Wednesday, October 7, 2026

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး ကျောင်းသားလူငယ်ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေး ပညာပေးအစီအစဉ်များ ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်လျက်ရှိ

 


နေပြည်တော် အောက်တိုဘာ ၆

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သည် ပညာရေးဝန်ကြီးဌာနနှင့်ပူးပေါင်း၍ ဖြောင့်မတ်တည်ကြည်မှုရှိသည့် အသိုက်အဝန်းကို တည်ဆောက်နိုင်ရန် လူငယ်များ၏ အခန်းကဏ္ဍကို မြှင့်တင်ရန်ရည်ရွယ်၍ လူငယ်ကဏ္ဍ အသိပညာပေးလုပ်ငန်းစဉ်များကို ဆောင်ရွက်လျက်ရှိသည်။

ထို့အတူ ဖြောင့်မတ်တည်ကြည်သည့် လူ့အဖွဲ့အစည်းဖြစ်တည်လာစေရန်၊ အများအကျိုးဆောင်ရွက်ခြင်းနှင့် ကိုယ်ကျိုးရှာခြင်းတို့အကြား ခွဲခြားတွေးတောသည့် အခြေခံစဉ်းစားတွေးခေါ်မှု မှန်ကန်စေရန်အတွက်  ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေးပညာပေး(Edutainment) အစီအစဉ်များကို အခြေခံပညာမူလတန်းနှင့် အလယ်တန်းအဆင့်များမှစတင်၍ အသိပညာပေးအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ လယ်ဝေးမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(အေလာ)၊ မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ် အမှတ်(၁၄)မူလတန်းလွန်ကျောင်းနှင့် ရှမ်းပြည်နယ် ရွှေညောင်မြို့ အခြေခံပညာအထက်တန်းကျောင်း(အောင်သပြေ)တို့တွင် မူလတန်းအဆင့်နှင့် အလယ်တန်းအဆင့် ကျောင်းသား ကျောင်းသူ ၉၀၈ ဦးတို့အား ကော်မရှင်ရုံးနှင့်ကော်မရှင်ရုံးခွဲရှိဝန်ထမ်းများက ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေးပညာပေးအစီအစဉ်(ဆရာကိုင်)စာအုပ်များမှ သင်ခန်းစာပါ အကြောင်းအရာများကိုအခြေခံ၍  အသိပညာပေးဆွေးနွေးဆောင်ရွက်ခဲ့ကြောင်းနှင့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွင်း ကော်မရှင်ရုံးနှင့်ရုံးခွဲများရှိ ဝန်ထမ်းများက နေပြည်တော်ကောင်စီနယ်မြေအပါအဝင် ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ မော်လမြိုင်မြို့များနှင့် နီးစပ်ရာမြို့များရှိ အခြေခံပညာကျောင်းများ၌ Edutainment အစီအစဉ်များ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment