Thursday, October 29, 2026

တပ်မတော်စစ်သမိုင်းပြတိုက်(နေပြည်တော်)သို့ ဇမ္ဗူသီရိမြို့နယ် အမှတ်(၁၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများနှင့် ဆရာ ဆရာမများ သွားရောက်လေ့လာ


 

နေပြည်တော် အောက်တိုဘာ ၂၈

သမိုင်းစဉ်ကာလတစ်လျှောက်တွင် နိုင်ငံ့ဂုဏ်တင့်စေရန် အားထုတ်ကြိုးပမ်း မြှင့်တင်ပေးခဲ့ကြသည့် ရှေးမြန်မာမင်းများ၊ ခေတ်အဆက်ဆက်ပေါ်ထွက်ခဲ့ကြသည့် သူရဲကောင်းများ၊ သူ့ကျွန် မခံတွန်းလှန်ခဲ့ကြသည့် မျိုးချစ်ခေါင်းဆောင်ကြီးများ၊ လွတ်လပ်ရေးကြိုးပမ်းမှုကာလနှင့် လွတ်လပ်ရေးရရှိပြီးနောက်ပိုင်းတွင် နိုင်ငံ့ အရေးအတွက် စွန့်လွှတ်ပေးဆပ်မှုများဖြင့် အားထုတ်ကြိုးပမ်းခဲ့ကြသည့် တပ်မတော်သားများ၏ ဂုဏ်ယူဖွယ်ရာ စွမ်းဆောင်ချက်များအား မြင်တွေ့လေ့လာမှုများမှတစ်ဆင့် လူငယ်လူရွယ်များ မျိုးချစ်စိတ် ရှင်သန်ထက်မြက်လာပြီး နိုင်ငံချစ်စိတ်၊ တိုင်းပြည်ချစ်စိတ်များ တိုးတက်ဖြစ်ထွန်းလာစေရန် ရည်ရွယ်ချက်ဖြင့် နိုင်ငံတော်အစိုးရ၏လမ်းညွှန်မှု၊ တပ်မတော်၏ စီစဉ်ဆောင်ရွက်ပေးမှုတို့ဖြင့် ကျောင်းသား ကျောင်းသူများအား တပ်မတော်စစ်သမိုင်းပြတိုက် (နေပြည်တော်)သို့ လာရောက်လေ့လာနိုင်ရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။




ယင်းသို့ စီစဉ်ဆောင်ရွက်ပေးမှုဖြင့် ပြည်ထောင်စုနယ်မြေ (နေပြည်တော်) ဇမ္ဗူသီရိမြို့နယ်ရှိ အမှတ်(၁၁) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများနှင့် ဆရာ ဆရာမများသည် ယနေ့တွင် တပ်မတော်စစ်သမိုင်းပြတိုက် (နေပြည်တော်)သို့ သွားရောက်လေ့လာကြသည်။

ဦးစွာ ကျောင်းသား ကျောင်းသူများနှင့် ဆရာ ဆရာမများသည် တပ်မတော်စစ်သမိုင်းပြတိုက် (နေပြည်တော်)သို့ ရောက်ရှိကြပြီး တပ်မတော် (လေ) ပြင်ပပြကွက်တွင် ခင်းကျင်းပြသထားသော ခေတ်အဆက်ဆက် အသုံးပြုခဲ့သည့် တပ်မတော်လေယာဉ်များနှင့် တပ်မတော်(ရေ)ပြင်ပပြကွက်တွင် ခင်းကျင်းပြသထားသည့် စစ်ရေယာဉ်ပုံစံတူများ၊ စစ်လက်နက်ပစ္စည်းများကို စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုကြပြီး အမှတ်တရဓာတ်ပုံများ ရိုက်ကြသည်။

ဆက်လက်၍ တပ်မတော် (ကြည်း) ပြခန်းဆောင်တွင် ခေတ်အဆက်ဆက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်များ၏ ရုပ်တုများနှင့် မှတ်တမ်းဓာတ်ပုံများကို ကြည့်ရှုလေ့လာကြပြီး မြန်မာ့တပ်မတော် သမိုင်းမှတ်တမ်းရုပ်ရှင်ကို ကြည့်ရှုကြသည်။ ထို့နောက် ပြတိုက်တာဝန်ရှိသူများက လာရောက်လေ့လာကြ သော ကျောင်းသား ကျောင်းသူများနှင့် ဆရာ ဆရာမများအတွက် မုန့်များကို ပေးဝေကြသည်။

ယင်းနောက် ပြတိုက်တာဝန်ရှိသူက ပြတိုက်သမိုင်း၊ ရည်ရွယ်ချက်နှင့် ပြတိုက်အတွင်း ကဏ္ဍအလိုက် ပြခန်း၊ ပြကွက်များ ပြသထားမှုတို့ကို လိုက်လံရှင်းလင်းပြောကြားပြီး ကျောင်းသား ကျောင်းသူများနှင့် ဆရာ ဆရာမ များက ပြတိုက်အတွင်း ခင်းကျင်းပြသထားသည့် ပြခန်းများအား စိတ်ပါဝင်စားစွာ လှည့်လည် ကြည့်ရှုလေ့လာ၍ သိရှိလိုသည်များကို မေးမြန်းကြရာ ပြခန်းတာဝန်ရှိသူများက ပြန်လည် ရှင်းလင်းဖြေကြားပေးသည်။

ဆက်လက်၍ ယနေ့လေ့လာမှတ်သားခဲ့သည့် ဗဟုသုတများကို ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ ကျင်းပပြုလုပ်ကာ မေးခွန်းများကို မှန်ကန်စွာဖြေဆိုနိုင်သော ကျောင်းသား ကျောင်းသူများအား ပထမဆု၊ ဒုတိယဆု၊ တတိယဆု၊ နှစ်သိမ့်ဆုနှင့် အထူးဆုများအဖြစ် ထမင်းချိုင့်၊ ထီး၊ ဗလာစာအုပ်နှင့် စာရေးကိရိယာများကို ပေးအပ်ချီးမြှင့် ကြပြီး ပြတိုက်တာဝန်ရှိသူများက ပြန်လည်ထွက်ခွာမည့် ကျောင်းသား ကျောင်းသူများနှင့် ဆရာ ဆရာမများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြသည်။

ထိုကဲ့သို့ လေ့လာရေးလာရောက်ခဲ့ကြသည့် ကျောင်းသား ကျောင်းသူများနှင့် ဆရာ ဆရာမများ၏ ရင်တွင်းစကားသံများကိုလည်း ယခုကဲ့သို့ ကြားသိရပါသည်-

ကျောင်းသူ

တပ်မတော် စစ်သမိုင်းပြတိုက်မှာဆိုလို့ရှိရင် မြန်မာနိုင်ငံရဲ့ အဖိုးတန်အမွေအနှစ်တွေ၊ သူရဲကောင်းတွေ၊ သူတို့ရဲ့ ရုပ်တုပုံတွေ နောက်ပြီး ပထမဆုံး သမ္မတ စီးခဲ့တဲ့ကားလိုမျိုးနဲ့ ကြည်း၊ ရေ၊ လေ ပြကွက်တွေကို လေ့လာခဲ့ရပါ တယ်။ ကြည်းမှာဆိုလို့ရှိရင် တင့်ကားတွေ၊ အမြောက်တွေ၊ ဒီလိုအကြောင်းအရာတွေ ကြည့်ခဲ့ရတယ်။ နောက်ပြီး ရေမှာဆိုရင် သင်္ဘောကြီးတွေ ပထမဆုံး စစ်သင်္ဘောပေါ့၊ အဲလိုအကြောင်းအရာတွေ ကြည့်ခဲ့ရတယ်။ နောက်ပြီး လေမှာဆိုလို့ရှိရင် စစ်လေယာဉ်တွေ အမျိုးအစားအများကြီးပေါ့၊ အဲဒါတွေကို လိုက်လံပြီး သေချာလေ့လာခဲ့ပါတယ်။ အခုလို အဖိုးတန်အမွေအနှစ်တွေကို စစ်သမိုင်းပြတိုက်မှာ လာရောက်ပြီးတော့ လေ့လာခွင့်ရတဲ့အတွက် အတိုင်းမသိဂုဏ်ယူမိပါတယ်။ ဒီလိုမျိုး လေ့လာခွင့်ရတဲ့အတွက် မျိုးချစ် စိတ်တွေလည်း ပိုပြီးတော့ ထက်သန်မိတယ်လို့ ခံစားရပါတယ်။ ဒါကြောင့်မို့လို့ အခုလိုမျိုး လာရောက်ဖို့အတွက် ထောက်ပံ့ပေးခဲ့တဲ့ တပ်မတော်အကြီးအကဲတွေကိုလည်း ကျေးဇူးတင်ပါတယ်။

ဆရာမ

ကျွန်မ ဒီလိုလေ့လာခွင့်ရတော့ ခုနကတောင် တာဝန်ရှိသူတွေကို ဒီလိုလေး ပြောဖြစ်ခဲ့တယ်။ နှစ်တိုင်းများ ဒီလိုလေ့လာခွင့်ပေးရင် သိပ်ကောင်းမှာပဲလို့။ ဘာလို့လဲဆိုတော့ ကလေးတွေအတွက် အမျိုးသားရေးစိတ်ဓာတ် ရှင်သန်ထက်မြက်စေတယ်။ နောက်ပြီးတော့ လွတ်လပ်ရေးအတွက် လှုပ်ရှားခဲ့ကြတဲ့ တပ်မတော်ရဲ့ သမိုင်းကြောင်း၊ နောက်ပြီးတော့ အမျိုးသားရေးလှုပ်ရှားမှုတွေ သိခွင့်ရတာ ဂုဏ်ယူဖွယ်ရာပေါ့။ အဲဒါလေးတွေကို ကလေးတွေ ထဲထဲဝင်ဝင် သိရတဲ့အတွက် အများကြီးကျေးဇူးတင်ပါတယ်။ ကြည်းမှာလည်း ပြခန်းကြီး ခြောက်ခု၊ ရေတပ်မှာက ပြခန်းသုံးခု၊ နောက်တစ်ခါ လေတပ်မှာကသုံးခု ကလေးတွေ စိတ်ပါဝင်စားစွာနဲ့ ကြည့်ရှုတာကိုလည်း တွေ့ရပါတယ်။ အခုလိုမျိုး ကလေးတွေကို ကိုယ့်နိုင်ငံရဲ့ သမိုင်းကြောင်းနဲ့ ပတ်သက်တဲ့ ဂုဏ်ယူဖွယ်ရာတွေ၊ ရင်နင့်ဖွယ်ရာတွေပေါ့။ အားလုံးကို ကြည့်ရှုခွင့်ရတဲ့အတွက် တကယ်ကို ဝမ်းသာကျေးဇူးတင်မိပါတယ်။

သတင်းစဉ်

No comments:

Post a Comment