Tuesday, October 13, 2026

နိုင်ငံ့စီးပွားမြင့်မားတိုးတက်လာရေး နိုင်ငံချစ်စိတ်ဖြင့်ဝိုင်းဝန်းကြိုးပမ်း


မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအဓိကအခြေခံအားပြုနေသည့် နိုင်ငံဖြစ်သည်။ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများဖြင့် ကုန်ထုတ်စွမ်းအားမြင့်မားတိုးတက်ရေး၊ စားရေရိက္ခာဖူလုံရေး၊ နိုင်ငံ့စီးပွားမြင့်မားရေး၊ လူမှုစီးပွားတိုးတက်ရေးတို့ကို အလေးထားဆောင်ရွက်လျက်ရှိသည်။ လယ်ယာကဏ္ဍမြင့်မားတိုးတက်ရေးဆောင်ရွက်ရာတွင် လယ်ယာထွက်ကုန်မှ တန်ဖိုးမြှင့်ထုတ်ကုန်ထုတ်လုပ်ရေး၊ MSME လုပ်ငန်းများမှ ပြည်တွင်းစားသုံးမှုနှင့် ပြည်ပပို့ကုန်ဈေးကွက်အထိ တန်ဖိုးကွင်းဆက်တစ်လျှောက်ချိတ်ဆက်ပြီး နိုင်ငံ့ထုတ်ကုန်တိုးတက်လာစေရေးအတွက် “လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်မှုမှသည် နိုင်ငံ့ထုတ်ကုန်တိုးတက်မှုသို့” အမျိုးသားအဆင့်အလုပ်ရုံဆွေးနွေးပွဲကို ပြီးခဲ့သည့်လက ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအလုပ်ရုံဆွေးနွေးပွဲတွင် လယ်ယာကဏ္ဍတွင် အဓိကပါဝင်လုပ်ကိုင်နေကြသူများ၊ လယ်ယာကဏ္ဍနှင့်ပတ်သက်သည့် အသိပညာရှင်၊ အတတ်ပညာရှင်များ၊ သက်ဆိုင်ရာအဖွဲ့အစည်းများမှ တာဝန်ရှိသူများက မြန်မာနိုင်ငံ၏ လယ်ယာစိုက်ပျိုးရေးကဏ္ဍများတွင် တိုးတက်ဖြစ်ထွန်းမှုများနှင့် ကြုံတွေ့နေရသော အခြေအနေများကို ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးခဲ့ကြသည်။ အဆိုပါအလုပ်ရုံဆွေးနွေးပွဲမှထွက်ပေါ်လာသည့် အကြံပြုချက်များ၊ မဟာဗျူဟာလုပ်ငန်းစဉ်များနှင့်လုပ်ငန်းစီမံချက်များကို လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည့် မူဝါဒနှင့် Action Plan များအဖြစ်ပြောင်းလဲပြီး Agro-based Industries ဖွံ့ဖြိုးတိုးတက်အောင် နိုင်ငံချစ်စိတ်ဖြင့် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြ ရမည်ဖြစ်သည်။

နိုင်ငံတော်က “နိုင်ငံတော်ရွှေသီးဖို့ ကုန်ထုတ်လုပ်မှုအားပေးစို့”ဆောင်ပုဒ်ကို ချမှတ်ထားသည်။ အဆိုပါဆောင်ပုဒ်နှင့်အညီ စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်ငန်းများ ပန်းတိုင်ရည်မှန်းချက်ပြည့်မီအောင် စိုက်ပျိုးထုတ်လုပ်ကာ အိမ်နီးချင်းနိုင်ငံများနှင့်ဒေသတွင်းနိုင်ငံများ၏ ဈေးကွက်လိုအပ်ချက်ပြည့်မီအောင် စိုက်ပျိုးထုတ်လုပ်ပြီး တင်ပို့နိုင်မည်ဆိုပါက နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးကို များစွာအထောက်အကူပြုမည်ဖြစ်သည်။

ယခုအောက်တိုဘာလနှင့် နိုဝင်ဘာလများသည် မိုးသီးနှံများရိတ်သိမ်းချိန်နှင့် ဆောင်းသီးနှံများ စတင်စိုက်ပျိုးချိန်ဖြစ်သည်။ ထိုကာလအတွင်း တောင်သူလယ်သမားများ ထွန်ယက်စိုက်ပျိုးခြင်း၊ ရေသွင်းခြင်း၊ ရိတ်သိမ်းခြင်း၊ ခြွေလှေ့ခြင်းနှင့် သယ်ယူပို့ဆောင်ခြင်းတို့အတွက် လိုအပ်သောစက်သုံးဆီကို နိုင်ငံတော်က လအလိုက်အခွန်ကင်းလွတ်ခွင့်ပြု၍ ဆောင်ရွက်ပေးလျက်ရှိသည်။ ယခုအခါစက်သုံးဆီဈေးနှုန်းမြင့်တက်လာမှုကြောင့် တောင်သူလယ်သမားများ၏ ကုန်ထုတ်လုပ်မှုစရိတ်၊ တောင်သူဝင်ငွေ၊ စိုက်ပျိုးထုတ်ကုန်ဈေးနှုန်းနှင့် စားရေရိက္ခာဈေးနှုန်းများအပေါ် သက်ရောက်မှုရှိလာမည်ကို သတိပြုရမည်ဖြစ်သည်။ ဆီထွက်သီးနှံများ အောင်မြင်စွာဖြစ်ထွန်းပြီး ပန်းတိုင်ရည်မှန်းချက်ပြည့်မီစွာ စိုက်ပျိုးထုတ်လုပ်ရေး၊ ပြည်တွင်းစားသုံးမှုဖူလုံရေး ဆောင်ရွက်ရမည်ဖြစ်သည်။

ပြည်တွင်းစားသုံးမှုဖူလုံအောင်ထုတ်လုပ်ပြီး ပိုလျှံမည်ဆိုပါက ပြည်ပဈေးကွက် များသို့ တင်ပို့နိုင်မည့် ဈေးကွက်လိုအပ်ချက်များရှိပြီးဖြစ်သည်။ ဆီထွက်သီးနှံများအောင်မြင်စွာထွက်ရှိရေးအတွက် မျိုးကောင်းမျိုးသန့်ရရှိရေး၊ မြေဩဇာ၊ ပိုးသတ်ဆေး၊ စက်သုံးဆီနှင့် ချေးငွေစသည့်လိုအပ်ချက်များကို သက်ဆိုင်ရာအဖွဲ့အစည်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိသည်။ အလားတူ အခြေခံစားကုန်သီးနှံများအနေဖြင့် ဒေသဈေးကွက်လိုအပ်ချက်မြင့်မားစွာရှိနေသဖြင့် အထွက်နှုန်းတိုးတက်ရေး၊ ဈေးကွက်မြှင့်တင်ရေးတို့ကို အလေးထားဆောင်ရွက်ရမည်ဖြစ်သည်။

စိုက်ပျိုးမွေးမြူရေးကဏ္ဍ မြင့်မားတိုးတက်ရေး ပြည်တွင်းရင်းနှီးမြှုပ်နှံသူများကို ဦးစားပေးဆောင်ရွက်ရန်လိုအပ်သကဲ့သို့ ပြည်ပရင်းနှီးမြှုပ်နှံသူများကိုလည်း ဖိတ်ခေါ်ဆောင်ရွက်သွားရန်လိုသည်။ အရည်အသွေးကောင်းသည့်ဆန်ကို ပြည်ပသို့တင်ပို့လျက်ရှိရာ အရည်အသွေးကောင်းမွန်သည့် မျိုးစပါးများစိုက်ပျိုးရန်၊ ဆန်စက်များ အရည်အသွေးမြှင့်တင်ရန်နှင့် ဈေးကွက်ရရှိရန်လိုအပ်သည်။ ဆန်ကွဲကိုပြည်ပသို့တင်ပို့ခြင်းအစား ဆန်ကိုအရည်အသွေးမြင့်ထုတ်ကုန်အဖြစ် အဆင့်မြှင့်ထုတ်လုပ်သွားနိုင်ပါက နိုင်ငံ့ဝင်ငွေတိုးတက်လာမည်ဖြစ်သည်။ စိုက်ပျိုးရေးကဏ္ဍမြှင့်တင်နိုင်ရေးအတွက် ကျင်းပပြုလုပ်ခဲ့သော အလုပ်ရုံဆွေးနွေးပွဲများသည် အထောက်အပံ့ကောင်းများဖြစ်၍ လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်ရမည်ဖြစ်သည်။

သို့ဖြစ်ရာ အခြေခံကောင်းများရှိပြီးဖြစ်သည့် စိုက်ပျိုးရေးကဏ္ဍမြင့်မားတိုးတက်လာအောင် ကြိုးပမ်းဆောင်ရွက်ရာတွင် နိုင်ငံတော်သမ္မတလမ်းညွှန်မှာကြားချက်များနှင့်အညီ တောင်သူလယ်သမားများ၏ လက်တွေ့အတွေ့အကြုံများနှင့် အသိပညာရှင်၊ အတတ်ပညာရှင်များ၏ အကြံဉာဏ်ကောင်းများပေါင်းစပ်ကာ လက်တွေ့ကျကျ မှန်မှန်ကန်ကန်အလုပ်လုပ်ကြမည်ဆိုပါက နိုင်ငံ့စီးပွားမြင့်မားတိုးတက်ပြီး ပြည်သူများလူမှုစီးပွားဘဝများ တည်ငြိမ်မြင့်မားတိုးတက်လာမည် ဖြစ်ပါကြောင်း။   ။

No comments:

Post a Comment