများကို အဆောက်အအုံအမျိုးအစားအလိုက် ခွဲခြားသတ်မှတ်၍ ဆောင်ရွက်ခဲ့ရာ ပထမပိုင်းအနေဖြင့် အဆောက်အအုံ ၇၇ လုံးအား ဇူလိုင်လ ၂၆ ရက်နေ့တွင် စနစ်တကျဖြိုချဖျက်ဆီးခဲ့ပြီးဖြစ်သည်။

ဆက်လက်၍ ဒုတိယပိုင်းအနေဖြင့် ဖြိုချဖျက်ဆီးရန်ကျန် အဆောက်အအုံ ၆၃ လုံးအား ယာဉ်ယန္တရားများဖြင့် ဖြိုချဖျက်ဆီးမည့် အဆောက်အအုံ ၂၅ လုံး၊ ဖောက်ခွဲ၍ ဖြိုချဖျက်ဆီးမည့် အဆောက်အအုံ ၄ လုံးနှင့် လူနေအိမ်များနှင့်မလွတ်ကင်း၍ လူအင်အားအသုံးပြုကာ တစ်လွှာချင်းဖြိုချဖျက်ဆီးမည့် အဆောက်အအုံ ၃၄ လုံးဟူ၍ အဆောက်အအုံ အမျိုးအစားအလိုက် ခွဲခြားသတ်မှတ်ပြီး စနစ်တကျ ထပ်မံဖြိုချဖျက်ဆီးခြင်းများကို အောက် တိုဘာ ၆ ရက်နေ့မှစ၍ ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ ဖြိုချဖျက်ဆီးခြင်းများ ဆောင်ရွက်လျက်ရှိရာ ယာဉ်ယန္တရားများအသုံးပြု၍ ဖြိုချ ဖျက်ဆီးရမည့် အဆောက်အအုံများအနက် ၅ ထပ်အဆောက်အအုံ ၁ လုံးအား ဆက်လက်ဖြိုချဖျက်ဆီးခဲ့ရာ ယနေ့အထိ ၄၀ ရာခိုင်နှုန်း ဖြိုချဖျက်ဆီးပြီးဖြစ်ကြောင်းနှင့် ၆ ထပ် အဆောက်အအုံ ၁ လုံးအားလည်း ယမ်းပြင်ယမ်းကပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်မှုများကို အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ်ခံယူကာ မြန်မာနိုင်ငံအတွင်း လုံးဝအခြေမပြုနိုင်ရေး ပြည်တွင်းအင်အားစုများအပြင် အိမ်နီးချင်းနိုင်ငံအစိုးရများနှင့်လည်း ပေါင်းစပ်ညှိနှိုင်း၍ ဆောင်ရွက်လျက်ရှိကြောင်းနှင့် ဖြိုချဖျက်ဆီးရန်ကျန်ရှိသည့် အဆောက်အအုံများအား အမြန်ဆုံးဖြိုချဖျက်ဆီးနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

(၁၀၀)

No comments:

Post a Comment