စစ်တွေ အောက်တိုဘာ ၃
ကမ္ဘာ့စာပို့တိုက်နေ့အထိမ်းအမှတ်၊ (၅၅)ကြိမ်မြောက် နိုင်ငံတကာလူငယ်များ ပေးစာရေးပြိုင်ပွဲ(ပြည်တွင်းအဆင့်)ပထမဆုရရှိသော စစ်တွေမြို့၊ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းမှ မပြုံးသက်ပိုင်ထွန်းအား ဂုဏ်ပြုစကားဝိုင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ဦးဥတ္တမခန်းမ၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦးနှင့်ဇနီး ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်ထက်စန္ဒာကျော်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် မိဘများ တက်ရောက်ကြသည်။
ဦးစွာ ရခိုင်ယဉ်ကျေးမှုအဖွဲ့က “စိုင်လာထွန်းလီ” သီချင်းဖြင့်
ကပြဖျော်ဖြေကြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ယနေ့ကျင်းပသည့်အခမ်းအနားသည် ကမ္ဘာ့စာပို့တိုက်နေ့အထိမ်းအမှတ်
(၅၅) ကြိမ်မြောက် နိုင်ငံတကာလူငယ်များပေးစာရေးပြိုင်ပွဲတွင် ပထမဆုရရှိသည့် စစ်တွေမြို၊
အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းမှ Grade-9
ကျောင်းသူ မပြုံးသက်ပိုင်ထွန်းအား ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ဝမ်းမြောက်ဂုဏ်ယူစွာဖြင့်
ဂုဏ်ပြုပေးသည့် ဂုဏ်ပြုစကားဝိုင်းအခမ်းအနားဖြစ်ကြောင်း၊ ၂၀၂၆ ခုနှစ်၊ ကမ္ဘာ့စာပို့နေ့အထိမ်းအမှတ်အဖြစ်ကျင်းပသည့်
အသက်(၉)နှစ်ပြည့်ပြီး အသက်(၁၅)နှစ်အောက် နိုင်ငံတကာလူငယ်များ ပေးစာရေးပြိုင်ပွဲကို
မြန်မာနိုင်ငံမှ ကျောင်းသား၊ ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်နိုင်ရေးအတွက်ရည်ရွယ်ပြီး
ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနနှင့်
ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်နေ့မှာ
မြန်မာနိုင်ငံတစ်ဝန်းရှိ အခြေခံပညာကျောင်းများတွင် ကျင်းပခဲ့ကြောင်း၊ ပညာရေးသည် ကျောင်းသား၊
ကျောင်းသူတစ်ဦးချင်းစီ၏ ဘဝရည်မှန်းချက်များ အကောင်အထည်ဖော်ဆောင်နိုင်ရန် အရည်အချင်းဖြစ်သကဲ့သို့၊
နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုနိုင်သော လိုအပ်ချက်ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်အတွင်းရှိ
ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ယခုကဲ့သို့ ပြည်နယ်ဂုဏ်ဆောင်နိုင်ကြအောင် ကြိုးစားကြရန်
တိုက်တွန်းမှာကြားလိုကြောင်း၊ မိဘ၊ ဆရာများအနေဖြင့် ရည်မှန်းချက်ကြီးကြီးမားမားထားကာ
မိမိ၏သားသမီးများကို ပြုစုပျိုးထောင်ပေးကြရန် မှာကြားလိုကြောင်း၊ ထူးချွန်သမီးငယ် မပြုံးသက်ပိုင်ထွန်းအနေဖြင့်လည်း
ဆက်လက်လျှောက်လှမ်းရမည့် ပညာရေးခရီးကို ဉာဏ်ပညာ၊ လုံ့လဝိရိယနှင့် ရှေ့ဆက်ကာ အလေ့အကျင့်အတွေ့အကြုံကောင်းများနှင့်အတူ
ပညာပြည့်ဝနှလုံးလှသော နိုင်ငံတော်က အားကိုးအားထားပြုရသည့် သမီးကောင်းရတနာလေးဖြစ်လာအောင်
ကြိုးပမ်းအားထုတ်သွားရမည်ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် မပြုံးသက်ပိုင်ထွန်းအား ဂုဏ်ပြုစကားဝိုင်းကိုကျင်းပရာ စစ်တွေတက္ကသိုလ်
အဏ္ဏဝါဗေဒဌာနမှ ကတိက ဒေါက်တာဝင်းထက်စံက ဦးဆောင်ဆွေးနွေးသူ (Moderator) အဖြစ်ဆောင်ရွက်ပြီး ကမ္ဘာ့စာပို့တိုက်နေ့အထိမ်းအမှတ်၊
(၅၅)ကြိမ်မြောက် နိုင်ငံတကာလူငယ်များပေးစာရေးပြိုင်ပွဲ (ပြည်တွင်းအဆင့်) ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန်အတွက်
ပြည်နယ်အဆင့်အကဲဖြတ်အဖွဲ့ ဆရာ၊
ဆရာမများနှင့် မပြုံးသက်ပိုင်ထွန်းတို့က ဆွေးနွေးပြောကြားကြပြီး တက်ရောက်လာကြသည့်
ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းဖြေကြားခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ကမ္ဘာ့စာပို့တိုက်နေ့အထိမ်းအမှတ်၊
(၅၅)ကြိမ်မြောက် နိုင်ငံတကာလူငယ်များ ပေးစာရေးပြိုင်ပွဲ
(ပြည်တွင်းအဆင့်)ပထမဆုရရှိသော မပြုံးသက်ပိုင်ထွန်းအား ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်သည်။
ဆက်လက်ပြီး အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသူများက
“အလှကမ္ဘာမြေ” သီချင်းဖြင့် ကပြဖျော်ဖြေပေးကြပြီး ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယကက စကားဝိုင်းတွင် ပါဝင်ဆွေးနွေးပေးကြသော ဆရာ၊ ဆရာမများနှင့် ကပြဖျော်ဖြေပေးသူများအား
ချီးမြှင့်ငွေများပေးအပ်သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အခမ်းအနားသို့ တက်ရောက်လာကြသည့်
ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းသားမိဘများအား ရင်းရင်းနှီးနှီး
တွေ့ဆုံနှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။
တင်ထွန်း
(ပြန်/ဆက်)
No comments:
Post a Comment