မမပို
“မေမေရေ။ ညီမလေးဆီကိုပို့လိုက်တဲ့ချောထုပ်ပေးဝေပြီးပြီတဲ့ သမီးတို့ ပို့လိုက်တဲ့ပစ္စည်းတွေရောက်ပြီတဲ့” ဂျပန်နိုင်ငံတွင် ပညာတော်သင်သွားနေသည့် ညီမလေးထံမှ Message ဝင်လာသဖြင့် မေမေ့ကို ဝမ်းသာအားရလှမ်းပြောမိလိုက်သည်။
“ဟေ - ဟုတ်လား။ မြန်လိုက်တာပို့လိုက်တာ ငါးရက်ပဲရှိသေးတယ်။ ဂျပန်ကိုရောက်သွားပြီ။ ကောင်းလိုက်တာ” မေမေ၏ အံ့ဩဝမ်းသာသံကို ကြားလိုက်ရသည်။
“စာတိုက်ကပို့တာ အဲဒီလောက်မြန်မယ်မထင်ဘူး။ တော်တော်တိုးတက်လာပြီပဲ” မေမေက ဆက်ပြောလာသည်။
ညနေပိုင်းတွင် ညီမလေးထံမှ ပစ္စည်းပို့ပေးသည့် အမေနှင့်အစ်မကို ကျေးဇူးတင်ကြောင်း TikTok Video လေး တက်လာခဲ့သည်။ ပုံစာလေးက “မန္တလေးစာတိုက်ကြီးကနေ ဂျပန်ကို မြန်မာစားစရာတွေအစုံပို့ပေးတဲ့ မေမေနဲ့ မမကို ကျေးဇူးအများကြီးတင်ပါတယ်”တဲ့။ ညီမလေးကြိုက်တတ်တဲ့ ဒေသထွက်ကုန်စားစရာပစ္စည်းအစုံကို တစ်ခုချင်းထုတ်ပြပြီး ပျော်နေသည့်အပျော်လေးကို ဘိုးဘိုး၊ ဘွားဘွားနှင့် မိသားစုအားလုံးတွေ့ရသည့်အတွက် ဝမ်းသာနေကြပါသည်။
ဘိုးဘိုးက “မြေးလေးရေစာတိုက်ဆိုတာ ဘိုးဘိုးတို့လက်ထက်ကတည်းက အားကိုးတကြီး အသုံးပြုခဲ့ကြရတာကွယ့်။ စာပို့သမားကိုပဲ မျှော်နေခဲ့ကြရတာ။ တက္ကသိုလ်တက်တုန်းကလည်း အိမ်ကငွေလွှဲရယ်၊ သာကြောင်းမာကြောင်း စာရယ်၊ အထူးသဖြင့် မြေးဘွားဘွားဆီက စာကို အမျှော်ဆုံးပေါ့ကွယ်။ အခုခေတ်လို တယ်လီဖုန်းတွေ၊ အင်တာနက်တွေ မပေါ် သေးတော့ စာတိုက်တွေက အဓိက ဆက် သွယ်ပေးနေတဲ့နေရာကြီးပေါ့”ဟု ရှေးဖြစ်ဟောင်းကို တမ်းတပြောပြနေပါသည်။
ကျွန်မကလည်း ဘိုးဘိုးကို “စာတိုက်ဆိုတာ ဘယ်ကတည်းက မြန်မာနိုင်ငံမှာ စတင်ခဲ့တာလဲဟင်”လို့ မေးမိတော့ ဘိုးဘိုးက -
“မြေးရေ .. စာပို့စာယူစနစ်ဆိုတာ ဟိုးယခင် မြန်မာမင်းများလက်ထက်ကတည်းက ရှိခဲ့တာကွယ့်။ ဘိုးဘိုး ဖတ်ဖူးတဲ့ စာတိုက်သမိုင်းဆိုတဲ့စာအုပ်လေးမှာပါတဲ့ မှတ်တမ်းတွေထဲမှာတော့ ၁၈၂၇ ခုနှစ်မှာ စစ်တွေစာတိုက်ကို စဖွင့်ပြီး စာတိုက်လုပ်ငန်းကို စတင်ခဲ့ကြတယ်လို့သိရတယ်။ နောက်တော့ ၁၈၅၂ ခုနှစ်မှာ ပဲခူးစာတိုက်ရယ်၊ ၁၈၅၄ ခုနှစ် မှာ ရန်ကုန်စာတိုက်ကြီးရယ်ဖွင့်ခဲ့ပြီး ချိတ်ဆက်ဆောင်ရွက်ခဲ့တယ်တဲ့။ မီးရထားနဲ့စာပို့တဲ့စနစ်ကို ၁၈၇၇ ခုနှစ် မေလ ၁ ရက်နေ့မှာ ရန်ကုန်-ပြည်ရထားလမ်းပိုင်း စတင်ပြေးဆွဲစဉ်ကတည်းက စာပို့တွဲသတ်မှတ်ချိတ်ဆွဲပြီး ရထားလမ်းတစ်လျှောက်မြို့တွေမှာ စာတိုက်တွေကတစ်ဆင့် စာတွေအပြန်အလှန်ပေးပို့ခဲ့ကြတယ်လို့ ဖတ်ရတယ်။ အဲဒီနောက်ပိုင်း တယ်လီဖုန်းလုပ်ငန်းတွေ တိုးတက်လာတဲ့အချိန်မှာတော့ စာပေးပို့တာတွေ လျော့နည်းသွားတာပေါ့ကွယ်”
ကျွန်မကမစောင့်နိုင်ဘဲ သိလိုဇောနဲ့ “ဘိုးဘိုး - အဲဒီအချိန်ကတည်းက စာတိုက်မှာ မြန်မာနိုင်ငံကနေ နိုင်ငံခြား ကို ပစ္စည်းပို့လို့ရပြီလားဟင်”
“နိုင်ငံတိုင်းကို ချောပစ္စည်းတွေ တိုက်ရိုက်ပေးပို့ပြီး တစ်ဖက်ကလည်း အိမ်တိုင်ရာရောက် ပေးဝေဖို့ဆိုတာ မလွယ်ဘူးမြေးရဲ့။ တစ်ဖက်နိုင်ငံရဲ့ စာတိုက်လုပ်ငန်းတွေ ဒါမှမဟုတ် ပစ္စည်းပေးဝေတဲ့လုပ်ငန်း လုပ်နေတဲ့အဖွဲ့အစည်းတွေနဲ့ သဘောတူညီမှုယူရမယ်။ အဲဒီလိုလုပ်ဖို့က နိုင်ငံတိုင်းကိုသွားတွေ့ပြီး ဆွေးနွေးနေလို့ မလွယ်ဘူးလေ။
“အဲဒါကြောင့် ကုလသမဂ္ဂရဲ့ အထူးအေဂျင်စီတစ်ခုဖြစ်တဲ့ ကမ္ဘာ့စာပို့တိုက်သမဂ္ဂ(Universal Postal Union)ရဲ့ အဖွဲ့ဝင်ဖြစ်ဖို့ ဆောင်ရွက်ခဲ့တာ ၄-၁၀-၁၉၄၉ ရက်နေ့မှာ အဖွဲ့ဝင်ဖြစ်လာခဲ့ပြီး ၅-၅-၁၉၅၆ ရက်နေ့မှာ နိုင်ငံခြားစာပို့တိုက်ဌာနဆိုတာကို ဖွဲ့စည်းပြီးတော့ နိုင်ငံတကာကို လေကြောင်း၊ ရေကြောင်း တွေကနေတစ်ဆင့် ချောပစ္စည်းတွေ ပေးပို့လာနိုင်ခဲ့တာကွယ့်။ အဲဒီတုန်းကတော့ တစ်ခါတစ်ခါ နိုင်ငံခြားကို စာပို့ရင် အခုခေတ်လို သယ်ယူပို့ဆောင်ရေးတွေ မလွယ်ကူတော့ လချီပြီးကြာတယ်ကွယ့်”
မေမေကကြားဖြတ်၍ “ဟုတ်တယ် သမီးရေ။ ဒါကြောင့် မေမေက အခုအတော်ကိုမြန်နေလို့ အံ့ဩနေတာ။ သမီး ဖေဖေ ပညာတော်သင်သွားတုန်းက မေမေတို့ပို့တဲ့ စာနဲ့ပစ္စည်းတွေ တစ်လလောက်ကြာမှ ရောက်သွားတယ်။ သင်္ဘောနဲ့ အဓိကထား ပို့ကြရတယ်တဲ့။ စစ်မဖြစ်မီက နိုင်ငံအနှံ့အပြားမှာ စာတိုက် ရုံးတွေ အများကြီးဖွင့်ခဲ့တယ်။ နောက်ပိုင်းမှာ တယ်လီဖုန်းလုပ်ငန်းတွေပေါ်လာပြီး မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းဆိုပြီး ဖြစ်လာတယ်။ အခုနောက်ဆုံး “မြန်မာ့စာတိုက်လုပ်ငန်း”ဆိုပြီး ၁-၄-၂၀၁၅ ရက်နေ့မှ ပြန်ဖြစ်လာတာကွယ့်”
ညဉ့်နက်လာပြီဖြစ်သဖြင့် “အခုလို ပြောပြပေးလို့ ကျေးဇူးပါဘိုးဘိုးရေ။ ဘိုးဘိုးနဲ့မေမေတို့လည်း နားလိုက်ပါဦးနော်။ မနက်ဖြန်ကျမှ ရန်ကုန်က သမီးသူငယ်ချင်းဆီ မန္တလေးဒေသထွက် စားစရာလေး စာတိုက်မှာသွားထည့်ရင်းနဲ့ ထပ်လေ့လာလိုက်ဦးမယ်”ဆိုကာ အိပ်ရာဝင်ခဲ့ပါတော့သည်။
နံနက်ပိုင်းတွင်တော့ မေမေ့ကို ဆိုင်ဖွင့်ဖို့ကူညီပေးပြီး သူငယ်ချင်းဆီ စားစရာပို့ဖို့ စာတိုက်ကြီးဘက်သို့ ဆိုင်ကယ်ဖြင့် ထွက်လာခဲ့ပါသည်။ ရုံးရှေ့ရောက်မှ ဒီနေ့စနေနေ့ရုံးပိတ်ရက်ပါလားဆိုတာ သတိရလိုက်ပြီး ပြန်လှည့်ဖို့ အလုပ်မှာ ရုံးတံခါးမကြီး ဖွင့်ထားသည်ကိုတွေ့ရ၍ ဝင်သွားလိုက်ပါသည်။ စာရေးမလေးက “မင်္ဂလာပါရှင့် မြန်မာ့စာတိုက်လုပ်ငန်းက ကြိုဆိုပါတယ်။ ဘာများကူညီပေးရပါမလဲရှင်”ဆိုပြီး ကြိုဆိုလာပါသည်။
“အစ်မက ရုံးပိတ်တယ်ထင်ပြီး ပြန်တော့မလို့”ဆိုတော့ “ဟုတ်ကဲ့ရှင့် အမြန်ချောလက်ခံတဲ့ရုံးတိုင်း ပိတ်ရက် မရှိ၊ လက်ခံပေးပါတယ်ရှင့်”
“အဲဒီလိုလား။ အမြန်နဲ့ ရိုးရိုးဆိုပြီး ရှိတာလား”ဆိုတော့ “ဟုတ်ကဲ့ရှင့်၊ ရိုးရိုးစာဆို ကျသင့်တဲ့တံဆိပ်ခေါင်း ကပ်ပြီး ရုံးရှေ့မှာရယ်၊ လမ်းတွေမှာရှိတဲ့ စာပုံးတွေမှာရယ် ထည့်ခဲ့ရင်ရပါပြီ။ ရိုးရိုးစာကတော့ရရှိ၊ ပေးဝေမှုတွေကို မှတ်တမ်းမတင်ထားပါဘူးရှင့်။ မှတ်ပုံတင်စာ/ပစ္စည်းနဲ့ အမြန်ချောစာ/ပစ္စည်းတွေဆိုရင် ကောင်တာမှာ စာရင်းသွင်း လက်ခံပါတယ်။
“အရင်ကတော့ ပစ္စည်းတစ်ခုချင်းစီကို လက်ခံပြေစာလေးတွေ ရေးပေးပါတယ်။ အခုတော့ စာနဲ့ ချောပစ္စည်းတိုင်း မှာ QR Code လေးတွေကပ်ပေးပါတယ်။ အစ်မရဲ့စာ ရောက်၊ မရောက်ကို အရင်ကဆို တစ်ရုံးကနေတစ်ရုံး ကြေးနန်းရိုက်မေး၊ ဖုန်းတွေပေါ်လာတော့ ဖုန်းဆက်မေးပြီး အဆင့်ဆင့်မေးမြန်း ရတာ၊ အခုလို QR Code လေးတွေ ကပ်ပေးတော့ Myanmar Post Website မှာ QR Code လေး Scan ဖတ်ပြီး Trace လိုက်လို့ရသွားပါပြီ။ ပေးဝေထားတဲ့ အခြေအနေကို ဘယ်သူက လက်ခံထား တယ်ဆိုတာအထိ အချိန်နဲ့တစ်ပြေးညီ သိနိုင်ပါပြီ။
“ဝက်ဘ်ဆိုက်က www.myanmarpost.com.mm ပါ။ Mobile Application လည်းရှိတော့ ဖုန်းထဲကနေ တိုက်ရိုက်ခြေရာခံလို့လည်းရပါတယ်။ လုပ်ငန်းစဉ်တိုင်းကိုရောက်နေတဲ့ စာတိုက်တိုင်းကို မြင်နေရတာပါရှင့်။ စာတိုက်ရဲ့အချက်အလက်တွေ သိချင်ရင်လည်း ဝင်လေ့လာလို့ရပါတယ်။ မမနေတဲ့ ရပ်ကွက်ရဲ့ Postcode ကိုလည်းရှာလို့ရသလို ဘယ်စာတိုက်ကစာလာဝေပေးမှာလဲဆိုတာရယ် အနီးဆုံး ဘယ်မှာရှိသလဲဆိုတာကိုပါကြည့်လို့ ရပါတယ် ”
ကောင်တာမှ ညီမလေးက တော်တော်ပြည့်ပြည့်စုံစုံလေး စိတ်ရှည်ရှည်ဖြင့် ရှင်းပြနေစဉ်မှာပင် အစ်မတစ်ယောက်ထွက်လာပြီး “ဟိုနေ့က ဂျပန်ကိုပစ္စည်းလာပို့တဲ့ ညီမလေးပါလား” ဟု လာနှုတ်ဆက်ပါသည်။
“ဟုတ်ကဲ့အစ်မ။ အဲဒီနေ့က ဖုန်းထဲ ကနေ ပုံစံဖြည့်တာကို ကူညီပေးခဲ့လို့ ကျေးဇူးပါရှင့်”
“အော် EAD မဖြည့်တတ်လို့ ကူညီပေးလိုက်တာကိုလား။ ဒါ အစ်မတို့ ကူညီပေးရမယ့်ကိစ္စပါကွယ်”
“EAD ဆိုတာဘာလဲဟင်။ အဲဒီနေ့ က အစ်မ ကူပြီးဖြည့်ပေးလိုက်လို့သာ မြန်မြန်ပြီးသွားတာ။ ဘာကြောင့် အဲဒီလို ဖြည့်ရတာလဲဆိုတာ မသိလို့ပါ”လို့ မေးကြည့်လိုက်သည့်အခါ …..
“EAD ဆိုတာ Electronic Advance Data လို့ခေါ်ပါတယ်။ တစ်ဖက်နိုင်ငံကို ချောပစ္စည်းတွေပေးပို့တဲ့အခါ ပို့တဲ့ပစ္စည်း အမျိုးအစားတစ်ခုချင်းစီရဲ့ HS code တွေ၊ ပစ္စည်းထုတ်လုပ်တဲ့နိုင်ငံ၊ အရေ အတွက်၊ တန်ဖိုး စတာတွေအပြင် လက်ခံမယ့်သူရဲ့ ပတ်စ်ပို့နံပါတ်၊ လိပ်စာ၊ ဆက်သွယ်ရမယ့်ဖုန်းနံပါတ်စတဲ့ အချက် အလက်တွေ အပြည့်အစုံထည့်ပေးရတာပါ။ ဒါမှ တစ်ဖက်နဲ့တစ်ဖက် ယုံကြည်စိတ်ချစွာပေးပို့နိုင်မှာလေ။ အကောက်ခွန်ဆိုင်ရာ ရှင်းလင်းရေးလုပ်ငန်းတွေဆောင်ရွက်တဲ့အခါ လွယ်ကူလျင်မြန်ပြီး မြန်မြန်ပေးဝေနိုင်မှာမို့ပါ။ မြန်မာနိုင်ငံကို ပို့ရင်လည်း အဲဒီလိုပဲဖြည့်ပေးရတယ်။
“UPU က သတ်မှတ်ထားတဲ့ IPS - International Postal System၊ CDS- Customs Declaration System ဆိုတဲ့ စနစ်တွေပေါ်မှာအသုံးပြုပြီး အချက်အလက်တွေတင်ပို့ရတာ၊ တစ်ကမ္ဘာလုံးက စာတိုက်လုပ်ငန်းတွေက စတင်လက်ခံတဲ့အချိန်ကနေ ပေးဝေတဲ့အထိ အဆင့်တိုင်းကို ထည့်ပေးကြရတာ၊ အစ်မတို့ စာတိုက်ဝန်ထမ်းတွေက သက်ဆိုင်ရာအချက်တွေကို ထည့်ပေးထားတော့ ပေးဝေတာကိုလည်း အချိန်နဲ့ တစ်ပြေးညီ Tracking လိုက်လို့ရတာ ပေါ့။ globaltracktrace.ptc.post Website အပြင် Myanmar Post Application တွေကနေလည်း ကြည့်လို့ရပါတယ်။ အခုမြန်မာနိုင်ငံကနေ နိုင်ငံ ၄၅ နိုင်ငံကို ချောပစ္စည်းပေးပို့နေတာမှာ ဒီစနစ်ကိုပဲ သုံးနေရတာပါ ညီမ”
“ဟုတ်လားအစ်မ။ မြန်မာ့စာတိုက်ကလည်း ကမ္ဘာနဲ့အမီ ခေတ်နောက်မကျဘဲ တော်တော်လေး အဆင့်မြင့်မြင့် လုပ်နေကြတာသိလိုက်ရလို့ ဂုဏ်ယူပါတယ် မမရယ်”
“ကျေးဇူးပါညီမလေး။ ဒါနဲ့ အခုဘာပို့ဖို့ရှိသလဲ။ ဘာကူညီပေးရမလဲ”ဆိုပြီး မေးလာသဖြင့် ရန်ကုန်က သူငယ်ချင်းဆီကို စားစရာလေးပို့မည့်အကြောင်း ပြောပြလိုက်ပါသည်။
အဲဒီ မမ က ထပ်ပြီး “နောက်ဆို စာတိုက်ရဲ့ Marketplace ကနေ မြန်မာ့ စားစရာတွေ တိုက်ရိုက်ဝယ်လို့ ရပါတယ်။
shop.myanmarpost.com.mm ကနေ MSME တွေရဲ့ ထုတ်ကုန်တွေရောင်းပေး နေပါတယ်။ စာတိုက်တံဆိပ်ခေါင်းစုချင် တဲ့ ဝါသနာရှင်တွေလည်း ဒီစာတိုက်ရဲ့ Shop ကနေပဲ ဝယ်ယူစုဆောင်းနေကြ တာ”ဆိုပြီး ထပ်ပြောပြပါသည်။
“ဟုတ်လားမမ။ ဒါဆို အိမ်ကဖေဖေက တံဆိပ်ခေါင်းစုတာ ဝါသနာပါတယ်။ စာတိုက်အထိ သွားဝယ်စရာမလို တော့ဘူး၊ အွန်လိုင်းကနေပဲ ဝယ်လို့ရတဲ့အကြောင်း ဖေဖေ့ကိုပြောပြရမယ်။ သူငယ်ချင်းကိုလည်း သူစားချင်တာရှိရင် စာတိုက် Shop ကနေ ဝယ်လို့ရတဲ့အကြောင်း ပြောလိုက်ပါမယ်”
“ဝယ်ရုံတင်မက ရောင်းလို့လည်း ရတယ်နော် ညီမ” ဆိုပြီး ထပ်ပြောပြ သည်။
မေမေက အိမ်၌ ဆိုင်ဖွင့်၍ အိမ်တွင်းစီးပွားရေးအနေဖြင့် ပြည်တွင်းဖြစ် ချည်ထည်များချုပ်ပြီး ရောင်းချနေ သည့်အတွက် အွန်လိုင်းမှ တိုးချဲ့ပြီးရောင်းဖို့စီစဉ်နေတာဆိုတော့ စိတ်ဝင်စားမိသွားပြန်သည်။
ထို့ကြောင့် “Myanmar Post Shop မှာ အွန်လိုင်းကရောင်းပြီး ငွေရောကောက်ပေးပါသလား”ဟု မေးလိုက်သည်။
“ရတာပေါ့။ ကောက်လို့ရတဲ့ငွေတွေကို ညီမလေးရဲ့ Bank Account ထဲ ထည့်ပေးမှာ။ ညီမကို အစ်မတို့ စာတိုက် ရဲ့ e-post system အသုံးပြုခွင့်ပေးပြီး အိမ်ကနေအဆင်သင့်ထုပ်ပိုးပြီးမှ နီးစပ်ရာ စာတိုက်မှာ သွားပို့လို့လည်းရသလို Pick Up ပါ ခေါ်လို့ရတယ်။ ငွေသားလုံးဝကိုင်စရာမလိုတော့ လုပ်ငန်းမှာ ပွင့်လင်းမြင်သာမှုရှိတာပေါ့ကွယ်”
“အဲဒီလိုဆိုရင် တော်တော်ကောင်းပါတယ်။ ညီမ ပြန်လာခဲ့မယ်နော်။ ဘာအချက်အလက်တွေ လိုသလဲမသိဘူး”
“တစ်ခေါက်ပြန်လာနေရမှာ ပင်ပန်း ပါတယ်ကွယ်။ Myanmar Post Website ကနေ လျှောက်ထားရုံပဲ။ လိုအပ်တဲ့ စာရွက်စာတမ်းတွေ အကုန်ဖော်ပြပေးထားပါတယ်။ စာရွက်စာတမ်းပြည့်စုံရင် အခုတစ်ခါတည်း အသုံးပြုခွင့်ရပါတယ်။ အပျောက်အရှအတွက် စိတ်မပူနဲ့နော်။ ပါဆယ်အာမခံ (Parcel Insurance) ယူလို့ရတော့ လုံခြုံစိတ်ချရတာပေါ့ကွယ်”
“အစ်မတို့ စာတိုက်မှာမရတာ ဘာမှ မရှိသလိုပဲနော်”ဟု စနောက်မိသည်။
“ဒါပေါ့ညီမရယ်။ စာတိုက်ရဲ့ Vision က “လူတိုင်းအတွက်မြန်မာ့စာတိုက်- Myanmar Post for Everyone” ပဲလေ” တဲ့။
“တခြားကော ဘာဝန်ဆောင်မှုတွေများ ရှိပါသေးသလဲ”
“ရှေးနှစ်ပေါင်းများစွာကတည်းက လုပ်ခဲ့တဲ့စာ၊ ပစ္စည်းပေးပို့တဲ့လုပ်ငန်းတွေအပြင် လုပ်ငန်းသစ်တွေကိုလည်း တိုးချဲ့လုပ်နေကြတာပါ။ ငွေပို့လွှာလုပ်ငန်းတွေဆို မြန်မာနိုင်ငံမှာ စာတိုက်လုပ်ငန်းစခဲ့တဲ့ ၁၈၂၇ ခုနှစ်လောက်ကတည်းကရှိခဲ့တာ။ နိုင်ငံအနှံ့စာတိုက်တွေအကြားမှာ ငွေပို့လွှာစာရွက်လေးတွေကနေပဲ မိဘနဲ့ သားသမီးအစ၊ မိတ်ဆွေတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေအဆုံး ငွေပို့ခဲ့ကြတာ၊ ရိုးရိုးငွေပို့လွှာကနေပြီး အမြန်ငွေပို့လွှာဆိုပြီး Fax စက်တွေနဲ့ ပိုမိုမြန်ဆန်အောင် ဆောင်ရွက်နိုင်ခဲ့ကြတယ်။ လက်ရှိမှာတော့ Online Money Order ဆိုပြီး ပိုမိုမြင်သာအောင် အချိန် နဲ့တစ်ပြေးညီ သိရှိအောင် လုပ်ထားပြီးပါပြီ။ အခုခေတ်မှာ ဘဏ်တွေပေါ်လာ တော့ ငွေပို့ငွေယူ အများကြီးမရှိတော့ ပေမယ့် ဘဏ်တွေနဲ့ပူးပေါင်းပြီး ငွေသွင်းငွေထုတ် ကိုယ်စားလှယ်အနေနဲ့ ပူးပေါင်းဆောင်ရွက်တာတွေ၊ Mobile Money Agent တွေ ဆက်လုပ်နေပါတယ်”
“တစ်နိုင်ငံလုံးမှာ စာတိုက်ပေါင်း ဘယ်လောက်ရှိပါသလဲ”
“အခုလက်ရှိမှာ ၈၁၅ ရုံးရှိပြီး တစ်နိုင်ငံလုံးနေရာအနှံ့ ကွန်ရက်ဖြန့်ကြက်ထားပါတယ်။ ၁၉၉၂ ခုနှစ် ကတည်းက အမြန်ချောလုပ်ငန်း စတင်ခဲ့ပြီး အခု ရုံး ၃၉၉ ရုံးရှိပြီ။ အမြန်ချောလုပ်ငန်းကို အဆင့်မြှင့်တင်ဖို့ ၂၀၀၉ ခုနှစ် မှာ Domestic Express Mail System (DEMS) ဆိုပြီး Tracking system ကို နည်းပညာအသုံးပြုပြောင်းလဲခဲ့တာပါ။ ၂၀၁၀ မှာ Postal Data Information System ဆိုပြီး တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးမှာရှိတဲ့ စာတိုက်တစ်ခုချင်းစီရဲ့ အချက်အလက်တွေ၊ နေ့စဉ်လုပ်ငန်းဆောင်ရွက်မှု အခြေအနေတွေကို အွန်လိုင်းကတစ်ဆင့် နေ့စဉ်ချိတ်ဆက်ပြီး ကြီးကြပ်ကွပ်ကဲနိုင်ခဲ့တယ်”
“အခုလက်ရှိသုံးနေတဲ့ Delivery Monitoring System ကို ၂၀၁၇ ခုနှစ်မှာ အဲဒီစနစ် နှစ်ခုလုံးပါပြီး တစ်နေရာတည်း ကနေ စာတိုက်လုပ်ငန်းကြီးတစ်ခုလုံးကို ကြီးကြပ်နိုင်နေပါပြီ”
“ညီမလေးတို့ စာတိုက်ကောင်တာမှာ စောင့်ရတဲ့အချိန်သက်သာဖို့ Smart Envelope တွေကိုလည်း အသုံးပြုလို့ရပါတယ်။ ကောင်တာမှာ ဝန်ထမ်းကလိပ်စာတွေ ရိုက်ထည့်ရတဲ့အချိန်ကို စောင့်နေစရာ မလိုတော့ဘူးပေါ့ကွယ်။ Tracking Code ပါပြီးသားဆိုတော့ အဆင်သင့် Application မှာ Trace လိုက်ရုံပါပဲ”
“နည်းပညာတော်တော်သုံးထားတာပဲနော်။ ခုနက ကောင်တာမှာငွေချေတဲ့အခါ MMQR နဲ့ ချေလို့ရတယ်ဆိုတော့ ငွေသားပေးချေမှုတွေ လျော့နည်းသွားမှာ ပေါ့နော်”
“ဟုတ်ပါတယ်။ ကောင်တာမှာ ဝန်ဆောင်ခတွေအားလုံးရော၊ တံဆိပ် ခေါင်းဝယ်တာကအစ အကုန် MMQR သုံးပြီး ပေးဆောင်နိုင်အောင်လုပ်ထားပါတယ်။ ပြီးတော့ လျှပ်စစ်မီတာခပေးချေတာ၊ ကားလက်မှတ်၊ လေယာဉ်လက်မှတ် တွေဝယ်တာ၊ ကားအာမခံ၊ မီးအာမခံ ဝယ်တာစတဲ့ ဝန်ဆောင်မှုအသစ်တွေလည်း ပေးနေပါတယ်။ ပြည်သူတွေ အားလုံးစာတိုက်ကိုရောက်တာနဲ့ လိုအပ်တာမှန်သမျှ ဖြည့်ဆည်းပေးနိုင်အောင် လုပ်ငန်းအသစ်တွေကို တိုးချဲ့လုပ်နေတာပါ။ နိုင်ငံတကာမှာလို အစိုးရနဲ့ပြည်သူအကြား ဆောင်ရွက်ပေးနိုင်တဲ့လုပ်ငန်းတွေအားလုံးကို ချိတ်ဆက်ဆောင်ရွက်နိုင်ဖို့ ကြိုးစားနေပါတယ်”
“အခုလိုသိချင်သမျှ စိတ်ရှည်ရှည်နဲ့ ဖြေပေးတဲ့မမကို အလွန်ကျေးဇူးတင်ပါတယ်”
“အစ်မက ပိုပြီးကျေးဇူးတင်ရမှာပါ။ နိုင်ငံတော်ပိုင်စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်တဲ့ မြန်မာ့စာတိုက်လုပ်ငန်းက ခေတ်အဆက်ဆက် နောက်ကျကျန်မနေဘဲ ပြည်သူတွေအတွက် ဘာတွေလုပ်ပေးနေလဲဆိုတာ ပြောပြပေးခွင့်ရလို့ပါ။ နောင်ပစ္စည်းပို့ချင်ရင် စာတိုက်ကို သတိရလိုက်ပါနော် ညီမ”
ကျေးဇူးတင်စကားပြောပြီး အပြန်လမ်းမှာတော့ ခေတ်ကာလရှည်လျားစွာတည်ရှိနေခဲ့သည့် စာတိုက်လုပ်ငန်းမှာ အခုအချိန်အထိရှင်သန်ရပ်တည်ဖို့၊ ဝင်ငွေတွေတိုးတက်ရရှိဖို့၊ နိုင်ငံတကာအဆင့်မီ လိုက်ပါဆောင်ရွက်ကြိုးစားနေကြသည့် မြန်မာ့စာတိုက်လုပ်ငန်းဝန်ထမ်းများကို လေးစားစိတ်များဖြစ်ပေါ်လာပါသည်။ ယခုလို စာတိုက်ကိုချစ်သည့် စိတ်ဖြင့်ဆက်ကြိုးစားနေကြသော ဝန်ထမ်းများနှင့်သာဆိုလျှင် ကျွန်မတို့ နိုင်ငံ၏စာတိုက်လုပ်ငန်းက ခေတ်အဆက်ဆက်ရှင်သန်နေဦးမည်ဟု ဂုဏ်ယူတွေးတောနေမိပါတော့သည်။ ။

No comments:
Post a Comment