မြန်မာနိုင်ငံတွင်တရားဝင်မှတ်ပုံတင်ထားသည့် အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်း (MSME) ပေါင်း ၄၀၀၀၀ ကျော်ရှိသည်။ မှတ်ပုံမတင်ရသေးသည့် အသေးစားနှင့်အိမ်တွင်းစီးပွားရေး လုပ်ငန်းများအပါအဝင် နိုင်ငံ့စီးပွားရေးကဏ္ဍတစ်ခုလုံးအနေဖြင့်ကြည့်မည်ဆိုပါက မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းစုစုပေါင်း၏ ၉၄ ရာခိုင်နှုန်းမှ ၉၉ ရာခိုင်နှုန်းခန့်သည် MSME လုပ်ငန်းများဖြစ်ရာ နိုင်ငံစီးပွားရေး၏ အဓိကမောင်းနှင်အားဟုလည်းဆိုနိုင်သည်။
MSME လုပ်ငန်း ၄၀၀ဝဝ ကျော်အနက် ထက်ဝက်ကျော်မှာ အစား အသောက်နှင့် လူသုံးကုန်ထုတ်လုပ်သည့် လုပ်ငန်းများဖြစ်ကြပြီး နိုင်ငံ့လုပ်သားထုအတွက် အလုပ်အကိုင်အခွင့်အလမ်း ၇၀ ရာခိုင်နှုန်းကျော်ကို ဖန်တီးပေးထားသည်။ မြန်မာ MSME များ၏ အားနည်းချက်များနှင့် ၎င်းတို့ရင်ဆိုင်ကြရသည့် အခက်အခဲများကိုကြည့်လျှင် လုပ်ငန်းတိုးချဲ့ရန်ငွေကြေးမလုံလောက်ခြင်း၊ နည်းပညာနှင့်စက်ပစ္စည်းများ ခေတ်နောက်ကျခြင်းကြောင့် ထုတ်လုပ်မှုအပိုင်းတွင် အရည်အသွေးမမှန်ခြင်းနှင့် ကုန်ကျစရိတ်ပိုမိုမြင့်မားခြင်း၊ မိမိတို့ထုတ်ကုန်အတွက် ဈေးကွက်ရှာဖွေရေးကိုစနစ်တကျမလုပ်နိုင်ခြင်း၊ ထုပ်ပိုးမှုစနစ်ညံ့ဖျင်းခြင်းနှင့် အမှတ်တံဆိပ်မြှင့်တင်နိုင်စွမ်းအားနည်းခြင်းတို့ကြောင့် ပြည်ပသွင်းကုန်များနှင့်ယှဉ်ပြိုင်ရန်ခက်ခဲခြင်း၊ လုပ်ငန်းရှင်အများစုသည် ခေတ်မီစီမံခန့်ခွဲမှုနှင့်ဘဏ္ဍာရေးစာရင်းအင်း ကိုင်တွယ်မှုအားနည်းခြင်း၊ ကျွမ်းကျင်လုပ်သားရှားပါးခြင်း၊ လျှပ်စစ်ဓာတ်အားပုံမှန်မရရှိခြင်း၊ သယ်ယူပို့ဆောင်ရေးစရိတ်မြင့်မားခြင်း၊ လုပ်ငန်းအများစုသည် တရားဝင်မှတ်ပုံမတင်ဘဲ အလွတ်သဘောလုပ်ကိုင်နေကြခြင်းကြောင့် အစိုးရနှင့်အဖွဲ့အစည်းများ၏ အထောက်အပံ့၊ ချေးငွေနှင့် သင်တန်းများရယူရန် အခွင့်အလမ်းများဆုံးရှုံးနေခြင်း စသည်တို့ကိုတွေ့ရသည်။
မြန်မာ့ MSME လုပ်ငန်းများ၏ ဘဏ္ဍာရေးအားနည်းချက်ကိုဖြေရှင်းနိုင်ရန် အစိုးရက မတည်ထုတ်ချေးပေးသောရန်ပုံငွေများဖြင့် ပြည်တွင်းအစိုးရနှင့်ပုဂ္ဂလိကဘဏ်များမှတစ်ဆင့် သက်သာသောအတိုးနှုန်းများဖြင့် ထုတ်ချေးပေးသည့်အစီအစဉ်များရှိနေရာ MSME အများစုတွင် ဘဏ်ကတောင်းသော မြေနှင့်အဆောက်အအုံအာမခံမပေးနိုင်သည့် ပြဿနာကိုဖြေရှင်းရန် အာမခံလုပ်ငန်းနှင့်ချိတ်ဆက်ပြီး အာမခံပစ္စည်းမဲ့ ချေးငွေအစီအစဉ်၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးကိုအခြေခံသည့် MSME များအတွက် သီးသန့်အတိုးနှုန်းသက်သာသော ရေရှည်/ရေတိုချေးငွေအစီအစဉ်များရှိနေသည်။ တစ်ဖက်တွင်လည်း MSME များ၏ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရန်အတွက် အစိုးရ ဌာနများနှင့် ကုန်သည်/စက်မှုအသင်းချုပ်တို့က သင်တန်းများဖွင့်လှစ်ပေးနေသည်ကိုတွေ့ရသည်။ MSME ပြပွဲများနှင့် ဈေးရောင်းပွဲတော်များကို နိုင်ငံတော်အဆင့်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်အဆင့်တို့ ကျင်းပပေးလျက်ရှိရာ အရောင်းပြခန်းများဖွင့်လှစ်နိုင်ခြင်းအားဖြင့် ဒေသတွင်းနှင့် ပြည်ပမှအဝယ်တော် (Buyers) များနှင့် တိုက်ရိုက်ချိတ်ဆက်ခွင့်ရရှိစေသည်။
မြန်မာ MSME လုပ်ငန်းများ ပြည်ပဈေးကွက်တွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်စွမ်းရှိစေရန်အတွက် ပြုပြင်ပြောင်းလဲမြှင့်တင်နိုင်ကြရန်လိုသည်။ အထူးသဖြင့် နိုင်ငံတကာစံချိန်စံညွှန်းနှင့် အရည်အသွေးအသိအမှတ်ပြုလက်မှတ်များ ရယူထားကြရမည်ဖြစ်ရာ အစားအသောက်နှင့်ဆေးဝါးလုပ်ငန်းများသည် HACCP, ISO, GMP နှင့် Halal လက်မှတ်များ၊ စိုက်ပျိုးရေးထွက်ကုန်များအတွက် GAP (Good Agricultural Practices)လက်မှတ်များ လိုအပ်သည်။ မိမိတို့ထုတ်ကုန်ပစ္စည်း၏ ပြင်ပအသွင်အပြင် ဆွဲဆောင်မှုရှိစေရေးအတွက် ခေတ်မီထုပ်ပိုးမှုသည်လည်း မဖြစ်မနေဆောင်ရွက်ရမည့်အချက်ဖြစ်သည်။ နိုင်ငံတကာတွင် ဒီဂျစ်တယ်စီးပွားရေးသည် အလျင်အမြန်တိုးတက်နေသည့်အလျောက် အွန်လိုင်းဈေးကွက်များနှင့်ချိတ်ဆက်ခြင်း၊ ဒီဂျစ်တယ်ငွေပေးချေမှုစနစ်များကို နားလည်အသုံးပြုခြင်းတို့လည်း ခေတ်နှင့်အညီဆောင်ရွက်ရန်လိုသည်။ ပြည်ပစျေးကွက်တွင် ဈေးနှုန်းအရပြိုင်ဆိုင်နိုင်စွမ်းရှိစေရေးအတွက်လည်း ကုန်ထုတ်လုပ်မှုစရိတ်ကို အတတ်နိုင်ဆုံး လျှော့ချရမည်ဖြစ်ရာ နည်းပညာနှင့်စက်မှုပိုင်းဆိုင်ရာ အဆင့်မြှင့်တင်ခြင်း၊ ကုန်ကြမ်းရရှိမှုမှသည် ကုန်ချောသယ်ယူပို့ဆောင် ရေးအထိ ကုန်ကျစရိတ်သက်သာစေရန်စီမံခန့်ခွဲခြင်းတို့ကို ဆောင်ရွက်ကြရမည်ဖြစ်သည်။
မိမိတို့နိုင်ငံသည် စိုက်ပျိုးရေးအခြေခံ အစားအသောက်ထုတ်ကုန်များ (Agri- based Food Products)ကို တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ်ထုတ်လုပ်ပြီး ပြည်ပဈေးကွက်သို့ ထိုးဖောက်တင်ပို့နိုင်သည့် အရင်းအမြစ်များနှင့် ပြည့်စုံသည်ဖြစ်ရာ ပြည်တွင်းမှ သစ်သီးဝလံ၊ ပဲမျိုးစုံနှင့် ဆီထွက်သီးနှံများ၊ လက်ဖက်၊ ကော်ဖီစသည်တို့ကိုအခြေခံ၍ စားသောက်ကုန်အမျိုးမျိုးတို့ကို အမှတ်တံဆိပ်အမျိုးမျိုးဖြင့် ထုတ်လုပ်တင်ပို့နိုင်သည်။ တိုင်းဒေသကြီးများနှင့် ပြည်နယ်များအလိုက် စိုက်ပျိုးမွေးမြူရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးတို့ကို အားပေးဆောင်ရွက်ကာ ထွက်ရှိလာသည့်တန်ဖိုးမြှင့်ကုန်ချောများကို ပြည်တွင်းပြည်ပဈေးကွက်များသို့ တင်ပို့ခြင်းဖြင့် ဒေသအသီးသီးတို့ စီးပွားဖွံ့ဖြိုးတိုးတက်လာပြီး ဒေသနေပြည်သူများလူမှုစီးပွားဘဝ မြင့်မားလာမည်ဖြစ်သည့်အကြောင်း။ ။

No comments:
Post a Comment