မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အားကို အရင်းအမြစ်အမျိုးမျိုးမှထုတ်လုပ်လျက်ရှိရာ ရေအားလျှပ်စစ်၊ သဘာဝဓာတ်ငွေ့၊ ကျောက်မီးသွေး၊ နေရောင်ခြည်စွမ်းအင်စသည်တို့မှာ အဓိကအရင်းအမြစ်များ ဖြစ်သည်။ မြန်မာနိုင်ငံ၏ စုစုပေါင်းလျှပ်စစ်ဓာတ်အား စက်တပ်ဆင်နိုင်မှုပမာဏမှာ ၆၃၅၇ မဂ္ဂါဝပ်ခန့်ရှိသည်။ အရင်းအမြစ်အလိုက် ဓာတ်အားထုတ်လုပ်မှုအနေဖြင့် ရေအားလျှပ်စစ် ၅၁ ရာခိုင်နှုန်း၊ သဘာဝဓာတ်ငွေ့ ၄၀ ရာခိုင်နှုန်း၊ နေရောင်ခြည်စွမ်းအင် ၄ ရာခိုင်နှုန်း၊ ဒီဇယ် ၃ ရာခိုင်နှုန်း နှင့် ကျောက်မီးသွေး ၂ ရာခိုင်နှုန်းရှိကြသည်။ ရာသီအလိုက် ဓာတ်အားထုတ်လုပ်မှုမှာ သိသိသာသာကွာခြားပြီး နေ့စဉ်လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု မဂ္ဂါဝပ်နာရီ(MWh) ၆၉၀၀၀ မှ ၇၀၀၀၀ ခန့်၊ နေ့စဉ် ပျမ်းမျှ ဓာတ်အားဖြန့်ဖြူးမှု ယူနစ်သန်း ၇၀ ခန့်ရှိသည်ဟု သိရသည်။
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အမြင့်ဆုံးလျှပ်စစ်ဓာတ်အားလိုအပ်ချက်သည် မဂ္ဂါဝပ် ၅၀၀၀ ကျော်မှ ၈၀၀၀ နီးပါးထိရှိနိုင်မည်ဟု ခန့်မှန်းထားသော်လည်း လက်ရှိတွင် ထိုပမာဏကိုပြည့်မီအောင် ထုတ်လုပ်ပေးနိုင်ခြင်းမရှိသည့်အတွက် ထုတ်လုပ်နိုင်မှုနှင့်သုံးစွဲလိုမှုတို့ မမျှတသည့်အခြေအနေတွင်ရောက်ရှိနေသည်။ သို့ဖြစ်ရာ နိုင်ငံတော်ဓာတ်အားစနစ်တစ်ခုလုံးပြတ်တောက်မှုမဖြစ်စေရန်အတွက် မြို့နယ် အလိုက်/ဇုန်အလိုက် အချိန်ပိုင်းအလှည့်ကျဓာတ်အားလျှော့ချ ဖြန့်ဖြူးပေးနေရသည်။
နိုင်ငံတော်၏ လျှပ်စစ်နှင့်စွမ်းအင်ဆိုင်ရာစီမံကိန်းများ၊ လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် ပြည်တွင်း ပြည်ပအဖွဲ့အစည်းများအား ဖိတ်ခေါ်လျက်ရှိရာ နိုင်ငံသားလုပ်ငန်းရှင်များကို ရေရှည်တွင် နိုင်ငံတကာစွမ်းအင်ကုမ္ပဏီကြီးများ၊ အဖွဲ့အစည်းကြီးများအဆင့်သို့ တက်လှမ်းနိုင်စေရန်ရည်မျှော်လျက် နိုင်ငံသားလုပ်ငန်းရှင်များ၏ ရင်းနှီးမြှုပ်နှံမှုကို အထူးအလေးထားအားပေးလျက်ရှိသည်။ ကမ္ဘာ့အကြီးဆုံးစွမ်းအင်ကုမ္ပဏီကြီးများတွင် ဆော်ဒီအာရေဗျမှ Saudi Aramco ၊ အမေရိကန်မှ Exxon Mobil ၊ ယူကေမှ Shell ၊ ပြင်သစ် မှ Total Energies၊ အမေရိကန်မှ Chevron စသည်တို့ ပါဝင်ပြီး ရေနံ၊ သဘာဝဓာတ်ငွေ့၊ လျှပ်စစ်နှင့်ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍများတွင် ကမ္ဘာ့စျေးကွက်တန်ဖိုးအမြင့်ဆုံးနှင့် သြဇာအရှိဆုံးကုမ္ပဏီကြီးများဖြစ်ကြသည်။ မိမိတို့နိုင်ငံသည် စွမ်းအင်အရင်းအမြစ်မျိုးစုံကို ပိုင်ဆိုင်ထားသည့်နိုင်ငံဖြစ်ရာ နိုင်ငံသားလုပ်ငန်းရှင်များ လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံဆောင်ရွက်ခြင်းဖြင့် ရေရှည်တွင် နိုင်ငံတကာကုမ္ပဏီကြီးများအဆင့်သို့ တက်လှမ်းရောက်ရှိလာနိုင်ကြမည်ဖြစ်သည်။
မြန်မာနိုင်ငံ၏ လျှပ်စစ်ကဏ္ဍတွင်ရင်းနှီးမြှုပ်နှံမှုပြုလုပ်ခြင်းသည် လက်ရှိဓာတ်အားမလုံလောက်မှုပြဿနာကို ဖြေရှင်းရန်နှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရန်အတွက် နိုင်ငံတော်အဆင့် ဦးစားပေးကဏ္ဍတစ်ခုဖြစ်သည်။ အလားအလာရှိသော ရင်းနှီးမြှုပ်နှံမှုများအနေဖြင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များဖြစ်ကြသည့် နေရောင်ခြည်စွမ်းအင်(Solar)နှင့် လေစွမ်းအင်(Wind)စီမံကိန်းများသည် ကာလတိုအတွင်း အကောင်အထည်ဖော်နိုင်ပြီး ပတ်ဝန်းကျင်ထိခိုက်မှုနည်းပါးသဖြင့် အထူးဦးစားပေးလျက်ရှိသည်။ မန္တလေး၊ စစ်ကိုင်းနှင့် မကွေးတိုင်းဒေသကြီးတို့သည် နေရောင်ခြည်စွမ်းအင်အတွက် အလားအလာ အကောင်းဆုံးဒေသများ ဖြစ်သည်။ ရေအားလျှပ်စစ်တွင်စက်တပ်ဆင်မှုပမာဏကြီးမားသည့်(Large scale) စီမံကိန်းများမှသည် ဒေသအလိုက်ဓာတ်အားပေးနိုင်မည့် အသေးစားနှင့်အလတ်စားစီမံကိန်းများအထိ ရင်းနှီးမြှုပ်နှံနိုင်သည့်အပြင် မဟာဓာတ်အားလိုင်းပြင်ပဒေသများအတွက် Mini grid စနစ်များတည်ဆောက်ခြင်း၊ ဓာတ်အားပျောက်ဆုံးမှု(Transmission Loss) လျှော့ချရေးနည်းပညာများ၊ Smart Meter တပ်ဆင်ခြင်းလုပ်ငန်းများစသည်တို့မှာ ရင်းနှီးမြှုပ်နှံနိုင်သည့်ကဏ္ဍများ ဖြစ်သည်။
မိမိတို့နိုင်ငံသည် စွမ်းအင်အရင်းအမြစ်မျိုးစုံပိုင်ဆိုင်ထားရာ ယင်းတို့ကို အချိုးညီစွာပေါင်းစပ်၍ အကျိုးရှိထိရောက်စွာ အသုံးပြုနိုင်ပါက မျှော်မှန်းထားသည့်အချိန်ကာလအတွင်း နိုင်ငံတော်နှင့် ပြည်သူတို့အတွက်စွမ်းအင်လိုအပ်ချက်များကို ဖူလုံစွာဖြည့်ဆည်းပေးနိုင်မည် ဖြစ်သည်။ လျှပ်စစ်နှင့်စွမ်းအင်ဆိုင်ရာစီမံကိန်းများ၊ လုပ်ငန်းများသည် ငွေကြေးအရင်းအနှီးကြီးမားပြီး အတတ်ပညာနှင့်လူ့စွမ်းအားအရင်းအမြစ် လိုအပ်ချက်များဖြည့်ဆည်းပေးနိုင်မှသာလျှင် အောင်မြင်နိုင်မည်ဖြစ်ခြင်းကြောင့် နိုင်ငံတော်က ပြည်တွင်းပြည်ပအဖွဲ့အစည်းအသီးသီးကိုဖိတ်ခေါ်၍ ပူးပေါင်းဆောင်ရွက်လျက်ရှိရာ မိမိနိုင်ငံသားလုပ်ငန်းရှင်များအား လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနတွင် ရင်းနှီးမြှုပ်နှံနိုင်မည့် အခွင့်အလမ်းများ၊ နိုင်ငံတော်အစိုးရက အားပေးကူညီမည့်အစီအစဉ်များကို Power Point Presentation များ၊ ရုပ်ပုံကားချပ်များ၊ 3D Model များဖြင့် လာမည့် နိုဝင်ဘာလပထမပတ်အတွင်း နေပြည်တော်တွင် ချပြဆွေးနွေးသွားမည်ဖြစ်ပြီး နိုင်ငံသားလုပ်ငန်းရှင်များနှင့် စိတ်ပါဝင် စားသူများကို တက်ရောက်ဆွေးနွေးနိုင်ရန် ဖိတ်ခေါ်ထားသည်။
လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင် အရေးပါသည့်ကဏ္ဍတစ်ရပ်ဖြစ်သည့်အလျောက် ဝင်ရောက်ရင်းနှီးမြှုပ်နှံလုပ်ကိုင်ခြင်းဖြင့် ရေရှည်အကျိုးဖြစ်ထွန်းနိုင်မည်ဖြစ်ရာ အခွင့်အလမ်းကို မလွတ်တမ်းရယူနိုင်ကြပါစေကြောင်း။ ။

No comments:
Post a Comment