Thursday, October 29, 2026

မသန်သော်လည်း စွမ်းခဲ့သည် မြန်မာ့ဂုဏ်ကို အာရှအားကစားစင်မြင့်ထက်တွင် မြှင့်တင်ခဲ့သူ မသန်စွမ်းရေကူးအားကစားသမား ညီညီလင်းထက်

 ဦးအောင်သူ(အား/ကာ)

လူ့ဘဝတွင် အောင်မြင်မှုဟူသည် မွေးရာပါအရည်အချင်းတစ်ခုတည်းဖြင့် ရရှိလာခြင်းမဟုတ်ပေ။ မိမိ၏ရည်မှန်းချက်ကို မယိမ်းမယိုင်ဆုပ်ကိုင်ထားနိုင်မှု၊ အခက်အခဲများကို ဇွဲလုံ့လဖြင့် ရင်ဆိုင်ကျော်လွှားနိုင်မှုနှင့် မဆုတ်မနစ်ကြိုးစားအားထုတ်မှုတို့ ပေါင်းစည်းရာမှ အောင်မြင်မှုဟူသော အသီးအပွင့်ကို ရရှိလာခြင်း ဖြစ်ပါသည်။

အထူးသဖြင့် မသန်စွမ်းမှုဆိုင်ရာ အခက်အခဲများကို ရင်ဆိုင်နေရသူတစ်ဦးအတွက် အားကစားနယ်ပယ်၌ နိုင်ငံတကာအဆင့်အထိ ယှဉ်ပြိုင်အောင်မြင်နိုင်ခြင်းက သာမန်အောင်မြင်မှုတစ်ရပ်မျှသာ မဟုတ်ပေ။ ယင်းသည် မိမိကိုယ်ကို ယုံကြည်မှု၊ မလျှော့သေ ဇွဲလုံ့လနှင့် စိတ်ဓာတ်ခွန်အားတို့၏ ထင်ရှားသည့် သက်သေတစ်ခုပင်ဖြစ်ပါသည်။

၂၀၂၆ ခုနှစ် အောက်တိုဘာလ ၁၈ ရက်နေ့မှ ၂၄ ရက်နေ့အထိ ဂျပန်နိုင်ငံ နာဂိုယာမြို့၌ ကျင်းပခဲ့သည့် (၅)ကြိမ်မြောက် အာရှမသန်စွမ်းသူများအားကစားပြိုင်ပွဲသို့ မြန်မာနိုင်ငံကိုယ်စားပြု မသန်စွမ်းအားကစားအဖွဲ့မှ အားကစားသမားများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ မြန်မာနိုင်ငံ မသန်စွမ်းအားကစားအဖွဲ့ချုပ်မှ မသန်စွမ်းရေကူးအားကစားသမား ညီညီလင်းထက်သည် ထူးခြားပြောင်မြောက်သည့် အောင်မြင်မှုများကို ရယူနိုင်ခဲ့သည်။ ၎င်းသည် ရေကူးအားကစားနည်း S3/S4 အဆင့် မီတာ ၅၀ အလွတ်ကူးပြိုင်ပွဲ၊ မီတာ ၁၀၀ အလွတ်ကူးပြိုင်ပွဲနှင့် မီတာ ၅၀ ရင်ပေါင်တန်းကူးပြိုင်ပွဲတို့တွင် ကြေးတံဆိပ်ဆု သုံးခု၊ မီတာ ၁၅၀ တစ်ဦးချင်း လေးမျိုးကူးပြိုင်ပွဲတွင် ငွေတံဆိပ်ဆုတစ်ခု စုစုပေါင်း ဆုတံဆိပ်လေးခုကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရယူပေးနိုင်ခဲ့သည်။

ထို့အပြင် ညီညီလင်းထက်သည် အရှေ့တောင်အာရှ မသန်စွမ်းရေကူးပြိုင်ပွဲတွင်လည်း ရွှေတံဆိပ်ဆု သုံးခုအထိ ဆွတ်ခူးရရှိခဲ့သူဖြစ်ပါသည်။ အရှေ့တောင်အာရှအဆင့်ပြိုင်ပွဲ စင်မြင့်မှသည် အာရှ အဆင့်အားကစားပြိုင်ပွဲကြီးအထိ ဝင်ရောက်ယှဉ်ပြိုင်ကာ ထူးချွန်သည့်ရလဒ်များ ရယူနိုင်ခဲ့ခြင်းက ၎င်း၏ အားကစားစွမ်းရည်၊ လေ့ကျင့်ရေးအပေါ် အလေးထားမှုနှင့် အောင်မြင်မှုရရှိရန် မဆုတ်မနစ် ကြိုးပမ်းအားထုတ်မှုတို့ကို ဖော်ပြနေသည်။ အရှေ့တောင်အာရှ အဆင့်ပြိုင်ပွဲတွင် ရွှေတံဆိပ် သုံးခုနှင့် အာရှအဆင့်ပြိုင်ပွဲတွင် ငွေတံဆိပ် တစ်ခု၊ ကြေးတံဆိပ် သုံးခုတို့သည် ၎င်း၏ အားကစားခရီးလမ်းတွင် သမိုင်းမှတ်တိုင်များအဖြစ်သာမက မြန်မာ့မသန်စွမ်းအားကစားလောကအတွက်လည်း ဂုဏ်ယူဖွယ်ရာ အောင်မြင်မှုများဖြစ်ပါသည်။

နိုင်ငံတကာပြိုင်ပွဲတစ်ခုတွင် အောင်မြင်မှုရရှိရန်ဆိုသည်မှာ ပြိုင်ပွဲကျင်းပသည့်နေ့တွင် အကောင်းဆုံး ယှဉ်ပြိုင်နိုင်ရုံမျှဖြင့် မလုံလောက်ပေ။ ပြိုင်ပွဲမတိုင်မီကတည်းက အချိန်မှန်မှန်လေ့ကျင့်ခြင်း၊ နည်းစနစ် ပိုင်းဆိုင်ရာတိုးတက်အောင်ကြိုးစားခြင်း၊ ကိုယ်ခန္ဓာကြံ့ခိုင်မှုကို ထိန်းသိမ်းခြင်း၊ စိတ်ဓာတ်ကြံ့ခိုင်မှုကို တည်ဆောက်ခြင်းနှင့် မိမိ၏ အားနည်းချက်များကို ပြုပြင်ဖြည့်ဆည်းခြင်းတို့ လိုအပ်လှပေသည်။ မသန်စွမ်းအားကစားသမားတစ်ဦးအတွက်မူ မိမိ၏အခြေအနေနှင့်ကိုက်ညီသော လေ့ကျင့်ရေးနည်းလမ်း များကို ရှာဖွေကျင့်သုံးရင်း ပြိုင်ဘက်များနှင့် တန်းတူယှဉ်ပြိုင်နိုင်ရန် ပိုမိုကြိုးစားအားထုတ်ရလေ့ရှိပါသည်။

ညီညီလင်းထက်၏ အောင်မြင်မှုနောက်ကွယ်တွင်လည်း လေ့ကျင့်မှု၊ ဇွဲလုံ့လနှင့် မိမိကိုယ်ကို ယုံကြည်မှုတို့ အရေးပါသည့်အခန်းကဏ္ဍမှ ပါဝင်နေမည်ဖြစ်ပြီး ရေကူးအားကစားသည် ခန္ဓာကိုယ်လှုပ်ရှားမှုနှင့် အသက်ရှူစည်းချက်ကို ထိန်းညှိရသည့်အပြင် အချိန်နှင့်အမျှ မိမိ၏စွမ်းရည်ကို မြှင့်တင်နိုင်ရန် စနစ်တကျ လေ့ကျင့်ရသော အားကစားနည်းတစ်မျိုးဖြစ်ပါသည်။ ထိုကဲ့သို့သော အားကစားနယ်ပယ်တွင် အာရှအဆင့် ဆုတံဆိပ်များ ရယူနိုင်ခြင်းက ညီညီလင်းထက်၏ ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြု ဂုဏ်ပြုထိုက်သည့် အောင်မြင်မှုတစ်ရပ်ဖြစ်ကြောင်း ဂုဏ်ပြုလိုပါသည်။

မသန်စွမ်းမှုသည် အကန့်အသတ်တစ်ခု ဖြစ်နိုင်သော်လည်း အိပ်မက်များကို ပိတ်ပင်ထားသည့် တံတိုင်းတစ်ခု မဖြစ်သင့်ပေ။ ညီညီလင်းထက်၏ အောင်မြင်မှုက ထိုအချက်ကို ထင်ရှားစွာ ဖော်ပြနေသည်။ မိမိ၌ရှိသော အားသာချက်များကို ရှာဖွေဖော်ထုတ်ပြီး အားနည်းချက်များကို လေ့ကျင့်မှုဖြင့် ဖြည့်ဆည်းကာ အခက်အခဲများကို စိတ်ဓာတ်ခွန်အားဖြင့် ကျော်လွှားနိုင်ပါက မိမိရည်မှန်းထားသည့် ပန်းတိုင်သို့ တစ်ဆင့်ပြီးတစ်ဆင့် ချဉ်းကပ်နိုင်မည်ဖြစ်သည်။ ထို့ကြောင့် ၎င်း၏ အောင်မြင်မှုသည် မသန်စွမ်းအားကစားသမားများအတွက်သာမက ဘဝတွင် အခက်အခဲအမျိုးမျိုးနှင့် ရင်ဆိုင်နေရသူ တိုင်းအတွက် အားကျအတုယူဖွယ်ရာ သင်ခန်းစာတစ်ရပ်ဖြစ်လာနိုင်ပေသည်။

အားကစားသည် ခန္ဓာကိုယ်ကြံ့ခိုင်ရေးအတွက်သာ အရေးပါသည်မဟုတ်ပေ။ စိတ်ဓာတ်ကြံ့ခိုင်မှု၊ စည်းကမ်းလိုက်နာမှု၊ အချင်းချင်းလေးစားမှု၊ မိမိကိုယ်ကို ယုံကြည်မှုနှင့် မိမိ စွမ်းရည်ကို အကောင်းဆုံးအသုံးချတတ်မှုတို့ကိုလည်း ပျိုးထောင်ပေးနိုင်သည်။ မသန်စွမ်းအားကစားသည် ယင်းတန်ဖိုး များကို ပိုမိုထင်ရှားစွာဖော်ပြနေသည့် အားကစားနယ်ပယ်တစ်ခုဖြစ်သည်။ အနိုင်ရရှိခြင်းနှင့် ဆုတံဆိပ် ရရှိခြင်းတို့အပြင် မိမိ၏အခက်အခဲကို ရင်ဆိုင်ပြီး ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်နိုင်ခြင်း၊ မိမိ၏စွမ်းရည်ကို အမြင့်ဆုံးအဆင့်အထိ ဖော်ထုတ်ပြသနိုင်ခြင်းတို့သည်လည်း တန်ဖိုးကြီးမားသည့် အောင်မြင်မှုများ ပင်ဖြစ်သည်။

ညီညီလင်းထက်၏ အောင်မြင်မှုသည် မသန်စွမ်းအားကစားသမားများအတွက် အခွင့်အလမ်းများ ဖန်တီးပေးခြင်းနှင့် သင့်လျော်သော ပံ့ပိုးကူညီမှုများ ပေးအပ်ခြင်းတို့၏ အရေးပါမှုကိုလည်း မီးမောင်း ထိုးပြနေသည်။ အားကစားလေ့ကျင့်ခွင့်၊ အရည်အသွေးပြည့်ဝသည့် နည်းပြစနစ်များ၊ အားကစား အထောက်အကူပြုပစ္စည်းများ၊ ကျန်းမာရေးဆိုင်ရာ ပံ့ပိုးမှုများနှင့် လူမှုအသိုင်းအဝိုင်း၏ နားလည်လက်ခံ အားပေးမှုတို့သည် မသန်စွမ်းအားကစားသမားများ၏ အရည်အချင်းကို ပိုမိုတောက်ပလာစေမည့် အခြေခံအုတ်မြစ်များဖြစ်ကြသည်။ ထူးချွန်သည့် အားကစားသမားတစ်ဦး၏ အောင်မြင်မှုကို ဂုဏ်ပြုရုံသာမက နောင်လာမည့် မျိုးဆက်သစ်မသန်စွမ်းအားကစားသမားများလည်း မိမိတို့၏ အိပ်မက်များကို အကောင်အထည်ဖော်နိုင်ရန် အားပေးပံ့ပိုးသည့် ပတ်ဝန်းကျင်တစ်ရပ်ကို တည်ဆောက်သင့်ပေသည်။

ထို့ပြင် ညီညီလင်းထက်၏ အောင်မြင်မှုသည် လူငယ်လူရွယ်များအား ပေးအပ်သည့် တန်ဖိုးရှိသော သတင်းစကားတစ်ရပ်လည်း ဖြစ်ပါသည်။ ဘဝတွင် အခက်အခဲများ ကြုံတွေ့လာသည့်အခါ လက်လျှော့အရှုံးပေးခြင်းထက် မိမိ၏ရည်မှန်းချက်ကို ပြန်လည်သုံးသပ်ကာ လိုအပ်သည့်ပြင်ဆင်မှု များပြုလုပ်ပြီး ဆက်လက်ကြိုးစားသင့်သည်။ အောင်မြင်မှုသည် တစ်ရက်တည်းဖြင့် ရောက်ရှိလာ ခြင်းမဟုတ်ဘဲ နေ့စဉ် ကြိုးစားအားထုတ်မှုများကို စုစည်းတည်ဆောက်ထားသည့် ရလဒ်ဖြစ်ပြီး မိမိကိုယ်ကို ယုံကြည်မှုရှိခြင်း၊ စည်းကမ်းရှိခြင်း၊ အချိန်ကို တန်ဖိုးထားခြင်းနှင့် ရှုံးနိမ့်မှုများမှ သင်ယူနိုင်ခြင်းတို့သည် အောင်မြင်မှုဆီသို့ ပို့ဆောင်ပေးမည့် အရေးကြီးသော အရည်အသွေးများဖြစ်ပါသည်။

မြန်မာနိုင်ငံကိုယ်စားပြု မသန်စွမ်းရေကူး အားကစားသမား ညီညီလင်းထက်၏ အောင်မြင်မှုများအတွက် လှိုက်လှဲစွာ ဂုဏ်ယူဝမ်းမြောက်မိပါသည်။ အရှေ့တောင်အာရှ မသန်စွမ်းရေကူးပြိုင်ပွဲ တွင် ရွှေတံဆိပ်ဆု သုံးခု ရယူနိုင်ခဲ့ခြင်းနှင့် အာရှအဆင့်ပြိုင်ပွဲတွင် ငွေတံဆိပ် တစ်ခု၊ ကြေးတံဆိပ် သုံးခု ဆွတ်ခူးနိုင်ခဲ့ခြင်းတို့က ၎င်း၏ အားကစားစွမ်းရည်နှင့် ကြိုးစားအားထုတ်မှုကို ထင်ရှားစေသည့် ရလဒ်များဖြစ်ပေသည်။ ထိုအောင်မြင်မှုများ အတွက် အားကစားသမားကိုယ်တိုင်သာမက လေ့ကျင့်သင်ကြားပေးခဲ့သည့် နည်းပြများ၊ စီမံခန့်ခွဲရေးဆိုင်ရာ တာဝန်ရှိသူများနှင့် အားပေးကူညီခဲ့ကြ သူအားလုံးကိုလည်း အသိအမှတ်ပြု ဂုဏ်ပြုအပ်ပါသည်။

အဆုံးသတ်အားဖြင့် ညီညီလင်းထက်၏ အောင်မြင်မှုကိုကြည့်ရှုရာတွင် ကျွန်ုပ်တို့အားလုံး သင်ယူရမည့် အချက်တစ်ချက်မှာ လူတစ်ဦး၏ တန်ဖိုးကို ၎င်း၏ အကန့်အသတ်များဖြင့် တိုင်းတာ၍မရခြင်းပင်ဖြစ်သည်။ အမှန်တကယ် တန်ဖိုးရှိသည်မှာ မိမိ၌ရှိသော စွမ်းရည်ကို ယုံကြည်ခြင်း၊ အခက်အခဲကို ရင်ဆိုင်ခြင်းနှင့် ပန်းတိုင်ရောက်သည်အထိ မဆုတ်မနစ် ကြိုးစားခြင်းတို့ဖြစ်ကြသည်။ ညီညီလင်းထက်က မသန်စွမ်းမှုကို အကြောင်းပြု၍ နောက်ဆုတ်မနေဘဲ မိမိ၏စွမ်းရည်ဖြင့် နိုင်ငံ့ဂုဏ်ကို မြှင့်တင်ပြသနိုင်ခဲ့သူတစ်ဦးလည်းဖြစ်ပါသည်။

“မသန်သော်လည်း စွမ်းခဲ့သည် ။” “မလွယ်ကူသော်လည်း ကြိုးစားခဲ့သည်။” “အခက်အခဲများ ရှိသော်လည်း ပန်းတိုင်ကို မျက်ခြည်မပြတ်ခဲ့ပေ။” ထိုကြိုးစားအားထုတ်မှု၏ အသီးအပွင့်အဖြစ် ရရှိခဲ့သည့် ဆုတံဆိပ်များသည် ညီညီလင်းထက်၏ အောင်မြင်မှုကိုသာမက မြန်မာ့မသန်စွမ်း အားကစားလောက၏ မျှော်လင့်ချက်နှင့် စိတ်ဓာတ်ခွန်အားကိုပါ ကိုယ်စားပြုလျက်ရှိသည်။

မြန်မာ့ဂုဏ်ကို အရှေ့တောင်အာရှနှင့် အာရှအားကစားစင်မြင့်များထက်တွင် မြှင့်တင်ပေးခဲ့သော မသန်စွမ်းရေကူးအားကစားသမား ညီညီလင်းထက်အား လှိုက်လှဲစွာ ဂုဏ်ပြုချီးကျူးအပ်ပါသည်။ ရှေ့ဆက်မည့် အားကစားခရီးလမ်းတွင်လည်း အောင်မြင်မှုများ ပိုမိုဆွတ်ခူးနိုင်ပြီး မြန်မာနိုင်ငံ၏ ဂုဏ်သိက္ခာကို ဆက်လက်မြှင့်တင်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။ ။

No comments:

Post a Comment