Thursday, October 29, 2026

အခြေခံဝမ်းစာဖူလုံရေးမှသည် နိုင်ငံခြားဝင်ငွေရှာဖွေပေးမည့် ကြက်မွေးမြူရေး



ကိုအောင် (ထုတ်လုပ်)

မနက်ခင်း နေရောင်ခြည် မပွင့်တပွင့်အချိန်၊ ရန်ကုန်မြို့၏ စည်ကားလှသောဈေးကြီးများထဲတွင် ကုန်တင်ကားကြီးများ တန်းစီဝင်ရောက်လာ ကြသည်။ ထိုကားကြီးများပေါ်တွင် အကန့်လိုက်၊ အထပ်လိုက် စီရီထားသော ကတ်ထူဖာများထဲ၌ နိုင်ငံတစ်ဝန်းမှထွက်ရှိလာသည့် လတ်ဆတ်သော ကြက်ဥများပါဝင်သည်။ အခြားတစ်ဖက်တွင်လည်း ရပ်ကွက်ဈေးများရှိ သားငါးတန်းများ၌ အိမ်ရှင်မများက မိသားစုထမင်းဝိုင်းအတွက် ကြက်သားကို ရွေးချယ်ဝယ်ယူနေကြသည်။ ဤမြင်ကွင်းများသည်ကျွန်ုပ်တို့ နေ့စဉ်ကြုံတွေ့နေကျ ရိုးရှင်းသောပုံရိပ် များဖြစ်သော်လည်း ယင်းတို့၏နောက်ကွယ်တွင်မူ နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးကို တိတ်တဆိတ် မောင်းနှင်နေသည့် အလွန်ကြီးမားသော ယန္တရား ကြီးတစ်ခုရှိနေပါသည်။ ထိုယန္တရားကားနိုင်ငံ့ လူဦးရေ၏ အများစုမှီခိုနေရသော စိုက်ပျိုးမွေးမြူရေး ကဏ္ဍပင်ဖြစ်သည်။

စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများသည် မြန်မာနိုင်ငံ၏ အဓိကအကျဆုံးသော အသက်မွေး ဝမ်းကျောင်းလုပ်ငန်းများဖြစ်ကြသည်။ မြေဆီလွှာ ကိုအားပြု၍ အပင်စိုက်ပျိုးခြင်းနှင့် သက်ရှိတိရစ္ဆာန် များကို ပြုစုပျိုးထောင်ခြင်းသည် စာရွက်ပေါ်ရှိ ကိန်းဂဏန်းများသက်သက်မဟုတ်ဘဲ ပြည်သူလူထု၏ လူမှုစီးပွားဘဝကို လက်တွေ့ကျကျ အကျိုးပြုနေသည့် အသက်သွေးကြောများဖြစ်သည်။ အထူးသဖြင့် နေ့စဉ် မပါမဖြစ်စားသုံးနေရသော ကြက်ဥနှင့် ကြက်သား မွေးမြူထုတ်လုပ်ရေးလုပ်ငန်းသည် ပြည်တွင်း စားရေရိက္ခာဖူလုံရေးအတွက်သာမက စနစ်တကျသာ ဆောင်ရွက်နိုင်မည်ဆိုပါက ပြည်ပပို့ကုန်အဖြစ် နိုင်ငံခြားဝင်ငွေရှာဖွေပေးနိုင်သည့် ရွှေတွင်းကြီးတစ်ခုအဖြစ် ရပ်တည်နေပါသည်။

မည်သည့်စီးပွားရေးလုပ်ငန်းကိုမဆို စတင်ရာတွင် ဈေးကွက်၏လိုအပ်ချက် (Demand)ကို တိကျစွာတွက်ချက်နိုင်ရန် အရေးကြီးပါသည်။ မြန်မာနိုင်ငံ၏ လက်ရှိလူဦးရေသည် ၅၁ သန်းကျော် ရှိပြီး ထိုအထဲတွင် မြို့ပြလူဦးရေက ၃၀ ရာခိုင် နှုန်းနှင့် ကျေးလက်နေလူဦးရေက ၇၀ ရာခိုင်နှုန်းခန့် ရှိသည်။ ကျေးလက်ဒေသများတွင် တစ်ပိုင်တစ်နိုင် မွေးမြူထားသော အိမ်မွေးကြက်များမှတစ်ဆင့် မိသားစု စားသုံးမှုအတွက် အထိုက်အလျောက် ဖြေရှင်းနိုင်သော်လည်း မြို့ပြတွင်နေထိုင်သည့် လူဦးရေ ၁၅ သန်းကျော်အတွက်မူ နေ့စဉ်လိုအပ်သော ကြက်ဥနှင့် ကြက်သားပမာဏသည် အလွန်ကြီးမားပါသည်။

မနက်စာကြက်ဥကြော်မှစ၍ နေ့လယ်စာ ကြက်သားဟင်းအထိ မြို့ပြလူနေမှုဘဝ၏ စားသောက်မှုပုံစံသည် အချိန်နှင့်တစ်ပြေးညီ လည်ပတ်နေရသည်။ လူတစ်ဦးလျှင် တစ်ပတ်ကို ကြက်ဥ သုံးလုံးမျှ စားသုံးမည်ဆိုလျှင်ပင် မြို့ပြ လူဦးရေ ၁၅ သန်းအတွက် တစ်ပတ်လျှင် ကြက်ဥ သန်း ၄၀ ကျော်၊ တစ်လလျှင် သန်း ၁၈၀ နီးပါး ပုံမှန်ထုတ်လုပ်ပေးနိုင်ရန် လိုအပ်နေပြီဖြစ်သည်။ ဤသည်မှာ အကြမ်းဖျင်းတွက်ချက်မှုသာဖြစ်ပြီး မုန့်လုပ်ငန်းများ၊ စားသောက်ဆိုင်များနှင့် လုပ်ငန်းခွင်သုံး စားသောက်မှုများအတွက်ပါ ထည့်သွင်းစဉ်းစား မည်ဆိုပါက လိုအပ်ချက်မှာ ယခုထက်အဆများစွာ ပိုမိုမြင့်မားမည်ဖြစ်သည်။

ထို့ကြောင့် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ရှိရင်းစွဲလူဦးရေနှင့် လက်ရှိမွေးမြူ ထုတ်လုပ်နိုင်သည့်ပမာဏကို မြေပြင်သတင်း အချက်အလက်များကောက်ယူကာ စနစ်တကျ တိုက်ဆိုင် စစ်ဆေးရန် လိုအပ်လှပါသည်။ မည်သည့်ဒေသတွင် အထွက်နှုန်းပိုလျှံနေသနည်း၊ မည်သည့် ဒေသတွင် အထွက်နှုန်းနည်းသနည်းဆိုသည်ကို တိကျစွာသိရှိမှသာ ထောက်ပံ့ပို့ဆောင်ရေး ကွင်းဆက် (Supply Chain) ကို ချောမွေ့အောင် စီမံနိုင်မည်ဖြစ်သည်။ ဒေသတစ်ခုချင်းစီအလိုက် စားရေရိက္ခာဖူလုံအောင် ပထမအဆင့် အနေဖြင့် ဦးစွာလျာထားစီမံပြီးမှသာလျှင် ပိုလျှံသောထုတ်ကုန်များကို အခြားလိုအပ်သည့်ဒေသများသို့ လည်းကောင်း၊ ထိုမှတစ်ဆင့် ပြည်ပနိုင်ငံများသို့ လည်းကောင်း တင်ပို့နိုင်ရေးဆက်လက်ကြိုးပမ်း ရမည်ဖြစ်သည်။

အရေအတွက်မှသည် အရည်အသွေးဆီသို့

ဈေးကွက်လိုအပ်ချက်ကို ဖြည့်ဆည်းရာ တွင် အရေအတွက် (Quantity) ပြည့်မီရေးသည် အရေးကြီးသကဲ့သို့ ထုတ်ကုန်များ၏အရည်အသွေး (Quality) ကို မြှင့်တင်ရေးသည်လည်း မျက်ကွယ်ပြု၍မရသောအချက် ဖြစ်သည်။ ယခင်က ကြက်ဥ တစ်လုံးရရှိရေး၊ ကြက်သားတစ်ပိဿာရရှိရေးကိုသာ အဓိကထားခဲ့ကြသော်လည်း ယခုခေတ် စားသုံးသူများ၏ အသိအမြင်မှာ ကျယ်ပြန့်လာပြီ ဖြစ်သည်။

ကြက်ဥတစ်လုံးကို ခွဲကြည့်လိုက်သည့်အခါ ခပ်ဖျော့ဖျော့ အနှစ်အရောင်ရှိသော ကြက်ဥနှင့် ရွှေဝါရောင်ရင့်ရင့် သန်းနေပြီး စေးပိုင်နေသောအနှစ်ရှိသည့် ကြက်ဥတို့အကြား စားသုံးသူ၏ရွေးချယ်မှုမှာ ကွဲပြားသွား မည်သာဖြစ်သည်။ ထို့အတူ ကြက်ဥခွံ၏ထူထဲမှု၊ အနံ့အသက်ကင်းစင်မှု၊ လတ်ဆတ်မှုနှင့် ကြက်သား၏ အသားအရောင်၊ အရသာ (Eating Quality) အစရှိသည်တို့သည် ထုတ်ကုန်တစ်ခု၏ ဆွဲဆောင်မှုကို အဆုံးအဖြတ် ပေးပါသည်။ သို့ဖြစ်ရာ မွေးမြူရေးလုပ်ငန်းရှင်များ အနေဖြင့် မွေးမြူရေးဧကတိုးချဲ့ခြင်း၊ ကြက်ကောင် ရေတိုးမြှင့်ခြင်းစသည့် အရေအတွက်ပိုင်းဆိုင်ရာ တိုးချဲ့မှုများအပြင် ပန်းတိုင်အထွက် နှုန်းပြည့်မီရေး၊ ဥနှုန်းကောင်းမွန်ရေး၊ သားပေါက်နှုန်းနှင့် စံကိုက်အရွယ်အစားရရှိရေးတို့အတွက် နည်းစနစ်ကျကျ ပြောင်းလဲလုပ်ဆောင်ကြရမည်ဖြစ်သည်။

အရည်အသွေးကောင်းမွန်သော အခြေခံ ထုတ်ကုန်များရရှိလာပြီဆိုပါက ထိုမှတစ်ဆင့် တန်ဖိုးမြှင့်ထုတ်ကုန်များ (Value-added Products) အဖြစ်သို့ အဆင့်မြှင့်တင်ရန် လွယ်ကူသွားမည် ဖြစ်သည်။ ဥပမာ - ကြက်အူချောင်း၊ ကြက်သားပြား၊ ကြက်သားအမှုန့် အစရှိသည့် ကြာရှည်ခံထုတ်ကုန် များအဖြစ် စနစ်တကျ ထုပ်ပိုးထုတ်လုပ်နိုင်ပါက ပြည်တွင်းဈေးကွက်သာမက ပြည်ပဈေးကွက်အထိပါ ထိုးဖောက်ဝင်ရောက် နိုင်မည်ဖြစ်သည်။

ဒေသတွင်း ကုန်ကြမ်းအသုံးပြုမှုနှင့် ကုန်ကျစရိတ်စီမံခန့်ခွဲခြင်း

မွေးမြူရေးလုပ်ငန်းများ အောင်မြင်ရန်အတွက် အဓိကစိန်ခေါ်မှုတစ်ရပ်မှာ အစာဖိုးကုန်ကျစရိတ်ဖြစ်သည်။ ကြက်မွေးမြူရေးတွင် စုစုပေါင်း ကုန်ကျစရိတ်၏ ၇၀ ရာခိုင်နှုန်းခန့်သည် တိရစ္ဆာန်အစာအတွက် သုံးစွဲရခြင်းဖြစ်သည်။ ဤနေရာတွင် ကျွန်ုပ်တို့နိုင်ငံ၏အားသာချက်ကို အမိအရ အသုံးချရန် လိုအပ်ပါသည်။ မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသောနိုင်ငံဖြစ်သည့်အားလျော်စွာ စပါး၊ ပြောင်း၊ မြေပဲ၊ နှမ်း၊ ပဲအမျိုးမျိုးတို့ကို နှစ်စဉ် တန်ချိန်သန်းနှင့်ချီ၍ စိုက်ပျိုးထုတ်လုပ်လျက်ရှိသည်။

ထိုစိုက်ပျိုးရေး လုပ်ငန်းများမှ ထွက်ရှိလာသော ဘေးထွက်ပစ္စည်းများဖြစ်သည့် ဆန်ကွဲ၊ ဖွဲနု၊ ပြောင်းဖူးစေ့၊ ပဲဖတ်၊ နှမ်းဖတ်အစရှိသည်တို့ကို တိရစ္ဆာန်အစာအဖြစ် စနစ်တကျ ဖော်စပ်အသုံးပြု ခြင်းဖြင့် သွင်းကုန်အစာများအပေါ် မှီခိုနေရမှုကို သိသိသာသာ လျှော့ချနိုင်မည်ဖြစ်သည်။ ဒေသတွင်း ထွက်ရှိသောကုန်ကြမ်းများကို အနည်းဆုံး ၇၀ ရာခိုင်နှုန်းခန့် ပြန်လည်အသုံးပြုပြီး မွေးမြူရေးအစာများ ထုတ်လုပ်နိုင်မည်ဆိုပါက မွေးမြူရေး သမားများအတွက် ကုန်ကျစရိတ်သက်သာစေရုံ သာမက စိုက်ပျိုးရေး တောင်သူများအတွက်လည်း ၎င်းတို့၏ ဘေးထွက်ပစ္စည်းများအတွက် ခိုင်မာသောဈေးကွက်တစ်ခု ဖန်တီးပေးပြီးသားဖြစ်သွားမည်။ ဤသည်မှာ စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍနှစ်ခုအကြား အပြန်အလှန် အကျိုးပြုနေသည့် ချိတ်ဆက် မှုယန္တရားပင်ဖြစ်သည်။

မည်မျှပင် ဈေးကွက်ကောင်းစေကာမူ အခြေခံ အုတ်မြစ်မခိုင်မာပါက ရေရှည်ရပ်တည်ရန်မဖြစ်နိုင်ပေ။ ကြက်မွေးမြူရေးတွင် မျိုးသည်အသက်ဖြစ်သည်။ မျိုးဗီဇမကောင်းသောကြက်ကို မည်မျှပင် အစာကောင်းကျွေးကျွေး မျှော်မှန်းထားသည့် အထွက်နှုန်းကိုရနိုင်မည်မဟုတ်ပေ။ ထို့ကြောင့် ဒေသဥတုရာသီနှင့် ကိုက်ညီပြီး ရောဂါဒဏ်ခံနိုင်ရည် ရှိသော၊ ဥနှုန်းကောင်းမွန်သော (သို့မဟုတ်) အသားတိုး နှုန်းကောင်းမွန်သော မျိုးကောင်းမျိုးသန့်များကို စနစ်တကျ ရွေးချယ်မွေးမြူရန်လိုအပ်သည်။ မျိုးရင်း များမပျောက်ပျက်စေရေးနှင့် ပိုမိုကောင်းမွန်သော မျိုးသစ်များရရှိရေးအတွက် သုတေသနလုပ်ငန်းများကို စဉ်ဆက်မပြတ် လုပ်ဆောင်နေ ရမည်ဖြစ်သည်။

ထို့အပြင် ကြက်များကျန်းမာစွာကြီးထွားနိုင်ရန် သင့်လျော်သောအပူချိန်၊ လေဝင်လေထွက်နှင့် အလင်းရောင်ရရှိသည့်ခြံများ တည်ဆောက်ရန် လိုအပ်သည်။ ထို့အပြင်ရောဂါဘေးအန္တရာယ်မှ ကာကွယ်နိုင်ရန် ဇီဝလုံခြုံရေး (Biosecurity) စနစ် များကိုစနစ်တကျ တပ်ဆင်ထားရှိရမည်။ ခြံပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှုများလည်း လိုအပ်ပါသည်။

ကြက်မွေးမြူရာတွင်လည်း ရိုးရာမွေးမြူရေး နည်းစနစ်များမှသည် ခေတ်မီသိပ္ပံနည်းကျ မွေးမြူရေးစနစ်များသို့ ကူးပြောင်းရန်လိုအပ်သည်။ အစာကျွေးနှုန်းတွက်ချက်ခြင်း၊ ကာကွယ်ဆေးထိုး အစီအစဉ်များရေးဆွဲခြင်း၊ အပူချိန်ထိန်းချုပ်စနစ်များအသုံးပြုခြင်း အစရှိသည့် နည်းပညာများကို ကျွမ်းကျင်စွာအသုံးချနိုင်ရမည်။ ပြောင်းလဲလာသော ရာသီဥတုနှင့် ပတ်ဝန်းကျင်အခြေအနေများအပေါ် မူတည်၍မိမိတို့၏ မွေးမြူရေးနည်း စနစ်များကို အမြဲမပြတ်လေ့လာသုံးသပ်ပြီး လိုအပ်သလို ပြင်ဆင် မွမ်းမံနေရန် လိုအပ်ပါသည်။

ပြည်ပဈေးကွက် အခွင့်အလမ်း

ပြည်တွင်းဖူလုံရေးအတွက် ဆောင်ရွက်ရင်း တစ်ဖက်တွင်လည်း ပြည်ပဈေးကွက်သို့ ထိုးဖောက်နိုင်ရန် မျှော်မှန်းရမည်ဖြစ်သည်။ ဥပမာအားဖြင့် အိမ်နီးချင်းတရုတ်နိုင်ငံသည် ၎င်း၏ကြီးမားလှသော လူဦးရေအတွက် ပြည်တွင်းထုတ်လုပ်မှုနှင့် မလုံလောက်သဖြင့် အီရန်ကဲ့သို့သော ဝေးလံသည့်နိုင်ငံများမှပင် ကြက်ဥများကို သန်းနှင့်ချီ၍ မှာယူတင်သွင်းနေရသည်။ အလားတူပင် ရုရှားနိုင်ငံသည်လည်းပြည်ပမှ ကြက်ဥများစွာကို နှစ်စဉ်တင်သွင်း နေရသည်။ တရုတ်နိုင်ငံဆိုလျှင် ကြက်ဥသာမက ကြက်၊ ဝက်၊ ဆိတ်၊ အမဲသား၊ ငါး အစရှိသည့် စားရေ ရိက္ခာများကို ပြည်ပမှ အမြောက်အမြား တင်သွင်း နေရသည့် ကြီးမားသောဈေးကွက်ကြီးတစ်ခုအဖြစ် တည်ရှိနေပါသည်။

ဤသည်မှာ မြန်မာနိုင်ငံအတွက် ရွှေရောင်အခွင့်အရေးပင်ဖြစ်သည်။ မိမိတို့ဘက်မှ သတ်မှတ်ထားသော အရည်အသွေး စံချိန်စံညွှန်းများနှင့်အညီ လိုအပ်သည့်ပမာဏကို အာမခံချက်ရှိရှိ ပေးစွမ်းနိုင် မည်ဆိုပါက ထိုဈေးကွက်ကြီးများဆီသို့ အချိန်မရွေး တင်ပို့နိုင်မည်ဖြစ်သည်။

ထို့ကြောင့် ဈေးကွက်ရှိနေပါလျက်နှင့် ပစ္စည်းမရှိ၍ လွဲချော်ရသည့်အဖြစ်မျိုးမကြုံတွေ့စေရန်ထုတ်လုပ် နိုင်စွမ်းအား (Production Capacity) ကို ကြိုတင် ပြင်ဆင်မြှင့်တင်ထားရန် အထူးလိုအပ်လှပါသည်။

ကြက်နှင့် ကြက်ဥ မွေးမြူထုတ်လုပ်ရေး လုပ်ငန်းသည် မြန်မာနိုင်ငံ၏ စီးပွားရေးလည်ပတ်မှု ယန္တရားတွင် အရေးပါသောအစိတ်အပိုင်းမှ ပါဝင်နေပါသည်။ နေ့စဉ်ကြုံတွေ့နေရသော ပြည်တွင်းစားရေရိက္ခာ လိုအပ်ချက်ကို ဖြည့်ဆည်းပေးရုံ သာမက စနစ်တကျသာ စီမံခန့်ခွဲနိုင်ပါက နိုင်ငံခြား ဝင်ငွေရှာဖွေပေးနိုင်သည့် မဟာဗျူဟာမြောက် ကဏ္ဍတစ်ခုဖြစ်လာနိုင်ပါသည်။ ထိုသို့ဖြစ်လာစေ ရန်အတွက် မွေးမြူရေးတောင်သူများ အနေဖြင့် အရေအတွက်ကိုသာမက အရည်အသွေးကိုပါ အလေးထားရန်၊ ပြည်တွင်းထွက် ကုန်ကြမ်းများကို အကျိုးရှိစွာအသုံးချရန် လိုအပ်ပါသည်။ အခြားတစ်ဖက်တွင်လည်း သက်ဆိုင်ရာ ဌာနဆိုင်ရာများမှ ဝန်ထမ်းများကပါ မြေပြင်အချက်အလက်များကို တိကျစွာစစ်တမ်းကောက်ယူသုံးသပ်ပြီး လိုအပ်သော နည်းပညာနှင့် မူဝါဒပိုင်းဆိုင်ရာပံ့ပိုးမှုများကို အချိန်နှင့်တစ်ပြေးညီ ဖြည့်ဆည်းပေးကြ ရမည်ဖြစ်သည်။

အားလုံးက ဟန်ချက်ညီညီ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြမည်ဆိုပါက မြန်မာ့ကြက်မွေးမြူရေး ကဏ္ဍသည် အခြေခံဖူလုံမှုဟူသောအဆင့်ကို ကျော်လွန်၍ ပြည်ပပို့ကုန်အဖြစ် နိုင်ငံ့စီးပွားရေးကို တက်ကြွစွာမောင်း နှင်ပေးမည့် အင်အားကြီးမားသော စီးပွားရေးမောင်းနှင်အားတစ်ရပ်အဖြစ် မလွဲမသွေပေါ်ထွန်းလာမည် ဖြစ်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။ ။

No comments:

Post a Comment