နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်မှုတွင် အသေးစား၊ အငယ်စားနှင့်အလတ်စား MSME စီးပွားရေးလုပ်ငန်းများသည် နိုင်ငံအတွက်အခြေခံကျသည့် စီးပွားရေးအုတ်မြစ်ဖြစ်သည်။ ယနေ့ဖွံ့ဖြိုးတိုးတက်နေသောနိုင်ငံများသည် SME စီးပွားရေးလုပ်ငန်းများမှတစ်ဆင့် အစပျိုးတည်ထောင်လာခဲ့ခြင်းဖြစ်သည်။ ယနေ့ထက်တိုင် နိုင်ငံဖွံ့ဖြိုးတိုးတက်နေသော်လည်း SME စီးပွားရေးလုပ်ငန်းများသည် အထောက်အပံ့ကောင်းများပြုနေဆဲဖြစ်သည်။ ဖွံ့ဖြိုးဆဲမြန်မာနိုင်ငံအနေဖြင့် MSME စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်လာစေရန် နိုင်ငံတော်အစိုးရကအားပေးမြှင့်တင်ကူညီ ဆောင်ရွက်ပေးလျက်ရှိသည်။
နိုင်ငံတော်အနေဖြင့် မည်သို့ပင်ကူညီပံ့ပိုးမြှင့်တင်ပေးလျက်ရှိသော်လည်း MSME စီးပွားရေးလုပ်ငန်းရှင်များနှင့် စွန့်ဦးတီထွင်သူများအနေဖြင့် နိုင်ငံ့စီးပွား၊ မိမိစီးပွား မြင့်မားတိုးတက်လာရေးအတွက် ကိုယ်တိုင်စွမ်းဆောင်နိုင်မှုနှင့် ကိုယ်ပိုင်တာဝန်ဝတ္တရားများရှိသည်။ ၎င်းတို့အနေဖြင့် ထုတ်ကုန်နှင့်ဝန်ဆောင်မှုအရည်အသွေးများကို ဆက်လက်မြှင့်တင်ရန်၊ မျှတသောဈေးနှုန်းများကို ထိန်းသိမ်းထားရန်၊ ပိုမိုကောင်းမွန်သော စီမံခန့်ခွဲမှုနည်းလမ်းများကို ကျင့်သုံးရန်၊ နည်းပညာများကို ဖြစ်နိုင်သမျှအသုံးပြုရန်နှင့် ဖောက်သည်များ၏ယုံကြည်မှုကို တည်ဆောက်ထိန်းသိမ်းထားရန်လိုအပ်ပါသည်။
တရားမျှတသောဈေးကွက်တစ်ခု ရေရှည်အောင်မြင်စေရန်အတွက် ပိုမိုကောင်းမွန်သောကုန်ပစ္စည်းများ၊ ပိုမိုကောင်းမွန်သောဝန်ဆောင်မှုများ၊ သင့်တင့်မျှတသောဈေးနှုန်းများနှင့် ထိရောက်သောစီမံခန့်ခွဲမှုများကို ကျင့်သုံးသောလုပ်ငန်းများကသာ ပိုမိုအောင်မြင်နိုင်ပါသည်။ ယင်းနည်းလမ်းဖြင့် စီးပွားရေးလုပ်ငန်းများကို ကိုယ်တိုင်တိုးတက်ကြိုးပမ်းစေရန်အားပေးနိုင်ပြီး စားသုံးသူများအတွက် ရွေးချယ်စရာပိုမိုများပြားနိုင်ပါသည်။ အရည်အချင်းရှိသော MSME စီးပွားရေးလုပ်ငန်းများကို ပိုမိုခိုင်မာသောစီးပွားရေးလုပ်ငန်းများ၊ ဒေသတွင်းစီးပွားရေးလုပ်ငန်းများ၊ အမျိုးသားအဆင့်ကုန်အမှတ်တံဆိပ်များနှင့် အနာဂတ်ပို့ကုန်လုပ်ငန်းများအဖြစ် ကြီးထွားဖွံ့ဖြိုးလာစေရန် အခွင့်အလမ်းများ ဖန်တီးပေးပါသည်။
နိုင်ငံတော်အစိုးရအနေဖြင့် MSME စီးပွားရေးလုပ်ငန်းများကို အားပေးမြှင့်တင်ဆောင်ရွက်ပေးလျက်ရှိရာတွင် ယခုအခါ MSME စီးပွားရေးလုပ်ငန်းရှင်များနှင့် အစပျိုးစီးပွားရေးလုပ်ငန်းရှင်များ လုပ်ငန်းစွမ်းရည်မြှင့်တင်ရေးအစီအစဉ်များ ဖန်တီးပေးနေသည်ကို တွေ့ရသည်။ အဆိုပါအစီအစဉ်တွင် MSME စီးပွားရေးလုပ်ငန်းရှင်များနှင့် အစပျိုးစီးပွားရေးလုပ်ငန်းရှင်များပါဝင်သည့် သင်တန်းသားများက သင်တန်းပြီးဆုံးချိန်တွင် စမ်းသပ်မည့်အကြံဉာဏ်တစ်ခု၊ ရက်ပေါင်း ၃၀ လုပ်ငန်းအစီအစဉ်တစ်ခုဖြင့် စတင်ဆောင်ရွက်ခြင်းဖြစ်သည်။ အဆိုပါအစီအစဉ်ကို မန္တလေးမြို့တော်ခန်းမ၌ နှစ်ရက်တာကျင်းပခဲ့ပြီး တာဝန်ရှိသူများက စီးပွားရေးစတင်ခြင်းမှ ရေရှည်တည်တံ့သော စီးပွားရေးလုပ်ငန်းများအဖြစ် တည်ဆောက်ခြင်း၊ ဘဏ်လုပ်ငန်းဝန်ဆောင်မှုများနှင့်လုပ်ငန်းတိုးချဲ့ရန် အခွင့်အလမ်းကောင်းများ၊ ဈေးကွက်ဝင်ရောက်မှုမဟာဗျူဟာနှင့် စွန့်ဦးတီထွင်မှုလုပ်ငန်းများကို ဆွေးနွေးပြောကြားသည်။
MSME စီးပွားရေးလုပ်ငန်းများသည် စီးပွားရေးလုပ်ငန်းငယ်များသာမကဘဲ နိုင်ငံ၏အဓိကကျသည့် ကုန်ထုတ်စွမ်းအားများဖြစ်သည်။ နိုင်ငံအခြေအနေအရပ်ရပ်အရ နိုင်ငံတကာအဆင့်မီအဆင့်မြင့်ထုတ်ကုန်များ မထုတ်လုပ်နိုင်သေးသော်လည်း သွင်းကုန်အစားထိုးကုန်ပစ္စည်းအမျိုးမျိုးကို ပြည်ပထုတ်ကုန်များနှင့်တန်းတူ ထုတ်လုပ်နိုင်မည်ဆိုပါက နိုင်ငံ့စီးပွားရေး၊ မိမိတို့စီးပွားရေး ပိုမိုတိုးတက်ကောင်းမွန်လာမည်ဖြစ်သည်။ ထို့ကြောင့် စမ်းသပ်မည့်အကြံဉာဏ်တစ်ခုကို ရက်ပေါင်း ၃၀ လုပ်ငန်းအစီအစဉ်တွင် စတင်ဆောင်ရွက်စေလိုသည်။ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် MSME စီးပွားရေးလုပ်ငန်းရှင်များနှင့် စွန့််ဦးတီထွင်သူများက အလုပ်အကိုင်များဖန်တီးပေးခြင်း၊ မိသားစုကိုထောက်ပံ့ပေးခြင်း၊ ဒေသခံပြည်သူလူထုအတွက် လိုအပ်သောကုန်ပစ္စည်းနှင့်ဝန်ဆောင်မှုများ ထုတ်လုပ်ပေးခြင်း၊ ဆန်းသစ်တီထွင်မှုနှင့်အတွေးအခေါ်သစ်များ မိတ်ဆက်ပေးခြင်း၊ ပြည်တွင်းစီးပွားရေးအတွင်း ငွေကြေးလည်ပတ်ခြင်းများကို ပြုလုပ်လျက်ရှိသည်။
သို့ဖြစ်ရာ ယခုပြုလုပ်သည့်အစီအစဉ်တွင် လူငယ်စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် လူမှုအသိုက်အဝန်းနှင့် နိုင်ငံတော်အတွက် တန်ဖိုးရှိသည့်လုပ်ငန်းများဖန်တီးကြရန်နှင့် လက်တွေ့အောင်မြင်သော အစပျိုးစီးပွားရေးလုပ်ငန်းရှင်များ ပေါ်ထွက်လာစေရန်ဆန္ဒပြုပါသည်။ MSME ဖွံ့ဖြိုးတိုးတက်မှုသည် အမျိုးသားစီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး၊ အလုပ်အကိုင်ဖန်တီးရေး၊ ပြည်တွင်းကုန်ထုတ်လုပ်မှု အားကောင်းရေးတို့နှင့်ဆက်စပ်လျက်ရှိသဖြင့် MSME စီးပွားရေးလုပ်ငန်းများ အောင်မြင်လာပါက ဒေသစီးပွားရေး တိုးတက်လာနိုင်စေမည့်အပြင် ဒေသစီးပွားရေးတိုးတက်မှုနှင့်အတူ နိုင်ငံ့ကုန်ထုတ်လုပ်မှု၊ ပို့ကုန်နှင့် နိုင်ငံ့ဝင်ငွေလည်းတိုးတက်လာမည်ဖြစ်၍ မိမိတို့၏ အသိပညာ၊ အတတ်ပညာ၊ ကျွမ်းကျင်မှုနှင့်ဒေသအရင်းအမြစ်များကို ထိရောက်စွာအသုံးချဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း။ ။

No comments:
Post a Comment