Thursday, October 15, 2026

တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ၁၆ ရက်မြောက်နေ့ ကျင်းပ

 


လမ်းအဆင့်မြှင့်တင်ပေးရေး၊ ဆရာဝန်ခန့်ထားပေးနိုင်ရေး၊ ဆေးတက္ကသိုလ်ဖွင့်လှစ်ပေးရေးတို့နှင့်စပ်လျဉ်း၍

မေးခွန်းငါးခု မေးမြန်းဖြေကြားခြင်းနှင့် အဆိုတစ်ခုဆွေးနွေးအတည်ပြုခြင်းတို့ ဆောင်ရွက်

နေပြည်တော် အောက်တိုဘာ ၁၄

တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ၁၆ ရက်မြောက်နေ့ကို ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ၊ ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်းနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

အစည်းအဝေးတွင် လမ်းအဆင့်မြှင့်တင်ပေးရေး၊ ဆရာဝန်ခန့်ထားပေးနိုင်ရေး၊ ဆေးတက္ကသိုလ် ဖွင့်လှစ်ပေးရေးတို့နှင့်စပ်လျဉ်း၍ မေးခွန်းငါးခု မေးမြန်းဖြေကြားခြင်းနှင့် အဆိုတစ်ခုဆွေးနွေး အတည်ပြုခြင်းတို့ကို ဆောင်ရွက်ကြသည်။

ဦးစွာ ပန်းတနော်မဲဆန္ဒနယ်မှ ဦးကျော်မင်းသန်း၏ ဓနုဖြူမြို့နယ် ကျူတောရိုး၊ ကျီးချောင်း၊ ခနောင်ရိုက် ရွာချင်းဆက်လမ်းအား အဆင့်မြှင့်တင်ပေးနိုင်ခြင်း အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသိုက်စိုးက ဓနုဖြူမြို့နယ်အကျော် - ကျူတောရိုး- ကျီးချောင်းကျေးရွာချင်းဆက် လမ်းအရှည် ၅ မိုင် ၃ ဖာလုံရှိပြီး ကျောက်ခင်းလမ်း ၂ မိုင် ၂ ဖာလုံ နှင့် မြေသားလမ်း ၃ မိုင် ၁ ဖာလုံ ဖြစ်ပါကြောင်း၊ မြေသားလမ်း ၃ ဖာလုံအား ကျောက်ခင်းလမ်းအဖြစ် အဆင့်မြှင့်တင်ခြင်းကို ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ဧရာဝတီတိုင်းဒေသကြီး အစိုးရရန်ပုံငွေဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်းနှင့် ကျန်မြေသားလမ်းအား ကျောက်ခင်းလမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်နိုင်ရန် ၂၀၂၇-၂ဝ၂၈ ဘဏ္ဍာရေးနှစ်မှစတင်၍ တိုင်းဒေသကြီးရန်ပုံငွေတွင် လျာထားပေး သွားမည်ဖြစ်ပြီး ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည် ဖြေကြားသည်။

ချောင်းဦး မဲဆန္ဒနယ်မှ ဦးထွန်းလွင်၏ ချောင်းဦးမြို့ နတ်ရေကန်- ဘလွေ-ကျောက်ဆစ် ကန်လမ်းမှ ကျောက်ခင်းလမ်းအား ပြန်လည်ပြုပြင်ပေးရန်နှင့် ကျန်ရှိသောမြေသားလမ်းအား အဆင့်မြှင့်တင်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးသိုက်စိုးက စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့နယ် နတ်ရေကန် - ဘလွေ - ကျောက်ဆစ်ကန်လမ်းသည် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန တိုင်းဒေသကြီးမှ စီမံခန့်ခွဲသော အရှည် ၆ မိုင် ၄ ဖာလုံရှိသော Class A အဆင့်လမ်းဖြစ်ပြီး ပျက်စီးနေသည့် ကျောက်လမ်း ၂ မိုင် ၃ ဒသမ ၂၈ ဖာလုံအား ပြန်လည်ပြုပြင်ခြင်းနှင့် မြေသားလမ်း ၄ မိုင် သုည ဒသမ ၇၂ ဖာလုံအား ကျောက်လမ်း အဆင့်မြှင့်တင်နိုင်ရန်အတွက် နယ်မြေဒေသအခြေအနေအရ ကွင်းဆင်းစစ်ဆေးနိုင်ခြင်း မရှိသေးပါကြောင်းနှင့် ကွင်းဆင်းဆောင်ရွက်နိုင်ပါက ရန်ပုံငွေလျာထားတင်ပြပြီး ရန်ပုံငွေခွဲဝေရရှိမှုအပေါ်မူတည်၍ ဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။

မလှိုင်မဲဆန္ဒနယ်မှ ဦးအောင်ကျော်သူ၏ မလှိုင်မြို့နယ်ရှိ မိတ္ထီလာ - မလှိုင် - မြင်းခြံ လမ်းမကြီးမှ ထန်းပင်ကန်ကျေးရွာသို့ ဆက်သွယ်သည့်ကတ္တရာလမ်းအား မည်သည့်ဘဏ္ဍာရေးနှစ်တွင် ပြုပြင်ဆောင်ရွက်ပေးနိုင်မည်ကို သိရှိလိုခြင်းမေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးသိုက်စိုးက မိတ္ထီလာ - မလှိုင် - မြင်းခြံလမ်း ထန်းပင်ကန်ကျေးရွာမှ ရိုးကျေးရွာကြား ကတ္တရာလမ်း ၄ ဖာလုံကို ယခု ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထန်းပင်ကန်ကျေးရွာသို့ ဆက်သွယ်ထားသည့် အရှည် ၂ မိုင် ၁ ဖာလုံအနက် ပျက်စီးနေသော လမ်းပိုင်းများအား ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီး (သို့မဟုတ်) ပြည်ထောင်စု ပြင်ဆင်ထိန်းသိမ်းခြင်းရန်ပုံငွေ အကန့်အသတ်ဘောင်အတွင်းမှ ဆောင်ရွက်ပေး သွားမည်ဖြစ်ပါကြောင်းနှင့် ၂၀၂၈-၂၀၂၉ ဘဏ္ဍာရေးနှစ်မှစ၍ (၁)မိုင် ကတ္တရာလမ်းခင်းခြင်း လုပ်ငန်းကို တိုင်းဒေသကြီးရန်ပုံငွေဖြင့် လျာထားဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။

မိုင်းခတ်မဲဆန္ဒနယ်မှ ဦးစိုင်းဝန်းဆမ်၏ မိုင်းခတ်မြို့နယ် (၂၅ ခုတင်)ဆံ့ဆေးရုံတွင် လစ်လပ်လျက်ရှိသော သွားဘက်ဆိုင်ရာ ဆရာဝန်တစ်ဦးခန့်ထားပေးရန် အစီအစဉ် ရှိ/မရှိ၊ ရှိလျှင် မည်သည့်အချိန်တွင် ခန့်ထားပေးမည်ကို သိရှိလိုခြင်းမေးခွန်းနှင့်စပ်လျဉ်း၍ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွန်းက ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းခတ်မြို့နယ်ဆေးရုံတွင် မြို့နယ်ကုသ ရေးဦးစီးဌာနမှူးနှင့်အတူ သူနာပြုကိုးဦးနှင့် အခြားကျန်းမာရေးဝန်ထမ်း ၁၂ ဦးတို့မှ ကျန်းမာရေး စောင့်ရှောက်မှုများ ပေးအပ်လျက်ရှိပြီး လိုအပ်လျက်ရှိသော သွားနှင့် ခံတွင်းဆိုင်ရာဆရာဝန်အား လုပ်ငန်းလိုအပ်ချက်ပေါ်မူတည်၍ ၂၀၂၆ ခုနှစ်အတွင်း စိစစ်ခန့်ထားပေးမည်ဖြစ်ပါကြောင်း ပြန်လည် ဖြေကြားသည်။

ရေးမဲဆန္ဒနယ်မှ ဒေါ်မြင့်သန်း ၏ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး သုံးခုတို့တွင် လိုအပ်နေသော ဆေးတက္ကသိုလ်တစ်ခု ဖွင့်လှစ်ပေးနိုင်ပါရန်အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယ ဝန်ကြီး ဒေါက်တာတင်ထွန်းက တိုင်းဒေသကြီး/ပြည်နယ်အသီးသီးမှ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင် သူများအား ဆေးတက္ကသိုလ်ခွဲဝေနေရာချထားရာတွင် မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်း ဒေသကြီးစသည့် မြန်မာနိုင်ငံအောက်ပိုင်းရှိ တိုင်းဒေသကြီး/ ပြည်နယ်များရှိ စာစစ်ဌာနများမှ အောင်မြင်သော ကျောင်းသား ကျောင်းသူများအား သွားလာရေးအဆင်ပြေလွယ်ကူစေရန်နှင့် ပညာသင်ယူမှု အဆင်ပြေစေရန် အတွက် မြန်မာနိုင်ငံအောက်ပိုင်းတွင် တည်ရှိသည့် ဆေးတက္ကသိုလ် (၁)ရန်ကုန်နှင့် ဆေးတက္ကသိုလ်(၂)ရန်ကုန်တို့သို့ လွန်ခဲ့သော ၁၅ နှစ် ခန့်ကတည်းကပင် ခွဲဝေနေရာချထား၍ တက်ရောက်စေပြီး ဆေးတက္ကသိုလ်ဝင်ခွင့် ရရှိသူဦးရေအနေဖြင့် တစ်နှစ်လျှင် ပျမ်းမျှ ကရင်ပြည်နယ်မှ ငါးဦး၊ မွန်ပြည်နယ်မှ ၄၉ဦး၊ တနင်္သာရီတိုင်းဒေသကြီးမှ ခုနစ်ဦးသာ ရှိခဲ့သည့်အတွက် အဆိုပါဒေသကြီးသုံးခုတွင် ဆေးတက္ကသိုလ်တစ်ခု ဖွင့်လှစ်ပေးရန် အစီအစဉ်မရှိသေးပါကြောင်းနှင့် နောင်တွင် နိုင်ငံတော်၏ လိုအပ်ချက်ပေါ်မူတည်ပြီး စီစဉ်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။

ထို့နောက် ဘားအံမဲဆန္ဒနယ်မှ ဦးသက်နိုင်ဦး တင်သွင်းသည့် “နိုင်ငံသူ နိုင်ငံသား မိဘပြည်သူ လူထုတစ်ရပ်လုံး၏ ကျန်းမာရေးဆိုင်ရာ ဝန်ပိနေမှုများကို လျှော့ချပေးနိုင်ရန်အတွက် နိုင်ငံတော်အစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ပြင်ပလူနာဌာနကြီးများ ထူထောင်ဖွင့်လှစ်ပေးနိုင်ပါရန်နှင့် ရောဂါကြီးများအား နိုင်ငံတကာ အဆင့်မီကုသမှုခံယူနိုင်ရန်အတွက် ဒေသဇုန်ကြီးများအလိုက် အဆင့်မြင့် အထူးကုဆေးရုံကြီးများ ထူထောင်ဖွင့်လှစ်ပေးနိုင်ပါရန် တိုက်တွန်းသည့်အဆို”ကို လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။

ဖာပွန်မဲဆန္ဒနယ်မှ ဦးစောဝင်း ထိန်က ပညာရေးနှင့် ကျန်းမာရေးကဏ္ဍများသည် ယှဉ်တွဲပြီး နိုင်ငံအတွက် အရေးပါနေသကဲ့သို့ တစ်ခုနှင့်တစ်ခု အပြန်အလှန ယှက်နွှယ်နေပါကြောင်းအဆိုကို အကောင်အထည်ဖော်ပေးနိုင်မည်ဆိုပါက ပြည်သူ၊ အစိုးရနှင့် လွှတ်တော်များအတွက်ပါ အကျိုး ကျေးဇူးများမည်ကို တွေ့ရှိရပါကြောင်း၊ ပြည်သူများအတွက် ပိုမိုကောင်းမွန်ထိရောက်သည့် ကျန်းမာရေး စောင့်ရှောက်မှုကို ရရှိခံစားရမည်ဖြစ်သကဲ့သို့ အစိုးရအနေဖြင့်လည်း ကျန်းမာကြံ့ခိုင်ပြီး ဉာဏ်ရည်မြင့်မားသည့် နိုင်ငံသားများကို ရရှိလာမည်ဖြစ်ပါကြောင်း၊ ထို့ပြင် လွှတ်တော်များ၏ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး လုပ်နိုင်စွမ်းကို ပြည်သူများ ပိုမိုယုံကြည်လာမည်ဖြစ်ပြီး ပြည်သူလူထုတစ်ရပ်လုံး၏ ယုံကြည်လေးစားမှုများ ရရှိလာမည်ဖြစ်သည့်အတွက် အဆိုအား ထောက်ခံပါကြောင်း ဆွေးနွေးသည်။

မိုင်းရှူးမဲဆန္ဒနယ်မှ ဦးစိုင်းကံ က အဆိုအပေါ် ပြည်သူလူထုတစ်ရပ်လုံး အကျိုးဖြစ်ထွန်းရန် အမြင်၊ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး အမြင်၊ Life Expectancy မြင့်တက်လာရန်အမြင်၊ တိုင်းရင်းသား အချင်းချင်း ယုံကြည်မှုတည်ဆောက်ရေးအမြင်၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးအမြင်ဖြင့်ကြည့်ကြည့် နိုင်ငံရေးအမြင်၊ ငြိမ်းချမ်းရေးအထောက်အကူပြုအမြင်၊ မည်သည့်အမြင်မျိုးဖြင့် ကြည့်ရှုသည်ဖြစ်စေ တိုင်းပြည်နှင့် ပြည်သူအတွက် အကျိုးရှိသည့်အတွက် ဒေသဇုန်များခွဲပြီး ရောဂါကြီးများအတွက် နိုင်ငံတကာအဆင့်မီ ကုသပေးနိုင်မည့် အဆင့်မြင့်အထူးကုဆေးရုံကြီးများ ထူထောင်ဖွင့်လှစ်ပေးရေးသည် အမှန်တကယ်ဆောင်ရွက်ရန် လိုအပ်သည့်အတွက် အပြည့်အဝထောက်ခံပါကြောင်း ဆွေးနွေးသည်။

ခေါင်လန်ဖူး မဲဆန္ဒနယ်မှ ဦးဆင်ဆုန်းက ယခုအဆိုသည် ဝေးလံခေါင်သီသည့် ဒေသများမှ တိုင်းရင်းသား မိဘပြည်သူလူထုအားလုံးအတွက် အလွန်တန်ဖိုးရှိသောအဆိုဖြစ်ပြီး ဆင်းရဲချမ်းသာ၊ လူမျိုးဘာသာမခွဲခြားဘဲ နိုင်ငံသူ နိုင်ငံသား ပြည်သူလူထုအားလုံးအပေါ် တန်းတူညီမျှတန်ဖိုးထားကြောင်းပေါ်လွင်စေသော အဆို ဖြစ်ပါကြောင်း၊ သာမန်နာမကျန်းသူသည် ပြဿနာမရှိသော်လည်း ကင်ဆာ၊ ကျောက်ကပ်၊ နှလုံးသွေး ကြောပိတ်ခြင်းနှင့် အူအတက်ရောဂါများကိုမူ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်အထိ တက်ရောက်ကုသရန် များစွာအခက်အခဲရှိပါကြောင်း၊ ထို့ကြောင့်ဝေးလံခေါင်သီ ဒေသမှ ပြည်သူများ၊ ရောဂါကြီးများကို ခေတ်မီစက်ကိရိယာကြီးများဖြင့် နိုင်ငံတကာအဆင့်မီ ကုသမှုခံယူနိုင်ရန် ဒေသဇုန်ကြီးများ သတ်မှတ်ပြီး အထူးကုဆေးရုံကြီးများ သီးခြားထူထောင်ဖွင့်လှစ်ပေးခြင်းသည် ကောင်းမွန်သည့် အစီအစဉ်တစ်ရပ် ဖြစ်ပါကြောင်း။

ယခုကဲ့သို့ ဆောင်ရွက်ပေးခြင်းသည် နိုင်ငံတော်အနေဖြင့် ပြည်နယ်ပြည်မ မခွဲခြားဘဲ၊ နိုင်ငံသားအားလုံးအပေါ်၊ တိုင်းရင်းသား လူမျိုးစုအားလုံးအပေါ် ကျန်းမာရေးနှင့် ဒေသဖွံ့ဖြိုး တိုးတက်ရေးတို့ကို တန်းတူခံစားပိုင်ခွင့်များရရှိအောင် ဆောင်ရွက်ပေးခြင်း ဖြစ်သည့်အတွက် တိုင်းရင်းသားအချင်းချင်း၊ စည်းလုံး ညီညွတ်ရေး၊ ချစ်ကြည်လေးစားရေးနှင့် ယုံကြည်မှုများ ပိုမိုအားကောင်းလာစေရန် များစွာအထောက်အပံ့ ဖြစ်လိမ့်မည်ဟု ယုံကြည်ပါကြောင်း၊ အဆိုသည် တစ်နိုင်ငံလုံးတွင်ရှိသည့် ပြည်သူလူထုတစ်ရပ်လုံး၏ ကျန်းမာရေးဆိုင်ရာ ပူပင်သောက၊ ဒုက္ခနှင့် ဝန်ပိနေမှုများကို အများဆုံးလျှော့ချပေးနိုင်မည့် အစီအစဉ် ဖြစ်သည်ဟု ယုံကြည်သည့်အတွက် တစ်နိုင်ငံလုံးတွင်ရှိကြသည့် တိုင်းရင်းသားမိဘပြည်သူ လူထုအားလုံး၏ကိုယ်စား အဆိုအပေါ် အပြည့်အဝထောက်ခံပါကြောင်း ဆွေးနွေးသည်။

အလားတူ ရေးမဲဆန္ဒနယ်မှ ဒေါ်မြင့်သန်း၊ မိုင်းပျဉ်းမဲဆန္ဒနယ်မှ ဦးစိုင်းလောင်းနှင့် ဗန်းမော်မဲဆန္ဒနယ်မှ ဦးကျော်လင်းတို့က ထောက်ခံဆွေးနွေးကြသည်။

ယင်းနောက် ဘားအံမဲဆန္ဒနယ်မှ ဦးသက်နိုင်ဦး တင်သွင်းသည့် အဆိုနှင့်စပ်လျဉ်း၍ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွန်းက ပြည်သူ့ဆေးရုံများတွင် ပြင်ပလူနာ ကြည့်ရှုကုသမှုနှင့်ပတ်သက်၍ နယ်မြေဒေသ အေးချမ်းတည်ငြိမ်သောဒေသများရှိ ပြည်သူ့ဆေးရုံတိုင်းတွင် အရေးပေါ်နှင့် ပြင်ပလူနာ ဌာနများကို ၂၄ နာရီ ဖွင့်လှစ်ကာ ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိပြီး (ခုတင် ၁၀၀)ဆံ့ ဆေးရုံများမှစတင်ပြီး အထူးကုဆရာဝန်များ ခန့်အပ်တာဝန်ပေးကာ အထူးကုပြင်ပလူနာဌာနများကို နံနက်ပိုင်းသာမက နေ့လယ်ပိုင်းများတွင်ပါ တိုးချဲ့ဖွင့်လှစ်၍ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုများ ပိုမိုလက်လှမ်း မီစွာရရှိနိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း။

ပြင်ပလူနာများ စောင့်ဆိုင်းရချိန် လျှော့ချရေးနှင့် ဆေးဝါးများ အခမဲ့ထောက်ပံ့ပေးနိုင်ရေးအတွက် ဘဏ္ဍာနှစ်အလိုက်ရန်ပုံငွေများ ခွဲဝေချထားပေးခြင်း၊ လိုအပ်သည့် လုပ်ထုံးလုပ်နည်းများချမှတ်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်သူ့ဆေးရုံများအား အဆင့်မြှင့်တင်ရာတွင် ဆေးနှင့်ဆေးပစ္စည်းများ၊ အခြေခံအဆောက်အအုံများကို နှစ်စဉ်ဘတ်ဂျက်လျာထားရရှိမှု၊ နယ်မြေဒေသအေးချမ်းမှုတို့အပေါ် မူတည်ပြီး ဦးစားပေးအစီအစဉ်ဖြင့် ဖြည့်တင်းဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း။

ကျန်းမာရေးဝန်ကြီးဌာန အနေဖြင့် အရင်းအမြစ်များရရှိနိုင်မှုကိုတွက်ချက်ကာ အများပြည်သူ ကုသရေးဝန်ဆောင်မှု တိုးမြှင့်ရရှိစေရန်အလို့ငှာ ဆေးရုံခုတင်အဆင့်မြှင့်တင်ခြင်းများကို ဆောင်ရွက်လျက် ရှိပါကြောင်း၊ ပြည်သူများအား ငွေကြေးအခက်အခဲမဖြစ်စေဘဲ လိုအပ်သော ကျန်းမာရေးဝန်ဆောင်မှုများ ရရှိနိုင်ရေးအတွက် နောင်အနာဂတ်ကာလတွင် ပြည်သူလူထုအတွက် ကျန်းမာရေးစောင့်ရှောက်မှု အာမခံစနစ်ကို နိုင်ငံ၏လူမှုစီးပွားအခြေအနေနှင့် ကျန်းမာရေးစနစ် ဖွံ့ဖြိုးတိုးတက်မှုအဆင့်တို့နှင့် လိုက်လျောညီထွေစွာ အဆင့်ဆင့်အကောင်အထည်ဖော်ဆောင်နိုင်ရေးကို သုံးသပ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။

နိုင်ငံတကာအဆင့်မီ အထူးကု ဆေးရုံသစ်ကြီးများကို အစမှအဆုံး အသစ်ဖွင့်လှစ်ထူထောင်ခြင်းသည် ကြီးမားသောဘဏ္ဍာငွေ၊ အဆင့်မြင့်စက်ပစ္စည်းများနှင့် အထူးကုဆရာဝန်ကြီးများ၊ ကျွမ်းကျင် သူနာပြုများစသည့် လူ့စွမ်းအားအရင်းအမြစ် အမြောက်အမြား အချိန်ယူစုဆောင်းရမည့် လုပ်ငန်း စဉ်ဖြစ်ပါကြောင်း၊ ဒေသအလိုက်ဖွင့်လှစ်ထားရှိပြီး ပြည်သူ့ဆေးရုံကြီးများတွင် လိုအပ်သည့် လူ့စွမ်းအား အရင်းအမြစ်များနှင့် ခေတ်မီကုသရေးနှင့် ရောဂါရှာဖွေရေးပစ္စည်းများအား နှစ်စဉ်တိုးမြှင့် ဖြည့်ဆည်း ဆောင်ရွက်ပေးရန် ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် စီစဉ်ထားရှိပြီး အဆင့်ဆင့် ဆက်လက် စီမံဆောင်ရွက်သွားမည်ဖြစ်သောကြောင့် နိုင်ငံသူ နိုင်ငံသား မိဘပြည်သူလူထု တစ်ရပ်လုံး၏ ကျန်းမာရေးဆိုင်ရာ ဝန်ပိနေမှုများကိုလျှော့ချပေးနိုင်ရန်အတွက် နိုင်ငံတော်အစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာန အနေဖြင့် ပြင်ပလူနာဌာနကြီးများ ထူထောင်ဖွင့်လှစ်ပေးနိုင်ရန်နှင့် ရောဂါကြီးများအား နိုင်ငံတကာအဆင့်မီ ကုသမှု ခံယူနိုင်ရန်အတွက် ဒေသဇုန်ကြီးများအလိုက် အဆင့်မြင့်အထူးကုဆေးရုံကြီးများ ထူထောင်ဖွင့်လှစ်ပေးနိုင်ပါရန်အဆိုအား မှတ်တမ်းတင်သင့်ပါကြောင်း လွှတ်တော်သို့ ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ဘားအံမဲဆန္ဒနယ်မှ ဦးသက်နိုင်ဦး တင်သွင်းသည့်အဆိုနှင့် စပ်လျဉ်း၍ လွှတ်တော်၏ သဘောထားရယူရာ လွှတ်တော်က အဆိုအပေါ် ဝန်ကြီးဌာန၏ ဆောင်ရွက်မှုကို စနစ်တကျ အလေးအနက်မှတ်သားထားပြီး တိုးတက်မှုအခြေအနေကို စောင့်ကြည့်မှတ်တမ်းတင်သွားမည် ဖြစ် ကြောင်း ကြေညာသည်။

တတိယအကြိမ် ပြည်သူ့လွတ်တော် တတိယပုံမှန်အစည်းအဝေး ၁၆ ရက်မြောက်နေ့ကို ရပ်နားလိုက်ပြီး အစည်းအဝေး ၁၇ ရက်မြောက်နေ့ကို အောက်တိုဘာ ၁၅ ရက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းအဖွဲ့

No comments:

Post a Comment