သိန်းထွန်း(IR)
နိုင်ငံတစ်နိုင်ငံအတွက် အလွန်အရေးပါသောအုပ်ချုပ်ရေးဆိုသည့် ဝေါဟာရသည် အများသဘောတူသတ်မှတ်ထားသော အဓိပ္ပာယ်ဖွင့်ဆိုချက်မရှိသေးဘဲ အဓိကအားဖြင့် လုပ်ငန်းစဉ်အခြေပြု အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် ရလဒ်အခြေပြု အဓိပ္ပာယ်ဖွင့်ဆိုချက်ဟူ၍ နှစ်မျိုးခွဲခြား၍ ဖွင့်ဆိုကြပါသည်။
နိုင်ငံတစ်နိုင်ငံအတွက် အလွန်အရေးပါသော
အုပ်ချုပ်ရေးဆိုသည့် ဝေါဟာရသည် အများသဘောတူသတ်မှတ်ထားသော အဓိပ္ပာယ်ဖွင့်ဆိုချက်မရှိသေးဘဲ
အဓိကအားဖြင့် လုပ်ငန်းစဉ်အခြေပြု အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် ရလဒ်အခြေပြု အဓိပ္ပာယ်ဖွင့်ဆိုချက်ဟူ၍
နှစ်မျိုးခွဲခြား၍ ဖွင့်ဆိုကြပါသည်။
အဓိကအားဖြင့် “အုပ်ချုပ်ရေး”ဟူသော ဝေါဟာရကို
အုပ်ချုပ်ရေးဆိုင်ရာ အဖွဲ့အစည်းများက ဆောင်ရွက်သည့် လုပ်ငန်းများ၏ထိရောက်မှုကို အဓိကထားရည်ညွှန်းကြပါသည်။
အုပ်ချုပ်ရေးကို အဓိကတာဝန်ယူသည့် အုပ်ချုပ်ရေးမဏ္ဍိုင်သည် အခြားအစိုးရမဏ္ဍိုင်များထက်
အများပြည်သူဆိုင်ရာ ဝန်ဆောင်မှုများ၊ လုံခြုံရေး၊ အခြေခံအဆောက်အအုံများ၊ အိမ်ရာနှင့်
အခြားအများပြည်သူဆိုင်ရာ အခြေခံအကျိုးပြုဝန်ဆောင်မှုများကို ပံ့ပိုးပေးရန် ပိုမိုတာဝန်ရှိသည့်အတွက်
ယင်း၏ ဆောင်ရွက်နိုင်စွမ်းသည် ပြည်သူလူထုအတွက် အထူးအရေးကြီး သည့် ကဏ္ဍတစ်ရပ်ဖြစ်ပါသည်။
အုပ်ချုပ်ရေးကဏ္ဍ ကောင်းမွန်ထိရောက်လာသည်နှင့်အမျှ
နိုင်ငံရေရှည်ဖွံ့ဖြိုးတိုးတက်မှု၊ လုံခြုံရေး၊ ကျန်းမာရေး၊ ပညာရေး၊ အခြေခံအဆောက်အအုံများနှင့်
ဥပဒေစိုးမိုးရေးကဲ့သို့သော အများပြည်သူဆိုင်ရာ အကျိုးပြုဝန်ဆောင်မှုများကို ပံ့ပိုးပေးနိုင်သည့်
စွမ်းရည်ကို ရရှိစေပါသည်။
ထိရောက်သည့်အုပ်ချုပ်ရေးသည် နိုင်ငံတစ်နိုင်ငံအတွက်
အလွန်အရေးပါသည့်စနစ် ဖြစ်ပါသည်။ ထိရောက်သောအုပ်ချုပ်ရေးစနစ်သည် မူဝါဒများကို အကောင်အထည်ဖော်နိုင်ရန်
လိုအပ်သည့်အဖွဲ့အစည်း၊ လုပ်ထုံးလုပ်နည်းနှင့် ပူးပေါင်းဆောင်ရွက်မှုစနစ်များကို ပံ့ပိုးပေးခြင်းကြောင့်
နိုင်ငံ၏ ရည်မှန်းချက်များ၊ မူဝါဒများ စတင်ချမှတ်သည့်အချိန်မှစ၍ လက်တွေ့အကောင်အထည်ဖော်ပြီးစီးသည်အထိ
အဓိကအရေးပါပါသည်။ ထိရောက်သည့်အုပ်ချုပ်ရေးသည် အုပ်ချုပ်ရေးရည်မှန်းချက်များနှင့် မူဝါဒများကို
အကောင်အထည်ဖော်ရန်အတွက် အဖွဲ့အစည်းဆိုင်ရာ ဖွဲ့စည်းပုံများအဖြစ်သာမက ပြောင်းလဲတိုးတက်နေသည့်
လူ့အဖွဲ့အစည်းကို စီမံအုပ်ချုပ်ရာတွင် ခေတ်နှင့်လိုက်လျောညီထွေရှိပြီး ယင်းနှင့်ကိုက်ညီသည့်နည်းလမ်းများ
အသုံးပြု အကောင်အထည်ဖော်ရန်အတွက်လည်း အရေးပါပါသည်။
တစ်နည်းအားဖြင့် အုပ်ချုပ်ရေးသည် မူဝါဒများကို
အကောင်အထည်ဖော်ပေးရုံသာမက လူမှုအဖွဲ့အစည်း ပြောင်းလဲတိုးတက်စေရန်အတွက် အုပ်ချုပ်မှုပုံစံအသစ်များ
ဖန်တီးအသုံးချရသည့် ယန္တရားတစ်ရပ်ဖြစ်ပါသည်။ သို့မှသာ ခေတ်အခြေအနေနှင့် ကိုက်ညီသည့်
အုပ်ချုပ်မှုပုံစံရရှိပြီး ထိရောက်မှုရရှိ စေပါသည်။
ကမ္ဘာ့ဘဏ်၏ governance framework တွင်
“ကောင်းမွန်သော အုပ်ချုပ်မှုစနစ်ဆိုသည်မှာ လုပ်ငန်းစဉ်၏အရည်အသွေးကို ရည်ညွှန်းကြောင်း”
(good governance refers to the quality of the process)ဟု ဖော်ပြထားပြီး good governance
၏ အစိတ်အပိုင်းများတွင် ထိရောက်မှု၊ တန်းတူညီမျှမှုနှင့် ပြည်သူ့အကျိုးစီးပွားကို ဦးတည်သော
အုပ်ချုပ်မှုစနစ်ပါဝင်ကြောင်း ဆိုပါသည်။
ထို့အပြင် ထိရောက်သော အုပ်ချုပ်မှုစနစ်ရရှိစေသည့်
မဟာဗျူဟာများတွင် ပွင့်လင်းမြင်သာမှုရှိခြင်း၊ ပြည်သူ့ရေးရာကိစ္စရပ်များတွင် နိုင်ငံသားများ
ပါဝင်ဆောင်ရွက်ခြင်းနှင့် ရပ်ရွာလူထုအား ဝန်ဆောင်မှုများကို ပိုမိုနီးကပ်စွာ ပေးအပ်ခြင်းတို့
ပါဝင်ကြောင်းလည်း ဆိုပါသည်။ လက်တွေ့ပြည်သူ့အုပ်ချုပ်ရေးအဆင့်တိုင်းတွင်လည်း ကောင်းမွန်ထိရောက်သည့်
အုပ်ချုပ်ရေးသည် အခြေခံလိုအပ်ချက်တစ်ရပ်ဖြစ်ပါသည်။
ဒေသန္တရအဆင့် အုပ်ချုပ်စီမံခန့်ခွဲမှုဆိုသည်မှာ
ခရိုင်၊ မြို့နယ် သို့မဟုတ် ဒေသအဆင့်များတွင် နိုင်ငံသားများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့်
အခြားသက်ဆိုင်သူများ ပူးပေါင်းပါဝင်လျက် ဆုံးဖြတ်ချက်များချမှတ်ခြင်းနှင့် အကောင်အထည်ဖော်ခြင်းလုပ်ငန်းစဉ်များကို
ဆိုလိုပါသည်။ ဒေသန္တရ အစိုးရသည် အစိုးရအဆင့်များအနက် ပြည်သူများနှင့် အနီးစပ်ဆုံး၊
အလွယ်ကူဆုံး ဆက်သွယ်လုပ်ကိုင်ရသည့် အုပ်ချုပ်ရေးအဖွဲ့အစည်းဖြစ်ပါသည်။ ပြည်သူများအနေဖြင့်
အခြေခံဝန်ဆောင်မှုများကို ရယူရန်၊ အများပြည်သူဆိုင်ရာ လုပ်ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက်ရန်နှင့်
မိမိတို့၏ အခွင့်အရေးများနှင့် တာဝန်ဝတ္တရားများကို လုပ်ဆောင်ရွက်ရန်အတွက် ဒေသန္တရအုပ်ချုပ်ရေးမှာ
တိုက်ရိုက်အကျဆုံးသော နည်းလမ်းတစ်ခုဖြစ်ပါသည်။
သို့ဖြစ်၍ ထိရောက်သော ဒေသန္တရအုပ်ချုပ်ရေးစနစ်သည်
နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသဖွံ့ဖြိုး တိုးတက်ရေးနှင့် ဒေသန္တရအားလုံး တန်းတူညီမျှ
ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော်ရာတွင် အဓိကအချက်အချာဖြစ်ပါသည်။ ထို့အပြင် မြို့ပြနှင့်
ကျေးလက်ဒေသများရှိ ပြည်သူများ၏ လူနေမှုဘဝ အရည်အသွေးမြှင့်တင်ရေး၊ လူ့အဖွဲ့အစည်းအတွင်း
မညီမျှမှုများလျှော့ချရေး၊ ပြည်သူများနှင့် အစိုးရ အဖွဲ့အစည်းများအကြား ဆက်ဆံရေးပိုမိုကောင်းမွန်စေရေးနှင့်
လူနည်းစုအုပ်စုများ၏ အသံနှင့် လိုအပ် ချက်များကို ဖော်ပြခွင့်ရမည့် နေရာတစ်ခုဖန်တီး
ပေးရေးတို့တွင် ဒေသန္တရအစိုးရများသည် အရေးပါသည့် အပြောင်းအလဲကို ဖော်ဆောင်ပေးနိုင်ပါသည်။
နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူ့ဝန်ဆောင်မှုများအားလုံး
ထိရောက်စွာ အကောင်အထည်ဖော်ရာတွင် ဗဟိုအစိုးရတစ်ခုတည်းက တာဝန်ယူလုပ်ဆောင်ခြင်းအပြင်
ယင်းလုပ်ငန်းတာဝန်များတွင် ဒေသန္တရအဆင့်အစိုးရများ ပိုမိုပူးပေါင်းပါဝင်လာစေရန်အတွက်
အခြေခံအားဖြင့် အောက်ပါအချက်သုံးချက် လိုအပ်ပါသည် -
(၁) ရင်းနှီးမြှုပ်နှံမှုနှင့်
ဝန်ဆောင်များပေးအပ်ရာတွင် ဒေသများ၏ အခန်းကဏ္ဍကို တိုးမြှင့်ခြင်း၊
(၂) နိုင်ငံတော်၊
ဒေသနှင့် ဒေသန္တရအဆင့်များအကြား တာဝန်နှင့် လုပ်ပိုင်ခွင့်များ ခွဲဝေ၍ ပူးပေါင်းဆောင်ရွက်ခြင်း၊
(၃) နိုင်ငံတစ်ဝန်းလုံးအတွက်
မူဝါဒတစ်မျိုးတည်း သတ်မှတ်ခြင်းထက် ဒေသတစ်ခုချင်းစီ၏ စီးပွားရေး၊ လူမှုရေး၊ ပထဝီဝင်နှင့်
လိုအပ်ချက်များကို ထည့်သွင်းစဉ်းစား၍ မူဝါဒချမှတ်ခြင်း၊
ယင်းသို့ လုပ်ဆောင်ခြင်းဖြင့် အုပ်ချုပ်ရေးတာဝန်များနှင့်
ဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင် အထည်ဖော်ရာတွင် ဒေသန္တရအုပ်ချုပ်ရေး၏ အခန်းကဏ္ဍကိုတိုးမြှင့်စေပြီး
ယင်းသည် ထိရောက်သော အဆင့်လိုက်အုပ်ချုပ်ရေးအတွက် အရေးပါသော နည်းလမ်းတစ်ရပ်လည်းဖြစ်ကြောင်း
OECD က ဆိုပါသည်။
ဒေသန္တရအုပ်ချုပ်ရေး ထိရောက်ကောင်းမွန်လာခြင်းဖြင့်
နိုင်ငံသားများ၏ လိုအပ်ချက်များနှင့် ဦးစားပေးအချက်များကို ဆုံးဖြတ်ချက်များ ချမှတ်ရာတွင်
ပိုမိုအထောက်အကူရရှိစေပါသည်။ ယင်းသည် အစိုးရယန္တရားကို ပြည်သူများနှင့် ပိုမိုနီးကပ်စေပြီး
ပြည်သူ့လိုအပ်ချက်များကို လျင်မြန်စွာ တုံ့ပြန်ဆောင်ရွက်စေနိုင်သဖြင့် အုပ်ချုပ်ရေးအဖွဲ့အစည်းနှင့်
ပြည်သူလူထုအကြား ယုံကြည်မှု တည်ဆောက်ပေးနိုင်သည့်အပြင် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းစဉ်များကို
ပိုမိုထိရောက်စေပါသည်။ ယင်းသည် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထိရောက်သော နည်းလမ်းတစ်ရပ်လည်း
ဖြစ်ပါသည်။
ဒေသန္တရအုပ်ချုပ်ရေးစနစ်နှင့်ပတ်သက်၍ နိုင်ငံတစ်နိုင်ငံနှင့်
တစ်နိုင်ငံကွဲပြားမှုများရှိကြသော်လည်း ထိရောက်သော ဒေသန္တရအုပ်ချုပ်ရေးစနစ် ဖြစ်လာရန်အတွက်
အောက်ပါအခြေခံအချက်များအပေါ်အခြေခံ၍ တည်ဆောက်ကြပါသည် -
(၁) ပါဝင်ဆောင်ရွက်ခွင့်။
နိုင်ငံသားများသည် ဆုံးဖြတ်ချက်ချမှတ်သည့် လုပ်ငန်းစဉ်များနှင့် ဒေသဆိုင်ရာမူဝါဒများကို
ပုံဖော်ရာတွင် ပါဝင်ခွင့်ရှိခြင်း၊
(၂) ပွင့်လင်းမြင်သာမှုနှင့်
တာဝန်ယူမှု။ အုပ်ချုပ်မှုလုပ်ငန်းစဉ်များကို ပွင့်လင်းမြင်သာစွာ လုပ်ဆောင်ခြင်း၊ သတင်းအချက်အလက်များ
မျှဝေခြင်းနှင့် တာဝန်ခံမှုရှိစေခြင်း၊
(၃) တုံ့ပြန်ဆောင်ရွက်နိုင်စွမ်း။
အဖွဲ့အစည်းများသည် ဒေသနှင့်လူထု၏ လိုအပ်ချက်များကို လျင်မြန်ထိရောက်စွာ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ခြင်း၊
(၄) တန်းတူညီမျှမှုနှင့်
အားလုံးပါဝင်နိုင်မှု။ မူဝါဒများ၊ ဝန်ဆောင်မှုများနှင့်ပတ်သက်၍ အမျိုးသမီးများ၊ လူငယ်များနှင့်
လူနည်းစုများအပါအဝင် လူ့အဖွဲ့အစည်းအတွင်းရှိ အုပ်စုအားလုံးထံသို့ အကျိုးသက်ရောက်မှု
ရှိစေခြင်း၊
(၅) တရားဥပဒေစိုးမိုးရေး။
ဆုံးဖြတ်ချက်များကို တရားမျှတမှုရှိစေပြီး နိုင်ငံသားများ၏ အခွင့်အရေးများကို ကာကွယ်ပေးသည့်
ဥပဒေဘောင်အတွင်းမှ ချမှတ်ဆောင်ရွက်ခြင်း။
(၆) ထိရောက်မှုနှင့်
စွမ်းဆောင်ရည်မြင့်မားမှု။ လူထုအတွက် လက်တွေ့ကျသော ရလဒ်များရရှိစေရန် ပြည်သူပိုင်အရင်းအမြစ်များကို
တာဝန်သိစိတ်ဖြင့် အသုံးပြုခြင်း။
ယင်းအခြေခံအချက်များသည် ဒေသန္တရအုပ်ချုပ်ရေးစီမံခန့်ခွဲမှုဆိုင်ရာ
လုပ်ငန်းစဉ်အဖြစ်သက်သက်မှ နိုင်ငံသားများနှင့် အစိုးရတို့အကြား တာဝန်ကို အတူတကွ ပူးတွဲထမ်းဆောင်သည့်
လုပ်ငန်းစဉ်တစ်ခုအဖြစ်သို့ ပြောင်းလဲပေးပါသည်။ သို့မှသာ ထိရောက်သော ဒေသန္တရအုပ်ချုပ်ရေးစနစ်သို့
ပြောင်းလဲနိုင်မည်ဖြစ်ပါသည်။
ထို့အပြင် ထိရောက်သော အုပ်ချုပ်ရေးတစ်ရပ်
ဖြစ်ပေါ်လာရန် အစိုးရအဖွဲ့အစည်းများ တည်ရှိနေရုံမျှဖြင့် ထိရောက်ရန်ခက်ခဲပါသည်။ ထိရောက်သော
အုပ်ချုပ်ရေးတစ်ရပ်ဖြစ်ရန်အတွက် တာဝန်ခံမှု၊ ပွင့်လင်းမြင်သာမှု၊ ပြည်သူများ၏ ပါဝင်ဆောင်ရွက်မှု၊
တုံ့ပြန်ဆောင်ရွက်နိုင်မှု၊ ထိရောက်မှုနှင့် တရားဥပဒေစိုးမိုးရေးတို့လည်း ပါဝင်ရန်လိုအပ်မည်ဖြစ်ပါသည်။
ထိုသို့ ကျယ်ပြန့်သော အုပ်ချုပ်ရေးမူဘောင်အတွင်း၌ ဒေသန္တရအုပ်ချုပ်ရေးအနေဖြင့် အစိုးရအဖွဲ့အစည်းများနှင့်
ဝန်ဆောင်မှုပေးရသော ပြည်သူများအကြား တိုက်ရိုက်ချိတ်ဆက်ပေးသည့် အခန်းကဏ္ဍမှ ပါဝင်သောကြောင့်
အလွန်အရေးပါလျက် ရှိပါသည်။
ဒေသန္တရအုပ်ချုပ်ရေး၏ အရေးပါသော အခြားအကြောင်းရင်းတစ်ရပ်မှာ
သက်ဆိုင်ရာဒေသများနှင့် လူမှုအသိုက်အဝန်းများအတွင်း စဉ်ဆက်မပြတ် ပြောင်းလဲနေခြင်းကြောင့်
ဒေသန္တရအုပ်ချုပ်ရေးသည် ပြည်သူများ၏ လိုအပ်ချက်များနှင့် နိုင်ငံနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ
စိန်ခေါ်မှုများစွာကို ကိုင်တွယ်ဖြေရှင်းကြရသောကြောင့် အရေးပါလျက်ရှိပါသည်။
ယင်းစိန်ခေါ်မှုတို့တွင် ပညာရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှု
လက်လှမ်းမီရရှိရေး၊ ဒေသဆိုင်ရာ အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရေး၊ သန့်ရှင်းသောရေနှင့်
မိလ္လာစနစ်များရရှိရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ပြည်သူ့လုံခြုံရေးနှင့် အသက်မွေးဝမ်းကျောင်းအခွင့်အလမ်းများ
ဖန်တီးပေးရေးတို့ ပါဝင်ပါသည်။ နိုင်ငံတော်အစိုးရများသည် ကျယ်ပြန့်သောမူဝါဒများနှင့်
ဖွံ့ဖြိုးတိုးတက်ရေး ဦးစားပေးလုပ်ငန်းများကို ချမှတ်ပေးကြသော်လည်း ဒေသန္တရအဖွဲ့အစည်းများသည်
ဒေသခံပြည်သူများ၏ လိုအပ်ချက်များကို ဖော်ထုတ်သိရှိကြရပြီး ယင်းလိုအပ်ချက်များနှင့်အညီ
လက်တွေ့ အကောင်အထည်ဖော်နိုင်သည့် လုပ်ငန်းများအဖြစ် ပြောင်းလဲဆောင်ရွက်ရန် ပိုမိုသင့်လျော်သောအခြေ
အနေတွင် ရှိနေကြပါသည်။ ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ်ကလည်း ဒေသန္တရအစိုးရသည် ပြည်သူများနှင့်
အနီးကပ်ဆုံးဖြစ်ပြီး လက်လှမ်းမီရရှိနိုင်ဆုံးသော အစိုးရအဆင့်တစ်ရပ်ဖြစ်ရှိကြောင်း ဖော်ပြပါသည်။
ထို့ကြောင့် ထိရောက်သော ဒေသန္တရအုပ်ချုပ်ရေးသည်
အုပ်ချုပ်ရေးဆိုင်ရာ စီမံဖွဲ့စည်းမှုတစ်ရပ် မျှသာမဟုတ်ဘဲ ပြည်သူလူထုပူးပေါင်းပါဝင်သည့်
အုပ်ချုပ်ရေး၊ ပြည်သူ့ဝန်ဆောင်မှုများ ပေးအပ်ရေးနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက်
မရှိမဖြစ်အရေးပါသော အစိတ်အပိုင်းတစ်ရပ်ဖြစ်ပါသည်။ သို့ရာတွင် ဒေသန္တရအုပ်ချုပ်ရေးထိရောက်မှုရှိစေရန်
သင့်လျော်သောအဖွဲ့အစည်းဆိုင်ရာ ဖွဲ့စည်းမှုများ၊ လုံလောက်သော ဘဏ္ဍာရေးအရင်းအမြစ်များ၊
စွမ်းဆောင်ရည်ပြည့်ဝသော ဝန်ထမ်းများ၊ အဓိပ္ပာယ်ပြည့်ဝသည့် ပြည်သူပါဝင်ဆောင ရွက်မှုနှင့်
ထိရောက်သော တာဝန်ခံမှုဆိုင်ရာ ယန္တရားများရှိရန် လိုအပ်မည်ဖြစ်ပါသည်။
ထို့ကြောင့် ဒေသန္တရအုပ်ချုပ်ရေးကို အားကောင်းခိုင်မာစေခြင်းသည်
အုပ်ချုပ်ရေး၏ အလုံးစုံအရည်အသွေးကို မြှင့်တင်ပေးနိုင်သကဲ့သို့ အားလုံးပိုမိုပါဝင်၍
ဟန်ချက်ညီမျှတသော ဖွံ့ဖြိုးတိုးတက်မှုကိုလည်း အထောက်အကူပြုစေပါသည်။
ထိရောက်သော ဒေသန္တရအုပ်ချုပ်ရေးစနစ် ခိုင်မာအားကောင်းလာသည်နှင့်
ရရှိလာမည့် အကျိုး ကျေးဇူးများတွင် -
(၁) ပြည်သူလူထု၏
ပူးပေါင်းပါဝင်မှုနှင့် တာဝန်ခံမှုများ မြှင့်တင်ပေးနိုင်ခြင်း၊
(၂) ပြည်သူ့ဝန်ဆောင်မှုများ
ထိရောက်စွာဆောင်ရွက်ပေးနိုင်ခြင်းနှင့် စီမံခန့်ခွဲမှုဆိုင်ရာ စွမ်းဆောင်ရည်ကို မြှင့်တင်
ပေးနိုင်ခြင်း၊
(၃) ပွင့်လင်းမြင်သာမှု
မြှင့်တင်နိုင်ခြင်းနှင့် အကျင့်ပျက်ခြစားမှုများကို တိုက်ဖျက်နိုင်ခြင်း၊
(၄) ဒေသအတွင်း
ဖွံ့ဖြိုးတိုးတက်စေခြင်းနှင့် ဒေသဆိုင်ရာ မညီမျှမှုများကို လျှော့ချနိုင်ခြင်း၊
(၅) ပြည်သူလူထု၏
လိုအပ်ချက်များကို တုံ့ပြန်ဆောင်ရွက်နိုင်စွမ်း အားကောင်းစေခြင်း၊
(၆) ရေရှည်တည်တံ့သော
ဖွံ့ဖြိုးတိုးတက်မှု နှင့် သဘာဝပတ်ဝန်းကျင်စီမံခန့်ခွဲမှုကို အထောက်အကူပြုခြင်း၊
(၇) ပြည်သူလူထုနှင့်
အုပ်ချုပ်ရေးအဖွဲ့အစည်းများအကြား ယုံကြည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြင့်စေခြင်း။
သို့ဖြစ်ရာ ဒေသန္တရအုပ်ချုပ်ရေးသည် ထိရောက်သော
အုပ်ချုပ်ရေးစနစ်တစ်ခု၏ မရှိမဖြစ်အစိတ် အပိုင်းတစ်ခု တွေ့ရပါသည်။ သို့သော် ဒေသန္တရအစိုးရအဖွဲ့အစည်းများ
ရှိနေရုံမျှဖြင့် ထိရောက်သော အုပ်ချုပ်ရေးစနစ်တစ်ခု အလိုအလျောက်ဖြစ်ပေါ်လာမည်ဟု မဆိုနိုင်ပါ။
ဒေသန္တရအုပ်ချုပ်ရေးမှ ရရှိလာမည့် အကျိုးကျေးဇူးများသည် လုံလောက်သော ဘဏ္ဍာရေးအရင်းအမြစ်များ၊
စွမ်းဆောင်ရည်ရှိသည့် အုပ်ချုပ်ရေးဝန်ထမ်းများ၊ နိုင်ငံသားများ၏ အဓိပ္ပာယ်ပြည့်ဝသော
ပါဝင်ဆောင်ရွက်မှု၊ ပွင့်လင်းမြင်သာသည့် ဆုံးဖြတ်ချက်ချမှတ်ခြင်းနှင့် ထိရောက်သော တာဝန်ခံမှုဆိုင်ရာ
စီမံဆောင်ရွက်ချက်များ ရှိ/မရှိ အပေါ်တွင် မူတည်နေပါသည်။
လုံလောက်သော လုပ်ပိုင်ခွင့်အာဏာ၊ အရင်းအမြစ်များနှင့်
အဖွဲ့အစည်းဆိုင်ရာ စွမ်းဆောင်ရည်များမရှိဘဲ လုပ်ပိုင်ခွင့်ရှိသည့် အာဏာခွဲဝေပေးခြင်းသည်
ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ တိုးတက် ကောင်းမွန်လာစေရေးကို အထောက်အကူမပြုစေနိုင်သကဲ့သို့
ရှိနှင့်ပြီးသား မညီမျှမှုများကိုပင် ပိုမို ဆိုးရွားလာစေနိုင်ပါသည်။
အရေးကြီးဆုံးမှာ ထိရောက်သော အုပ်ချုပ်ရေးစနစ်တစ်ခုကို
ခိုင်မာသည့် ဗဟိုအဖွဲ့အစည်းများ ဖြင့်သာ တည်ဆောက်၍ မရနိုင်ခြင်းဖြစ်ပါသည်။ ယင်းအတွက်
အရည်အချင်း၊ တာဝန်ယူမှု၊ အားလုံးပါဝင်နိုင်စွမ်းနှင့် တုံ့ပြန်ဆောင်ရွက်နိုင်စွမ်းရှိသော
ဒေသန္တရအဖွဲ့အစည်းများ လိုအပ်ပါသည်။ ဒေသန္တရအုပ်ချုပ်ရေးကို အားကောင်းလာအောင် ဆောင်ရွက်ခြင်းသည်
အစိုးရ၏မူဝါဒများနှင့် ပြည်သူလူထု၏ နေ့စဉ်လိုအပ်ချက်များအကြား ကွာဟချက်ကို လျှော့ချပေးနိုင်သကဲ့သို့
အစိုးရအပေါ် ပြည်သူလူထု ၏ ယုံကြည်မှုကို တိုးတက်စေပြီး ပိုမိုမျှတ၍ ရေရှည်တည်တံ့သော
ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူ ပြုနိုင်ပါသည်။
ထို့ကြောင့် ဒေသန္တရအုပ်ချုပ်ရေးကို ဒုတိယတန်းစားအုပ်ချုပ်ရေး
လုပ်ငန်းစဉ်တစ်ခုအဖြစ် ရှုမြင်ခြင်းထက် ထိရောက်သောအုပ်ချုပ်ရေးစနစ်နှင့် နိုင်ငံတော်၏
ရေရှည်ဖွံ့ဖြိုးတိုးတက်မှုအတွက် မရှိမဖြစ် အခြေခံအုတ်မြစ်တစ်ခုအဖြစ် သတ်မှတ်မြှင့်တင်ပေးမှသာ
ထိရောက်သော ဒေသန္တရအုပ်ချုပ် ရေးစနစ်ဖြစ်လာ၍ နိုင်ငံတော်အတွက် ခိုင်မာအားကောင်းသော
အုပ်ချုပ်ရေးစနစ်ကို ပံ့ပိုးပေးနိုင် မည်ဖြစ်ပါသည်။ ။
အကိုးအကား
၁။ Kyaw,
Z. M., & Nguyen, N. T. (2023). Enhancing state capacity for effective
governance (ADBI Policy Brief No. 2023-14). Asian Development Bank Institute. https://doi.org/10.56506/UZAC3705
၂။ OECD.
(2022). Regional governance in OECD countries: Trends, typology and tools. OECD
Publishing. https://doi.org/10.1787/4d7c6483-en
၃။ Devas,
N., & Grant, U. (2003). Local gover-nment decision-making-Citizen
participation and local accountability: Some evidence from Kenya and Uganda. Public
Administration and Development, 23(4), 307–316. https://doi.org/10.1002/pad.281
၄။ Organisation
for Economic Co-operation and Development. (2019). Making decentra-lisation
work: A handbook for policy-makers. OECD Publishing. https://doi.org/10.1787/g2g9faa7-en
၅။ Smoke,
P. (2013). Why theory and practice are different: The gap between principles
and reality in subnational revenue systems. Policy and Society, 32(1), 7–21. https://doi.org/10.1016/j.polsoc.2013.02.001
၆။ United
Nations Development Programme. (n.d.). Local governance and development. https://www.undp.org/eurasia/local-gover-nance-and-development
၇။ United
Nations Human Settlements Pro-gramme. (2004). Tools to support transparency in local
governance. UN-Habitat and Transparency International. Full publication record
၈။ United
Nations Human Settlements Programme. (2026). Catalogue of solutions 2026–2029:
Participatory multilevel gover-nance and the localization of the Sustainable
Development Goals. UN-Habitat. UN-Habitat publication
၉။ Kahkonen,
S., & Lanyi, A. (2001). Decen-tralization and governance: Does
decentrali-zation improve public service delivery? (PREM Notes No. 55). World
Bank.
No comments:
Post a Comment