ထားဝယ် စက်တင်ဘာ ၃၀
တနင်္သာရီတိုင်းဒေသကြီးအတွင်း မိုးသည်းထန်စွာ စံချိန်တင်ရွာသွန်းမှုနှင့် လပြည့်ရက် မြစ်ရေပြည့်ချိန်တို့ တိုက်ဆိုင်၍ ထားဝယ်မြို့၊ သရက်ချောင်းမြို့၊ လောင်းလုံးမြို့၊ ပုလောမြို့တို့ရှိ ရပ်ကွက်/ ကျေးရွာအချို့တွင် ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့ပြီး ယခုအခါ မြစ်ရေ၊ ချောင်းရေများ ပြန်လည်ကျဆင်းသွားပြီဖြစ်သဖြင့် ယနေ့နံနက်ပိုင်းတွင် တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လူမှုကူညီရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများ ပူးပေါင်း၍ လမ်းကြောင်းရှင်းလင်းရေးနှင့် သန့်ရှင်းရေးလုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်ကြသည်။
ထိုသို့ ဆောင်ရွက်နေမှုကို
ထားဝယ်မြို့ပေါ် မြေနိမ့်ပိုင်းရပ်ကွက်အချို့အား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဇော်နိုင်ဦး၊
တရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုစစ်ဆေးပြီး
လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ဆက်လက်၍ မိုးကုတ်ဝိပဿနာကျောင်းတွင်
ဖွင့်လှစ်ထားသည့် ယာယီကယ်ဆယ်ရေးစခန်း၌ ခေတ္တခိုလှုံနေကြသော ပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံကာ
နေထိုင်စားသောက်မှု အဆင်ပြေစေရေးအတွက် အခြေခံစားသောက်ကုန်များ ပေးအပ်သွားမည်ဖြစ်ကြောင်း၊
ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ကျန်းမာရေးဆေးစစ်ကုသဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း
အားပေးစကားပြောကြားသည်။
တနင်္သာရီတိုင်းဒေသကြီးအတွင်း
ရေဘေးကယ်ဆယ်ရေးစခန်းများရှိ ရေဘေးသင့်အိမ်ထောင်စုများအား တိုင်းဒေသကြီးအစိုးရအဖွဲ့၏စီမံမှုဖြင့်
တိုင်းဒေသကြီးသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဝင်များ၊ တပ်မတော်သားများ၊
မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် လူမှုကယ်ဆယ်ရေးအဖွဲ့များက ကယ်ဆယ်ရေးပစ္စည်းနှင့် အစားအသောက်များကို
ရေဘေးသင့်ပြည်သူများထံ ဖြန့်ဖြူးပေးအပ်ကြသည်။
ရေကျသွားပြီးနောက်
ဖြစ်ပွားတတ်သည့် ဝမ်းပျက်ဝမ်းလျှောရောဂါ၊ အရေပြားရောဂါနှင့် ခြင်မှတစ်ဆင့် ကူးစက်တတ်သောရောဂါများ
မဖြစ်ပွားစေရန် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ကျန်းမာရေးအဖွဲ့များက ကွင်းဆင်းဆေးကုသပေးများ
ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျော်ကျော်လတ်
No comments:
Post a Comment